ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိကိုယ်ကို နဂါးအမျိုးအနွယ်မှ ပေါက်ဖွားလာသည်ဟု ယူဆကြ၏
မိခင်မှာ နဂါးမ ဖြစ်ပြီး ဖခင်မှာ ဇော်ဂျီ (၀ိဇ္ဇာ)ဟုယူဆကြသည်။သက်ကြီးရွယ်အိုများကလည်းမိမိတို့မှာ နဂါးမျိုး နွယ်ဖြစ်ကြောင်းနှင့်နဂါးမှ ပေါက်ဖွားဆင်းသက်လာပုံကို လူငယ်များအား ယနေ့တိုင်ပြောဆိုနေကြသေး၏
               ပအိုဝ်းပေါက်ဖွားလာပုံ ဒဏ္ဍာရီလေးမှာ ---------------
                    သက္ကရာဇ် ၄၀၀ ခန့်လောက်တွင် သူဘိန္နမြို့၌ ခွန်တိဿမည်သောမင်းသည် မင်းပြု၏ ထိုမင်း ၏မိဖုရားမှာ သီရိကပ္ပဟုတွင်၏  မင်းနှင့်မိဖုးရားတို့တွင် တိဿဓမ္မနှင့်ထဒထရာဇာဟုခေါ်သည့်သားတော်နှစ် ပါးထွန်းကား၏ သားတော်နှစ်ပါးစလုံးမှာ သူတော်ကောင်းစိတ်ဓာတ်များရှိကြ၏ ထို့ကြောင့်အရွယ်ရောက်လာ သောအခါ ခမည်းတော် မယ်တော်ထံ ခွင့်တောင်းပြီး ရသေ့ဝတ်လဲကာ တောထွက်သွားကြ၏
            တစ်နေ့သောအခါ နဂါးမသည် လူပြည်သို့ရောက်ရှိ ခဲ့ရာ လူယောင်ဖန်ဆင်းပြီး တော်ထဲ၌ လှည့်လည်နေထိုင်သည်။ထို့သို့တောထဲတွင် လှည့်လည်နေထိုင်ရင်း တောဟေမ၀န်၏ စိမ်းစိုသာယာမှု ကြောင့်ထိုတောထဲတွင်နေထိုင်လိုသော ဆန္ဒပေါ်လာ၏ မိန်းမဖန်ဆင်းပြီးတော၌ လှည့်လည်ခဲ့ရာ နတ်ရေးသော ဖူးစာကြောင့် လေလားမသိ၊(၀ိဇ္ဇာ)ဇော်ဂျီနှင့်ဖူးစာဆုံလေတော့၏ ဇော်ဂျီသည်ထိုအမျိုးသမီး ကိုနဂါးမှန်းမသိချေ။ထို့ကြောင့် နှစ်နှစ်ကာကာပေါင်းသင်းနေထိုင်ခဲ့ရာ နဂါးမတွင် ပဋိသန္ဓေစွဲလာခဲ့သည်။ ကိုးလလွယ်၍ ဆယ်လသို့ရောက်သောအခါ နဂါးမသည် ဥနှစ်လုံးကိုဖွားသန့်စင်ခဲ့သည်။ထိုဥနှစ်လုံးသည် အရွယ်စားတူညီစွာရှိပြီးအလွန်လှပလေသည်။
             ထိုသို့ မိမိမိန်းမ ကဥနှစ်လုံးဖွားမြင်သည်ကို(၀ိဇ္ဇာ)ဇော်ဂျီက သိသောအခါ " အလို ငါ့ အိမ်သူမ သည်လူသားစင်စစ်မဟုတ်၊မြွေမျိုး နဂါးမျိုးပါကလား "ဟူ၍ညည်းညူလေ၏ ထို့နောက် စိတ်ပျက်အားငယ်ပြီး
