လက်ဖက်စိုက်ပျိုးခြင်း


လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းသည်လည်း ပအိုဝ်း တိုင်းရင်းသားတို့ ဒုတိယအများဆုံး လုပ်ကိုင်သော လုပ်ငန်းဖြစ်၏။ လက်ဖက်စိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းလည်း ပအိုင်း တိုင်းရင်းသားတို့၏ မိရိုးဖလာ လုပ်ငန်းတစ်ရပ်ဖြစ်၏။ လက်ဖက်ပင်ကို သေချာစွာ ပြုစုယုယနိုင်ပါက လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းမှာလည်း ၀င်ငွေကောင်းလှသည်။

လက်ဖက်ပင်များသည် အေးသောရာသီဥတုကို ကြိုက်နှစ်သက်၏။ ဆီးနှင်းပါး၍ လေကောင်းလေသန့် ကောင်းစွာရရှိသော တောင်စောင်း၊ တောင်ခါးပန်း တို့တွင် ဖြစ်ထွန်းသည်။ ဆီးနှင်းဒဏ်ကို မခံနိုင်သဖြင့် စိုက်ပျိုးခါစ အပင်ငယ်များကို အကာအကွယ် တစ်ခုခုဖြင့် ဖုံးအုပ်ထားရ၏။

စိုက်ပျိုးထားသော အပင်ပတ်ပတ်လည်တွင် ပေါင်းမြက်များ မရှိစေရန် ရှင်းလင်းထားရ၏။ လက်ဖက်ပင်များအကြားတွင် မြေပွဖြစ်စေရန် အရေးကြီးသဖြင့် ထယ်ဖြင့်ဖြစ်စေ၊ ပေါက်ပြားဖြင့်ဖြစ်စေ တူးဆွရ၏။ တစ်နှစ်လျှင်တစ်ကြိမ်၊ နှစ်ကြိမ်အထိ တူးဆွကြသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရွက်နုများ အစဉ်မပြတ်ထွက်လာသည်။

လက်ဖက်ပင်သည် မြေနီရှိသော ပင်လောင်းမြို့နယ် ပတ်ဝန်းကျင် တောင်ရိပ်တောင်စောင်းတွင် အများဆုံး ဖြစ်ထွန်းလေသည်။ သို့သော်မြေဖြူတွင် စိုက်ပျိုးထားသော လက်ဖက်လောက် အရောင်မလှပေ။ အနံ့အရသာလည်း မကောင်းပေ။ ပင်လောင်းမြို့နယ် “ ဆောင်းဆီး ” ကျေးရွာပတ်ဝန်းကျင်တွင် မြေဖြူပေါများသောကြောင့် ထိုဒေသမှ ထွက်သောလက်ဖက်ခြောက်မှာ နာမည်ကြီးလေသည်။

လက်ဖက်ပင် စိုက်ပျိုးနည်းမှာ ပထမဦးစွာ မျိုးစေ့ကြဲ၍ ပျိုးထောင်ရ၏။ ပျိုးပင်များ ပေါက်လာသောအခါ နေပူဒဏ်၊ မိုးဒဏ်၊ ဆီးနှင်းဒဏ် စသည်တို့ကို ခံနိုင်ရန် အကာအကွယ် ပြုလုပ်ရ၏။ သုံးနှစ်ခန့်ကြာသောအခါ ပျိုးပင်ကို ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ ပြောင်းရွှေ့စိုက်ပျိုးပြီး နှစ်နှစ်၊ သုံးနှစ်ခန့်ကြာလျှင် လက်ဖက်ရွက်မှစ၍ ခူးနိုင်၏။ ရွက်နုများကို ခူးပေးနိုင်မှ ရွက်နုများထပ်၍ ထွက်လာပေမည်။

0 comments:

Post a Comment