အစားအစာ

ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းဆန်ကို အများဆုံးစားကြ၏။ အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသားတို့မှာမူ မြန်မာဆန်ကိုသာ စားကြ၏။ ပအိုဝ်းတိုင်းရင်းသားတို့သည် တစ်နေ့လျှင် သုံးကြိမ်ထမင်းစားကြသည်။ နံနက်စာကို ၆ နာရီမှ ၇ နာရီအတွင်းတွင် လည်းကောင်း၊ နေ့လည်စာကို နေ့ ၁၃ နာရီတွင် လည်းကောင်း၊ ညစာကို ၇ နာရီလောက်တွင် လည်းကောင်း စားသောက်ကြသည်။ ညနေစာကို လုပ်ငန်းခွင်မှ ပြန်လာသည့် အချိန်မှ ချက်ပြုတ်ကြရသဖြင့် မိုးချုပ်မှ စားကြရလေသည်။

ပအိုဝ်း တိုင်းရင်းသားတို့၏ အဓိကဟင်းလျာမှ ပဲပုပ်ဖြစ်သည်။ ပဲပုပ်သည် အေးမြသော ရှမ်းကုန်းပြင်မြင့် ရာသီဥတုနှင့် ကိုက်ညီလေသည်။ ပဲပုပ်ကို ရှမ်းတိုင်းရင်းသားများသာမက၊ ပအိုဝ်းတိုင်းရင်းသားတို့သည် ဟင်းချက်ရာတွင် ဆားကိုလည်းကောင်း၊ ငပိအစား ပဲပုပ်ကိုလည်းကောင်း အသုံးပြုကြလေသည်။ ဟင်းတွင် ငရုတ်သီးခပ်များများ ထည့်တတ်ကြသည်။

ဟင်းသီးဟင်းရွက်ကိုသာ စားသုံးမှုများပြီး သားငါး စားသုံးမှု နည်းလေသည်။ ဟင်းသီးဟင်းရွက်ကိုသာ အစားများခြင်းမှာ ဟင်းသီးဟင်းရွက်မှာ အလွယ်တကူ ရရှိနိုင်သောကြောင့် ဖြစ်၏။ သားငါးမှာ ရှားပါးသည့်ပြင် ဘာသာရေးအရ သားငါးစားလျှင် အပြစ်ရှိသည်ဟု ယူဆသောကြောင့် သားငါးကို စားသုံးမှု နည်းလေသည်။ ကျေးလက်ဒေသနေ ပအိုဝ်းအမျိုးသမီး ၅၀ ရာခိုင်နှုန်းသည် အများအားဖြင့် သတ်သတ်လွတ်စားကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့ အစားများသော ဟင်းသီးဟင်းရွက်များမှာ မုန်ညင်း၊ အာလူး၊ ပဲအမျိုးမျိုး၊ ဖရုံသီး၊ ဖရုံရွက် စသည်တို့နှင့် အခြားရာသီ သီးနှံများ ဖြစ်သည်။ ပအိုဝ်း ဟင်းလျာများတွင် ဆီကို အသုံးနည်း၏။ ယာခင်းထွက်သီးနှံများကိုသာ စားသုံးကြသဖြင့် ကုန်ကျစရိတ် သက်သာပြီး အိမ်ထောင်စု ၀င်ငွေကို တိုးစေသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ နှစ်သက်စဖွယ်ကောင်းသော ဓလေ့တစ်ခုမှာ နံနက်စာဖြစ်စေ၊ ညစာဖြစ်စေ “ အမ်းမွန်းဒဲဉ် ” ခေါ် ထမင်းဝိုင်းပွဲစား ဓလေ့ပင် ဖြစ်၏။ မိမိအိမ်မှ ချက်သည့် ထမင်းဟင်းကို ၀ိုင်းဖွဲ့စုပေါင်းစားလေ့ ရှိကြသည်။ ဤသို့ဝိုင်းဖွဲ့ စုပေါင်းစားကြခြင်းဖြင့် တစ်အိမ်နှင့်တစ်အိမ်၊ တစ်ယောက်နှင့် တစ်ယောက် ပို၍ခင်မင် ရင်းနှီးစေပြီး စည်းလုံးညီညွတ်မှုကိုလည်း ရစေနိုင်လေသည်။

ပအိုဝ်း သွားရေစာများအနက် “ ဟံလွမ်း ” ခေါ် ဟင်းထုပ်နှင့် အမဲသားရေဖြင့် ပြုလုပ်ထားသော “ နံပေါင် ” ခေါ် သားရေခြောက်တို့မှာ လူသိများပြီး လူကြိုက်များသည်။ ဖီးကြမ်းငှက်ပျောနှင့် ကောက်ညှင်းကို ငှက်ပျောဖက်ဖြင့် ထုပ်၍ပြုတ်ထားသည့် “ ထထီလွမ် ” ခေါ် ကောက်ညှင်းကျည်တောက်နှင့် မုန့်ကျည်တောက်တို့မှာလည်း လူကြိုက်များလှသည်။ ပင်လောင်းမြို့နယ် တီကျစ်ဈေးမှ မုန့်ကျည်တောက်သည် လူကြိုက်များ၏။