ထွက်ပြေးရန်ကြံစည်လေတော့သည်။ထို့ကြောင့်နဂါးမကိုချိုသာသောစကားပရိယာယ်ဖြင့်ကလေးများအတွက် ဆေးရှာထွက်ခွင့်ပေးရန်တောင်းလိုက်လေသည်။မိမိ၏ မိန်းမ နဂါးမ၏ မျက်ကွယ်သို့ရောက်သောအခါ ကောင်းကင်သို့ဆန်လျက် ပျံတတ်သွားလေသည်။
          သုံးရက်ခန့်ကြာသောအခါ နဂါးမသည် မိမိ၏ လင်တော်မောင် ၀ိဇ္ဇာဇော်ဂျီပြန်လာလေနိုးဖြင့် လည်တဆန့်ဆန့်မျှော်ကိုးနေခဲ့၏သို့သော် လင်တော်မောင် ၀ိဇ္ဇာ ဇော်ဂျီ ပြန်မလာသဖြင့် နဂါးမသည် ဤသို့ ညည်းညူပြန်လေသည်။ ငါ၏လင်တော်မောင် ကလေးများအတွက်ဆေးရှာထွက်ရာဤမျှ ကြာမြင့်ရခြင်းမှာ
 ငါသည်နဂါးမတိရစ္ဆာန်ဖြစ်ကြောင်းကို ငါ၏လင်တော်မောင်ဝိဇ္ဇာဇော်ဂျီသိသွားသောကြောင့်ဖြစ်လိမ့်မည်ဟု ပြင်းစွာစိုးရိမ်ပူပန်နေလေ၏ ထို့ကြောင့်မိမိလင်ကို တွေ့လိမ့်လေနိုး ၊တွေ့လေနိုးဖြင့် တောအနှံ့ တောင်အနှံ့
လှည့်လည်ရှာဖွေခဲ့၏ သို့သော် မိမိ လင်တော်ကို အရိပ်အယောင်မျှပင် မတွေ့လေသဖြင့် လူမတန် ကန်ချ
ပြင်းစွာအော်ဟစ် ငိုကြွေးလေရှာသည်။ မိမိ၏ ရင်နှစ်သည်းချာဖြစ်သည့်လှပသောဥနှစ်လုံးကိုဥမင်လိုဏ် ခေါင်းတွင် လုံးခြုံစွာ သိမ်းဆည်းထားခဲ့ပြီး မိမိ၏ဌာန နဂါးပြည်သို့ ပြန်သွားလေ၏
          ထို့နောက်ရသေ့တစ်ပါးသည် တောသို့ခရီးစကြာဖြန့်တော်မူရာတွင် ဥမင်လိုဏ်ခေါင်းအတွင်း၌ဥနှစ် လုံးကိုတွေ့ရှိ၏ ထိုဥနှစ်လုံးသည် အလွန်လှပပြီး ထူးဆန်းအံ့သြဖွယ်ကောင်းသဖြင့် မိမိ၏ကျောင်းသို့ယူဆောင်ခဲ့လေသည်။ရသေ့ညီအစ်ကိုနှစ်ပါးလည်း ညှိနှိုင်းတိုင်ပင်ပြီး ထိုဥနှစ်လုံးကိုတစ်ပါး တစ်လုံးစီခွဲဝေယူကြ၏ မကြာမြင့်မီပင် ထိုဥနှစ်လုံးမှ လူသားနှစ်ဦးပေါက်ဖွားလာခဲ့သည်။
တစ်ဦးမှာယောင်္ကျားလေးဖြစ်ပြီး တစ်ဦးမှာ မိန်းကလေးဖြစ်၏(အချို့ရာဇ၀င်များကနှစ်ဦးစလုံးပင်ယောင်္ကျား
လေးဖြစ်ပြီး တစ်ဦးမှာ ကျောက်ရောဂါဖြင့် သေကြောင်းဖြင့်ဆိုကြသည်ဟုဆို၏)
