အရောင်းအ၀ယ်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့ကြီးရွာကြီးများ၏ ငါးရက်တစ်ပတ် ဈေးများတွင် အ၀တ်နက် ၀တ်ဆင်ပြီး ပလိုင်း၊ တောင်း၊ ခြင်း စသည်တို့ကို လွယ်ကာပိုးကာ ရောင်းဝယ်နေကြသူတို့မျာ ပအိုဝ်းတိုင်းရင်းသားများပင် ဖြစ်ကြသည်။ ရွာကြီးများတွင် ငါးရက်တစ်ဈေးသာ ရှိခြင်းမှာ ဈေးဝယ်မည့် လူဦးရေ မများခြင်း၊ မိသားစုအနေဖြင့် ဈေးသို့အမြဲလာနေပါက အလုပ်ခွင် ထိခိုက်နိုင်ခြင်းနှင့် ခရီးလမ်းပန်း ခက်ခဲခြင်းတို့ဖြစ်ကြောင်း တွေ့ရပေသည်။

ငါးရက်တစ်ကြိမ် ဈေးနေ့များတွင် မိမိတို့ တောင်ယာစိုက်ခင်းထွက် ပစ္စည်းများ၊ အိမ်တွင်းမှုပစ္စည်းများ၊ အ၀တ်တန်ဆာများနှင့် အခြားလူသုံးကုန် ပစ္စည်းများကို ရောင်းဝယ်ကြလေသည်။ ဈေးနေ့များတွင် အဓိကအားဖြင့် စားသုံးရန် အစားအသောက်များကို ဈေးတစ်ပတ်စာ ၀ယ်ယူကြလေသည်။ ရစရာ ပေးစရာနှင့် အခြားကိစ္စများကိုလည်း ဈေးနေ့များတွင်သာ ချိန်းဆိုတတ်ကြလေသည်။ ဈေးနေ့များသည် ပွဲတော်ကြီးသဖွယ် စည်ကားလှ၏။ အထူးသဖြင့် ၀ါတွင်းသုံးလအချိန်များတွင် ဈေးပို၍စည်ကားလေသည်။

ပအိုဝ်းတိုင်းရင်းသားတို့ ရောင်းဝယ်ရေးတွင် အသုံးပြုသော အလေး၊ တင်း၊ တောင်း၊ အခြင်အတွယ်များမှာ မြန်မာ၊ ရှမ်းတိုင်းရင်းသားများကဲ့သို့ပင် ဖြစ်၏။ သို့ရာတွင် သနပ်ဖက်၊ သစ်တော့သီး၊ လိမ္မော်သီး စသည့်ကုန်များကို ချိန်တွယ်ရာတွင်မူ “ လီ ” ခေါ် ချိန်ခွင်တစ်မျိုးကို အသုံးပြုကြလေသည်။ “ လီ ” သည် တရုတ်ချိန်ခွင်နှင့် သဘောဆင်ပေသည်။ ချိန်ခွင်ခွက် တစ်ခွက်သာပါသည့် “ စွဲ ” ခေါ် ချိန်ခွင်ကိုလည်း သုံးကြ၏။

ပအိုဝ်းတောင်သူဦးကြီးများသည် မိမိတို့ တောင်ယာထွက်ကုန်နှင့် ခြံထွက်ပစ္စည်းများကို မြို့နေကုန်သည် ပွဲစားများထံ ရောင်းချရာ၌ ဈေးနှိမ်၍ ၀ယ်ယူခြင်း ခံရလေသည်။ အချို့ကုန်သည် ပွဲစားများသည် တောင်ယာစိုက်ခင်းများသို့ သွားရောက်၍ ကြိုတင်ငွေများပေးကာ ပစ္စည်းကောက်ယူ လေသည်။ မိမိတို့လက်ဝယ် ရောက်ရှိလာသော ကုန်ပစ္စည်းများကို ပြည်မသို့ တင်ပို့ရောင်းချကြလေသည်။ ထို့ကြောင့် အရောင်းအ၀ယ် လုပ်ကိုင်သော ကုန်သည်ပွဲစားများသာ ကြီးပွားချမ်းသာကြသည်ကို တွေ့ရပေသည်။

ပအိုဝ်း တိုင်းရင်းသားတို့သည် အလုပ်ကြိုးစားသူများပင် ဖြစ်၏။ သို့သော်လည်း လူမျိုးစုအတွင် အချင်းချင်း ခေါင်းပုံဖြတ်မှုများ ရှိနေသဖြင့် မိမိတို့ လုပ်သလောက် အကျိုးမခံစားရသည်ကို တွေ့ရပေသည်။

0 comments:

Post a Comment