ရှမ်းပြည်နယ်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် “ မုန်ညင်းစော ” ခေါ် “ မုန်ညင်းချိုချဉ် ” ကို ပြုလုပ်စားကြသေး၏။ ပြုလုပ်ပုံမှာ မုန်ညင်းကို မန်ကျည်းသီးမှည့်နှင့် ထည့်၍ပြုတ်ရ၏။ မန်ကျည်းသီးမှည့်ကို ထည့်၍ ပြုတ်ခြင်းမှာ မပြဲစေရန်ဖြစ်သည်။ ထို့နောက် ကြံသကာကို ထည့်ပြီး နှပ်ထားခြင်းဖြင့် စားရန်အသင့်ဖြစ်သည်။ “ မုန်ညင်းစော ” ခေါ် “ မုန်ညင်းချိုချဉ် ” ကို နှမ်းထေင်းဖြင့် ဖြစ်စေ၊ မြေပဲထောင်းဖြင့် ဖြစ်စေ ထည့်ပြီး ငရုတ်ဆီချက်၊ ကြက်သွန်ပင်တို့ဖြင့် လုပ်စားနိုင်ပေသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် ကန်စွန်းရွက်ချိုချဉ်နှင့် ကသပိုးငါးထမင်းနယ်တို့ကို ပြုလုပ်စားလေ့ ရှိကြသည်။ ကန်စွန်းရွက် ချိုချဉ်ပြုလုပ်ရန်အတွက် ကန်စွန်းရွက်၊ မြေပဲ၊ နှမ်း၊ ထန်းလျက်၊ မန်ကျည်းသီး၊ ငရုတ်သီး၊ ဆီချက် စသည်တို့ လိုလေသည်။ ပထမဦးစွာ ကန်စွန်းရွက်ကို ရေစင်စွာဆေး၍ ပြုတ်ပြီးလျှင် ရေငှဲ့ရ၏။ ထိုနောက်ထန်းလျက်နှင့် မန်ကျည်းသီးကို ရေနှင့်ထည့်၍ ကျိုရသည်။ ဤသို့ ရေထည့်၍ ကျိုရာတွင် ကျိုပြီးသား အရည်သည် ကန်စွန်းရွက်ထည့်လိုက်လျှင် အနေတော်ဖြစ်အောင် ခန့်မှန်း၍ ထည့်ရသည်။ ထန်းလျက်နှင့် မန်ကျည်းသီးကို အရည်ကျိုပြီးသောအခါ ကန်စွန်းရွက်ကိုထည့်ရသည်။ ထိုနောက် မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ဆီချက်အနေတော်ထည့်ပြီး ရောနယ်ရသည်။ ဤသို့နယ်ပြီးသော ကန်စွန်းရွက်ချိုချဉ်ကို ငရုတ်သီးတောင့်ကြော်ဖြင့် တွဲဖက်စားသုံးနိုင်ပေသည်။

နောက်အစားအစာတစ်မျိုးမှာ ကသပိုးငါးထမင်းချဉ် ဖြစ်၏။ ကသပိုး ငါးထမင်းချဉ်ကို ပြုလုပ်ရန်အတွက် ကသပိုးငါးကို ရေစင်စင်ဆေးရသည်။ ထိုနောက် ကသပိုးငါးကို စင်းပြီး ဆားဖြင့်နယ်ကာ တစ်ညသိပ်ရသည်။ နောက်နေ့တွင် ယင်းကို ထမင်းနှင့် ပြန်နယ်ပြီး ၀ါးပိုးရွက်ဖြင့် ပြန်ထုတ်ကာ တစ်ညသိပ်ရသည်။ နောက်နေ့တွင် ကသပိုး ငါးထမင်းချဉ်ကို သုပ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း စားသုံးနိုင်ပေသည်။ ကသပိုး ငါးထမင်းချဉ်ကို ပြုလုပ်ရာတွင် ကွမ်းမစားရပေ။ အကယ်၍ ကသပိုးငါး ထမင်းချဉ်ပြုလုပ်စဉ်တွင် ကွမ်းသွေးစင်ပြီး အညစ်အကြေး ပါသွားပါက ပျက်တတ်လေသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် ကွမ်းစား၊ ကွမ်းငုံသည်ကို ကြိုက်ကြ၏။ သွားလေရာတွင် ကွမ်းအင်လေးများကို လွယ်အိတ်ထဲတွင်ထည့်၍ ယူဆောင်သွားလေ့ ရှိကြသည်။ ဆေးလိပ်ကိုလည်း လူကြီးလူငယ်မရွေး သောက်ကြသည်။ ထမင်းစားပြီးချိန်နှင့် အခြားလက်ဆုံကြသော အခါများတွင် ရေနွေးကြမ်းခပ်ခါးခါးကို သောက်လေ့ရှိကြသည်။

အရက်ခေါင်ရည်များကို သောက်ကြသော်လည်း မူး၍ရမ်းကားခြင်းကို လုံးဝမလိုလား မနှစ်သက်ကြပေ။ အအေးဒဏ်ခံနိုင်ရန်နှင့် အလုပ်တွင်ကျယ်စေရန် အတွက် သောက်ကြသည်။

0 comments:

Post a Comment