ဥမှမိန်းကလေးရသော ရသေ့သည်မိမိနှင့်မအပ်မရာဖြစ်၍ ကရင်တို့အားပေးလိုက်သည်။ယောင်္ကျားလေးရ သောရသေ့သည်အရွယ်ရောက်သည့်တိုင်ကျွေးမွေးပြုစု၏စောင့်ရှောက်၏ပညာလည်းသင်ပေး၏ ဖခင်ဖြစ် သူဝိဇ္ဇာဇော်ဂျီကလည်း မိမိ၏ ရင်သွေးလေးအား ပညာများကူညီသင်ပြပေးလေသည်။ထိုကလေးငယ်ကို ရသေ့က တီဿသီဟ ဟု အမည်ပေးလေသည်။ကာလအတန်ကြာသောအခါ ခွန်တိဿမင်းလည်းနတ်ရွာ စံတော်မူ၏သားတော်နှစ်ပါးမှာလည်းရသေ့ ဖြစ်နေကြသဖြင့် ထီးနန်းကိုဆက်လက်စိုးစံမည့်သူတစ်စုံ တစ်ယောက်မျှမရှိချေ။ထို့ကြောင့်မှူးမတ်တို့လည်းစည်းဝေးတိုင်ပင်ကြပြီး ထိုရသေ့နှစ်ပါးကိုတိုင်းပြည်သို့
ပြန်ခေါ်ရန်ဆုံးဖြတ်ကြလေသည်။မှူးမတ်တို့လည်းတိုင်းသူပြည်သားအချို့နှင့်ရသေ့နှစ်ပါးကိုတောအနှံ့ရှာဖွေ ကြရာတစ်ခုသောကျောင်းတွင်တွေ့သဖြင့်ထိုရသေ့နှစ်ပါးအားတိုင်းပြည်သို့ ပြန်ကြွတော်မူပြီး မင်းပြုပါမည့် အကြောင်းလျောက်ထားတောင်းပန်ကြလေ၏
            မှူးမတ်တို့၏စကားကိုကြားသော ရသေ့ညီနောင် နှစ်ပါးက ဤသို့ဆို၏ ငါတို့သည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်လိုသော စိတ်ဆန္ဒစိုးစဉ်းမျှမရှိပါ။ကမ္မဌာန်းဘ၀၌သာမွေ့လျော်လိုပါသည်။
အကယ်၍ ဒကာတို့သဘောကျနှစ်သက်မည်ဆိုပါကငါတို့တွင် တိဿသီ၏ဟုခေါ်သော သားတော်ရှိ၏
 ထိုသားတော်ကိုဒကာတို့ခေါ်ဆောင်၍မင်းအဖြစ် ဘိသိက်သွင်းကြကုန်လော့ ဟု မှူးမတ်တို့အားမိန့်ကြား
လေသည်။ရသေ့၏စကားကိုကြားရသောအခါ တိုင်းသူပြည်သားမှူးမတ်များလည်း အထူးနှစ်ခြိုက်သဘောကျ
ပြီးမင်းအဖြစ် ဘိသက်ပေးမည်ဖြစ်ကြောင်းနှင့် ၀န်ခံကြကုန်၏ ထိုနောက်မှူးမတ်တို့လည်း မည်သည့်နေ့ရက် တွင်ဘိသိက်သွန်း မင်းမြောက်သော်ကောင်းမည်ကို နေ့ကောင်းနေ့မြတ်ရွေးချယ်ပြီးလျှင်တိဿသီဟ မင်းသားကိုရထားပေါ်တင်၍ သုဘိန္နပြည်သို့ ပြန်ကြလေကုန်၏
           ရသေ့လည်း တိုင်းသူပြည်သားမှူးမတ်တို့က မိမိ သားတော်ကို ခေါ်ပြန်သောအခါ ငါ၏သားတော် သည်ဥာဏ်ပညာနည်းသေး၏ မင်းမဖြစ်လောက်သေး ဟူ၍ စိုးရိမ်ပူပန်လေသည်။  လူမင်းဘုန်းကြီးကနတ် မင်းမနေသာဆိုသကဲ့သို့ ရသေ့ပူဆွေးသောက ရောက်နေသည်ကို သိကြားမင်းကသိသောအခါ  လူ့ပြည်သို့ ဆင်းသက်ပြီးရှင်ရသေ့အား  အဘယ်ကြောင့်ကျိန်းစက်ခြင်းမရှိပဲ ဤသို့စိုးရိမ်ပူပန်နေအံ့နည်း ဟုမေးလေ၏
