လက်ဖက်စို

လက်ဖက်စို ပြုလုပ်ရန်အတွက် ခူးပြီးသော လက်ဖက်ရွက်နုများကို မီးပေါ်တွင်တင်၍ လှော်ရ၏။ နွမ်းအိလာသောအခါ ဖျာကြမ်းပေါ်တွင် လက်ဖြင့်လိပ်ရ၏။ ထိုနောက် အရည်များထွက်သွားရန် လက်ဖြင့် ညှစ်ထုတ်ရ၏။ ဤသို့ပြုလုပ်ခြင်းဖြင့် အဖန်ဓာတ်၊ အခါးဓာတ်ကိုလည်း သက်သာစေသည်။

ဤသို့လိပ်ပြီးသော လက်ဖက်များကို ပုတ်ထဲတွင်လည်းကောင်း၊ ၀ါးဘူးထဲတွင်လည်းကောင်း၊ ခြင်းထဲတွင်လည်းကောင်း သိပ်ထားရသည်။ သိပ်ရာတွင်လည်း လေလုံရန် အရေးကြီး၏။ ပြီးလျှင်ရေစိမ်ထားရသည်။ ၀ါးဘူးထဲတွင် သိပ်ထားပါက ၀ါးဘူးကို ပိတ်ဆို့ထားရ၏။ ထို့နောက် ရေတွင် စိမ်၍ လည်းကောင်း၊ မြေထဲတွင် လည်းကောင်း မြှုပ်ထားရ၏။ ဤကား လက်ဖက်စိုလုပ်နည်း ဖြစ်၏။

ပအိုဝ်း တိုင်းရင်းသားတို့သည် လုပ်ငန်းတစ်မျိုးတည်းကိုသာ လုပ်ခြင်းမရှိဘဲ လက်ဖက်၊ လယ်ယာ၊ အာလူး၊ သနပ်ဖက် စသည်တို့ကိုပါ စိုက်ပျိုးလုပ်ကိုင် ကြ၏။ ထိုနောက် အားလပ်ခြင်း မရှိသဖြင့် လက်ဖက်ခူးသည့် အလုပ်အားသည့် တပေါင်း၊ တန်ခူးလတွင်သာ ပို၍လုပ်ကိုင်ကြသည်။

လက်ဖက်လုပ်ငန်းနှင့် ပတ်သက်၍ ပအိုဝ်းတိုင်းရင်းသားတို့ ရင်ဆိုင်နေရသော ပြဿနာမှာ လက်ဖက်ကို ဖျက်ဆီးတတ်သော “ မှော် ” တစ်မျိုး၏ ရန်ပင်ဖြစ်သည်။ ယင်းမှော်စွဲကပ်သော အပင်သည် ရွက်နုမထွက်တော့ဘဲ တဖြည်းဖြည်း ခြောက်ပြီး သေသွား၏။

လက်ဖက်ပင်များ၏ ပျမ်းမျှသက်တမ်းမှာ နှစ်ပေါင်း ၃၀ ခန့်ဖြစ်၏။ ရွက်နုများ မကြာခဏ ခူးယူသဖြင့် အပင်ကြီးထွားမှုကို နှောင့်နှေးစေသည်။ အပင်များ၏ ပျမ်းမျှအမြင့်သည် ၅ ပေခန့်ရှိ၏။ တစ်ပင်နှင့်တစ်ပင် လေးပေကွာ စိုက်ပါက တစ်ဧကလျှင် အပင်ပေါင်း ၂၇၀၀ ခန့် စိုက်နိုင်၏။ ပအိုဝ်း တိုင်းရင်းသားတို့သည် လုပ်ငန်းစုံ လုပ်ကိုင်သဖြင့် လက်ဖက်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ကိုင်သေးပေ။ အိမ်ထောင် တစ်အိမ်ထောင်လျှင် ပျမ်းမျှအပင် ၃၀၀၀ ခန့်သာ ပိုင်ဆိုင်ကြ၏။

လက်ဖက်လုပ်ငန်းကို ရှမ်းပြည်တောင်ပိုင်း ပင်လောင်မြို့နယ်တွင် အများဆုံးလုပ်ကိုင်ကြသည်။ ပင်းလောင်းမြို့နယ်မှ ထွက်သော လက်ဖက်၏ ၉၅ ရာခိုင်နှုန်းသည် ပအိုဝ်း တိုင်းရင်းသားများက စိုက်ပျိုးထုတ်လုပ်ကြ၏။ နောင်တောင်၊ ကျန်းစန်းတောင်၊ ရပ်စောက်၊ ကလော၊ လွိုင်လင်၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီးမန်းစံ၊ မိုင်းရှူး စသော မြို့နယ်များတွင် နေထိုင်သည့် ပအိုဝ်းတိုင်းရင်းသားများကလည်း အသင့်အတင့် စိုက်ပျိုးထုတ်လုပ်ကြသည်။

0 comments:

Post a Comment