လက်ဖက်ခူးခြင်း

တပေါင်းလမှစ၍ တန်ခူး၊ ကဆုန်၊ နယုန်လအထိ လက်ဖက်ခူးနိုင်၏။ တန်ခူးလတို့တွင်ခူးသော လက်ဖက်သည် အရွက်နုချိန် ဖြစ်သောကြောင့် အကောင်းဆုံးပင် ဖြစ်သည်။ ထိုအချိန်တွင် ခူးသောလက်ဖက်ကို “ ရွှေဖီမိုးလွတ် ” ဟုခေါ်၏။

သင်္ကြန်မိုး တစ်ကြိမ်၊ နှစ်ကြိမ် ရွာပြီးသောအခါ မိုးရေကြောင့် ရွက်နုသန်လာပြီး အရွက်ကြီးလာ၏။ ဤအချိန်တွင် ခူး၍ပြုလုပ်သော လက်ဖက်ခြောက်သည် ပို၍ကြမ်း၏။ အရောင်အဆင်းလည်း သိပ်မလှပေ။ အနံ့အရသာလည်း ပေါ့၏။ လက်ဖက်ခူးသည့်အလုပ်ကို အမျိုးသမီးများကသာ ပြုလုပ်ကြသည်။

လက်ဖက်ခြောက်ပြုလုပ်ရန် လက်ဖက်ရွက်နုကို တစ်နှစ်လျှင် သုံးကြိမ် ခူးကြ၍ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးပင် ခူးကြသည်။ နွေရာသီတွင် ခူးသည့် ရွက်နုကို “ နွေရွက် ” ၊ မိုးရာသီတွင် ခူးသည့်ရွက်နုကို “ မိုးရွက်”၊ ဆောင်းရာသီတွင် ခူးသည့်ရွက်နုကို “ဆောင်းရွက်” ဟုခေါ်ကြသည်။

နွေရွက်တွင် တပေါင်း၊ တန်ခူးလများတွင် ခူးသည့်ရွက်နုကို “ ရွှေဖီမိုးလွတ် ” ဟုခေါ်၏။ သင်္ကြန်ကျပြီးမှ ခူးသောရွက်နုကို “ ရွှေဖီလား ” ဟုခေါ်၏။ နယုန်လမှ သီတင်းကျွတ်လထိ ခူးသည့်ရွက်နုကို “ ခိုင်ကောင် ” ဟုခေါ်၏။ တန်ဆောင်မုန်း၊ နတ်တော်လများတွင် ခူးသည့်ရွက်နုကို “ ခေါင်နိုင်” ဟုခေါ်သည်။ (ခိုင်ကောင်ခေါင်နိုင်မှာ ရှမ်းဘာသာ အခေါ်အဝေါ် ဖြစ်သည်။) နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးတွင် ရွက်နုများကို ခူး၍ပြုလုပ်သည့် လက်ဖက်ခြောက်များအနက် နွေရွက်ဖြစ်သည့် “ ရွှေဖီမိုးလွတ် ” မှာ အကောင်းဆုံးဖြစ်၏။ “ ရွှေဖီလား ” မှာ ဒုတိယ အကောင်းဆုံး ဖြစ်၏။ တတိယ အကောင်းဆုံးမှာ “ ခေါင်နိုင် ” (ဆောင်းရွက်) ဖြစ်သည်။ မိုးရွက်မှာ လူကြိုက်နည်းသည်။

0 comments:

Post a Comment