ထိုအခါရှင်ရသေ့က မှန်လှပါ ဘုရားတပည့်တော်သည် သားတော်ပညာမစုံသေးပါဘဲလျက် မင်းပြုစေသဖြင့်
 သားတော်အတွက်စိုးရိမ်ပူပန်ခြင်း ဖြစ်ပါသည် ဘုရား ဟုလျောက်ထားလေ၏ သိကြားမင်းကလည်း စိုးရိမ်ပူ
ပန်ခြင်းမဖြစ်လင့် ငါသိကြားမင်း ကူညီစောင့်ရှောက်ပေးပါမည် ဟုအာမခံ မိန့်ကြားလေ၏ သိကြား၏စကား
ကိုကြားရသောအခါ ရသေ့လည်းပျော်ရွှင်ခြင်းဖြစ်လေသည်။
           
                  မင်းပြုရမည့် နေ့ကောင်းရက်မြတ်သို့ ရောက်သောအခါ မှူးမတ်တို့က တိုင်းသူပြည်သားများ
အား ခရီးလမ်းပန်းပြုပြင်စေသည်။ လမ်းဘေး ပတ်ဝန်းကျင်တွင်လည်း ငှက်ပျောပင်များရာဇမတ်များစိုက်ထူ စေ၍ တန်ဆောင်းပြသာဒ်များကိုလည်း ပြုလုပ်စေသည်။ တိဿသီဟမင်းသားကိုလည်း မင်းဝတ်တန်ဆာ များဆက်သ၍ဘိသိက်သွန်း မင်းမြောက်ကြလေသည်။
   တိဿသီဟမင်းသားသည်လည်း အတည်တကျ မင်းပြုပြီးသောအခါ အရှေ့တောင်အရပ်တွင်ရှိသော ရွှေချောင်းနားတွင် နန်းတော်ကိုတည်တော်မူ၏  ထိုအရပ်သည်အသက်ရှည်သောမင်းပြုရာဒေသဖြစ်ပြီး တိုင်းပြည်လည်း အေးချမ်းငြိမ်သက်သော ဒေသဖြစ်လိမ့်မည်ဟုယူဆလေသည်။အေးချမ်းငြိမ်သက်သော
ဒေသဖြစ်လိမ့်မည်ဟု ယူဆလေသည်။နဂါးမဥမှ ပေါက်ဖွားလာသော တိဿသီဟမင်း သားသည် ထိုအရပ် တွင်မင်းလောင်းတစ်ပါးအဖြစ် အသိမှတ်ပြုစိုးစံပြီး ထိုအရပ်ကိုလည်း သုဝဏ္ဏဘူမိ ရွှေထုံပြည်ဟုတွင်စေ၏
တိုင်းသူပြည်သားများကလည်းတိဿသီဟ မင်းသားဟူ၍ အသိအမှတ်ပြုကြလေသည်။ရသေ့က ကရင်လူမျိုး တို့အား  ပေးထားသောမိမိ၏ နှမတော်ကို နာဂ၀တီ ဟု အမည်တွင်စေ၍ မိဖုရား မြောက်ကာ ဆက်လက် သိမ်းမြန်းစိုးစံလေသောဟူ၏
            တိဿသီဟမင်းမှအစပြု၍ အစဉ် အဆက် အုပ်ချုပ်မင်းလုပ်လာခဲ့ရာ မနူဟာမင်းလက်ထက်တိုင် အောင်ဖြစ်၏ မနူဟာမင်းကား အညမညမင်း၏ သားတော်ဖြစ်သည်။ အရမညမင်း၏ခမည်းတော်မှာမွန် လူမျိုးဖြစ်ပြီး မယ်တော်မှာ ပအိုဝ်းလူမျိုးဖြစ်သည်ဟုဆို၏အရမည မင်းသည် သက်တော် ၈၂ နှစ်သို့ရောက် ရောက်သောအခါ နတ်ရွာစံတော်မူ၏ ဂေါတမ မြတ်စွာဘုရားလက်ထက်တွင် ပအိုဝ်းမင်းဆက် ၁၅၈ ဆက်ရှိရာ ဓမ္မမာလာမင်းမှာ နောက်ဆုံးဖြစ်သည်ဟုဆိုလေသည်။ မနူဟာမင်းမတိုင်မီ ပအိုဝ်း မွန် ကပြား မင်းဆက် ၁၇ ဆက်မျှ အုပ်ချုပ်ခဲ့ကြောင်းဖြင့်ဆို၏ ၄င်းတို့မှာ -------------------
              
                            (၁)မောင်လှ          (၉) ရာဇပမော
                            (၂)အသန္တုလ        (၁၀) ရာဇခုပါ
                            (၃)အဿရာဇ       (၁၁) သုတ္တဥပါ
                            (၄) တတ္တိရာဇ       (၁၂) ဇေယရာဇ
                            (၅) ဂုသေန          (၁၃) သုဒ္ဓိရာဇ
                            (၆)ရာဇစောကန်    (၁၄) ဥပလရာဇ
                            (၇) ရာဇဇော်ဝေ    (၁၅) မိမလရာဇ
                            (၈) ရာဇမစောတ   (၁၆) ဒွါဒဿရယဇ
                                                     (၁၇) အရမညရာဇ
            တို့ဖြစ်ကြ၏

                          ရှေးပဝေသဏီကပင် ပအိုဝ်းတိုင်းရင်းသားတို့သည် ကိုယ့်မင်းဆက်နှင့်ကိုယ် အသီးသီး
အုပ်ချုပ်ခဲ့ကြသည်ဟု ဆို၏ ကကုသန်ဘုရားလက်ထက်တွင် ၃၈၄ ဆက် ၊ ကောဏဂုံ ဘုရားလက်ထက်တွင်
၃၀၉ ဆက် ၊ ကဿပမြတ်စွာဘုရားလက်ထက်တွင် ၁၈၇ ဆက်နှင့် ဂေါတမဘုရားလက်ထက်တွင် ၁၅၈ ဆက်အသီးသီး အုပ်ချုပ်ခဲ့ကြသည်ဟုသိရ၏ (ပအိုဝ်း ဘာသာဖြင့်ရေးသားထားသော သုဝဏ္ဏပကာသဏီ ကျမ်းမှ ကောက်နုတ်ပြန်ဆိုသည်။)
                                         အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးအောင်သိန်း၏ သာသနာအစသထုံက
သမိုင်းမှတ်တမ်းစာအုပ်(စာမျက်နှာ ၄၃ တွင် )တွင် မြတ်စွာဘုရားသည် ချစ်သား အာနန္ဒာယခုဘဒ္ဒကမ္ဘာ၌
 ကကုသန်ဘုရားလက်ထက်တော်ကစ၍ သူရိနာဂ မင်းကြီး၏ အဘကား နေမင်းသား၊ အမိကားနဂါးမ အဘ
ကားဝိဇ္ဇာဓိုရ် ပအိုဝ်းတောင်သူလူမျိုးဖြစ်၏ ဟုရေးသားဖော်ပြထား၏
