လမ်းပန်းဆက်သွယ်ရေး


အောက်မြန်မာနိုင်ငံ သထုံခရိုင်၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်တွင် နေထိုင်ကြသော ပအိုဝ်းကျေးရွာများသည် မြေပြန့်ဒေသတွင် ဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းသည်ဟု ဆိုနိုင်ပေသည်။ အောက်မြန်မာနိုင်ငံ ပအိုဝ်းကျေးရွာများသည် ကားလမ်းဖြင့်သာမက ရထားလမ်းဖြင့်လည်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်ကြသည်။

ပအိုဝ်းတိုင်းရင်းသား အများစု နေထိုင်ရာ ရှမ်းပြည်တောင်ပိုင်းတွင်မူကား မော်တော်ကားလမ်းကိုသာ အားထားရသည်။ အချို့ကျေးရွာများမျာ ကားလမ်းနှင့် ဆက်သွယ်ရန်ပင် ခဲယဉ်းသည်။ ရှိသောကားလမ်းမှာလည်း လမ်းကြမ်းများသာ ဖြစ်ကြ၏။ အဓိကကားလမ်းမကြီးသည် ပအိုဝ်း တိုင်းရင်းသားများ နေထိုင်ရာအရပ်၏ အလယ်ဗဟိုကို အရှေ့--အနောက် ဖြတ်သန်းထားပြီး ကလောမြို့မှ သံလွင်မြစ် အနောက်ဘက်ကမ်းခြေ တာရောအထိ မိုင်ပေါင်း ၂၁၂ မိုင် ရှည်လျားသည်။

ယင်းကားလမ်းမကြီးမှ တောင်ဘက်သို့ ခွဲထွက်သော ကားလမ်းမှာ အောင်ပန်း၊ ပင်လောင်းမှ လွိုင်ကော်အထိ ၁၀၈ မိုင်ရှိသည်။ ဤလမ်းတစ်လျှောက်တွင် ပအိုဝ်းတိုင်းရင်းသား အများဆုံး နေထိုင်လျက် ရှိကြသည်။ ဤလမ်းကို အနောက်လမ်းဟု ခေါ်သည်။ တောင်ကြီး - ဆီဆိုင် - လွိုင်ကော် ကားလမ်းမှာ ၉၁ မိုင်ရှည်လေသည်။ ဤလမ်းကို အရှေ့လမ်းဟု ခေါ်၏။ နမ့်စံ - မိုးနဲ - မောက်မယ်လမ်းမှာ ၅၇ မိုင် ရှည်သည် ထို့ပြင် အောင်ပန်းမှ မြောက်ဘက်သို့ ခွဲထွက်သော လမ်းတစ်လမ်းမှာ အောင်ပန်း - ပင်းတယ - ရပ်စောက်လမ်း ဖြစ်ပြီး ၅၆ မိုင် ရှည်၏။ ၄င်းလမ်းတွင် ကျုံးမှ ခွဲထွက်သော ရွာငံ - ရေဦးလမ်း ရှိသည်။ နောက်တစ်လမ်းသည် လွိုင်လင် - ပင်လုံ - မိုင်းကိုင် - ကျေးသီးမန်းစံ လမ်းဖြစ်ပြီး ၁၀၂ မိုင် ရှည်သည်။ ဤလမ်းမကြီးသည် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ လားရှိုးသို့ ဆက်သွယ်နိုင်သော လမ်းဖြစ်သည်။ ဟိုပုံး - နောင်ခါး - မဲနယ်တောင်လမ်း၊ ဟိုပုံး - ထမ်းဆမ်း - ကျောက်တန်း လမ်းလည်း ရှိသေးသည်။ ဤလမ်းမှာ လမ်းကြမ်းဖြစ်၏။ ထို့ပြင် ရွှေညောင်၊ ညောင်ရွှေ၊ မိုင်းသောက်သို့ လမ်းတစ်လမ်း ရှိသေးသေည်။ ဤကားလမ်းများ ၀ဲယာတစ်လျှောက်တွင် ပအိုဝ်းကျေးရွာများကို တွေ့နိုင်ပေသည်။

အထက်ပါ ကားလမ်းများသည် အချိန်ရာသီမရွေး သွားလာနိုင်ပြီး ရှမ်းပြည်တောင်ပိုင်း၏ အဓိကကားလမ်းများ ဖြစ်ကြလေသည်။ အချို့ဒေသများ၌ ကားလမ်းမကြီးများဆီသို့ ဆက်သွယ်ရန် ဖောက်လုပ်လျှက်ရှိပေသည်။ သို့သော် ခရီးကြမ်းပြီး သွားလာရန်ခက်ခဲ၏။ အချို့ကားလမ်းများမှာ နွေရာသီ၌သာ သွားလာနိုင်ပြီး မိုးရာသီ၌ လုံးဝအသုံးမပြုနိုင်ချေ။

နိုင်ငံတော်အစိုးရသည် အရပ်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးမှုကို ရှေးရှု၍ ဖွံ့ဖြိုးရေးလမ်းများကို ဖောက်လုပ်ပေးလျက်ရှိသည်။ ပင်လောင်းမြို့နယ်တွင် ပင်လောင်းမှ ပေါင်းလောင်းသို့ လည်းကောင်း၊ ဥာဏ်ပင်စခန်းမှ ဘုရားဖြူသို့ လည်းကောင်း၊ တီကျစ်မှ လုံးပိုးသို့ လည်းကောင်း၊ ကလောမြို့နယ်တွင် အောင်ပန်းမှ ပင်မှီသို့လည်းကောင်း ဖောက်လုပ်ပေးလျက် ရှိသည်။ ဤလမ်းများအပြင် ကားလမ်းမကြီးများနှင့် ဆက်သွယ်နိုင်စေရန် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စုပေါင်းဖောက်လုပ်ထားသော ကားလမ်းများလည်း ရှိသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် တစ်နေရာမှ တစ်နေရာသို့ ကုန်ကူးသန်းရောင်းဝယ်ရာတွင် အထက်ပါ ကားလမ်းများကိုသာ သုံးကြရသည်။ မိုးဗြဲ ရေကာတာ စီမံကိန်းကြောင့် တောင်ပေါ်ပင်လယ်ဟု ခေါ်ဆိုနိုင်လောက်အောင် ကျယ်ပြန့်ရှည်လျားသည့် ရေကြောင်းတွင် ညောင်ရွှေမှ မိုးဗြဲအထိ လှေသမ္ဗန်များ သွားလာနိုင်သည်။

ပအိုဝ်းတိုင်းရင်းသား ၈၀ ရာခိုင်နှုန်းသည် တောနေလူတန်းစားများ ဖြစ်ကြသည်။ ထို့ကြောင့် မိမိလုပ်အားကြောင့် ရရှိလာသော ထွက်ကုန်ပစ္စည်းများကို ကားလမ်းမကြီးဆီသို့ လှည်းဖြင့်လည်းကောင်း၊ နွားဝန်တင်၊ မြင်းဝန်တင်၊ လားဝန်တင်၊ အထမ်း အစရှိသည်တို့ဖြင့် ခက်ခဲစွာ ပို့ဆောင်ကြရသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့ နေထိုင်ကြသော ကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းနေသေးသည်ဟု ဆိုနိုင်ပေသည်။ သက်ဆိုင်ရာမှနေ၍ တောင်ပေါ်ပအိုဝ်း တိုင်းရင်းသားတို့၏ စီးပွားရေး ဖွံ့ဖြိုးလာစေရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းရန် လိုအပ်နေပေသေးသည်။

0 comments:

Post a Comment