            ဦးသော်ဇင်၏ မြန်မာပြည်ရောက် ဗုဒ္ဓဘာသာ စာအုပ် စာမျက်နှာ ၄၃၉ တွင် ဂ၀ံပဟိ ရဟန္တာ အကြောင်းပါ၏။
                ဂ၀ံပတိရဟန္တာအကြောင်းတွင်လည်းပအိုဝ်းတိုင်းရင်းသားပေါ်ပေါက်လာပုံ ဒဏ္ဍာရီနှင့်ဆင်သော
အကြောင်းအရာများကိုတွေ့ရ၏ အလားတူပင် မွန်ရာဇ၀င်နှင့် စေတီတော်များ သမိုင်းပေါင်းချုပ် စာအုပ်တွင် လည်း ပအိုဝ်းတိုင်းရင်းသားပေါ်ပေါက်လာပုံ ဒဏ္ဍာရီနှင့်ဆင်သော အကြောင်းအရာကိုတွေ့ရ၏
        မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ပါတီစည်းရုံးရေးဗဟိုဌာနချုပ်မှ ထုတ်ဝေသည့်ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံ (ရှမ်း)စာအုပ်တွင် ပအိုဝ်းတိုင်းရင်းသားဆင်းသက်လာပုံ
ဒဏ္ဍာရီကို ဤသို့ဖော်ပြထား၏
            ပအိုဝ်း(တောင်သူ)တို့၏ မူလဇာတိသည် မြန်မာနိုင်ငံတောင်ပိုင်း သထုံခရိုင်ဖြစ်၏ ပအိုဝ်းတို့၏ ဒဏ္ဍာရီပုံပြင်အရဆိုသော် ပအိုဝ်းလူမျိုးများသည် နဂါးနှင့်ဝိဇ္ဇာမျိုးမှဆင်းသက်ခဲ့သည်ဟုဆို၏ မြတ်စွာဘုရား မပွင့်မီက ယခုသထုံ မြသပိတ်တောင်ခြေတွင်ရဟန္တာတို့ သီတင်းသုံးလျက်ရှိကြသည်။
   ထိုဒေသအနီးတွင်ရေအိုင်ရှိရာ နဂါးတို့စံပျော်ကြသည်။ တစ်နေ့တွင် နဂါးမင်းသမီး၏ သမီးတော်က တောင်ခြေရှိ ရဟန္တာတို့ကို ဖူးမျှော်လိုပါသည်။လူ့ပြည်သို့သွားခွင့်ပြုပါရန် ခမည်းတော်နဂါးမင်းကြီးထံပန်ကြား
လေသည်။ အစတွင် ခွင့်မပြုသော်လည်း အတန်တန် ပူဆာသဖြင့် ခွင့်ပြုလိုက်လေသည်။
       နဂါးမင်းသမီးသည်လူယောင်ဆောင်၍ ရဟန္တာတို့အား ဖူးမြော်ပြီး နဂါးပြည်ကို ပြန်မည့်ဆဲဆဲ ၀ိဇ္ဇာပျိုတစ်ဦးနှင့် တွေ့မိ၍ ၀ိဇ္ဇပျိုနှင့်ချစ်ကြိုးသွယ်မိရာ ဥကြီးနှစ်လုံးကိုရခဲ့သည်။ထိုဥကြီးနှစ်လုံးကို ရသေ့တစ်ပါးထံအပ်နှံပြီး နဂါးမင်းသမီးသည် နဂါးပြည်သို့ပြန်လေသည်။
              ရသေ့ကြီးကြည့်ရှုစောင့်ရှောက်ထားသော ဥကြီးနှစ်လုံးမှ လူသားယောင်္ကျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ဖွားမြင်လာကြသည်။ရသေ့ကြီးကျွေးမွေးပြုစုခဲ့ရာ ကြီးပြင်းလာသောအခါ သုဝဏ္ဏဘုမ္မိတွင် အုပ်စိုးသောမင်းဆက်ဖြစ်လာလေသည်။ယင်းမင်းဆက်တို့မှပအိုဝ်းလူမျိုးဖြစ်ပေါ်လာခဲ့သည်
ထိုမှတစ်ဖန် အထက်ဖော်ပြပါရာဇ၀င်ကြောင့် ပအိုဝ်းတို့ ရှမ်းပြည်ရောက်သွားကြသည်ဟုဆိုသည်။
ပအိုဝ်းတို့သည်သထုံခရိုင်ကို သထုံကြီးဟုခေါ်ပြီးရှမ်းပြည်တောင်ပိုင်းရှိ ဆီဆိုင်ကို သထုံကလေးဟုခေါ်ကြသည်။ ယင်းနေရာနှစ်ခုတို့တွင် ပအိုဝ်းလူမျိုးများစွာနေထိုင်လျက်ရှိကြသတဲ့။
          ပအိုဝ်းတိုင်းရင်းသားပေါက်ဖွားဆင်းသက်လာပုံသည် ဒဏ္ဍာရီလား၊ တကယ်လားဟူ၍ စဉ်းစားစရာ ပင်ဖြစ်လေသည်။ပအိုဝ်းတိုင်းရင်းသားပေါက်ဖွားလာပုံ ဒဏ္ဍာရီသည် မွန်ရာဇ၀င်နှင့်စေတီတော်များ သမိုင်း စာအုပ်မှအဆိုနှင့်လည်းဆင်နေ၏ ဦးသော်ဇင် ၏ မြန်မာပြည်ရောက်ဗုဒ္ဓဘာသာစာအုပ်မှ ဂ၀ံပတိရဟန္တာ အကြောင်းနှင့်လည်း ဆင်နေ၏ မွန်တို့သည် တောင်သူခေါ်ပအိုဝ်းလူမျိုးတို့ထက်စော၍ နေထိုင်ဖွယ်ရာရှိ သည်ဟု သမိုင်းပညာရှင်များက ဆိုသဖြင့် တောင်သူခေါ်ပအိုဝ်းလူမျိုးတို့သည် မွန်တို့နှင့် ရေနှောနေထိုင် ရာမှ မွန်တို့၏ရာဇ၀င်ကိုများမှီးလေရော့သလား ဟူ၍ တွေးတောဖွယ်ရာပင်ဖြစ်သည်။
              ပအိုဝ်းဘာသာဖြင့်ရေးသားထားသော လက်သမားအုပ်၏ သထုံဘုရားသမိုင်းနှင့်ရန်ကုန်ဘုရား သမိုင်းစာအုပ်တွင်--------------
                                       သုဝဏ္ဏဘုမ္မိ သထုံဒေသသည် လူနေထူထပ်သော ဒေသဖြစ်ခဲ့သည်
ထိုအချိန်က သုဝဏ္ဏဘုမ္မိ သထုံဒေသ ကိုအုပ်စိုးခဲ့သော သူရိယစန္ဒာမင်းသည် ဘုန်းတန်ခိုးအာဏာကြီးခဲ့ သည်။သူရိယစန္ဒာမင်းသည် ဆင်ဖြူတော် ၃၃ စီးကို ပိုင်ဆိုင်ခဲ့သည်။သထုံတွင် ပအိုဝ်းမင်းဆက်ပေါင်း ၃၈၄ ဆက်အုပ်ချုပ်ခဲ့သည်။ပအိုဝ်းတို့သည် ဘိုးဘွားစဉ်ဆက်ကပင် သထုံဒေသကိုတည်ထောင်နေထိုင်ခဲ့ကြသည်။
ထို့ကြောင့် ပအိုဝ်းဘိုးဘွားတို့သည် သထုံဒေသမှ မခွါချင်ကြပေ။ ပအိုဝ်းတိုင်းရင်းသားတို့သည် ယနေ့တိုင်အောင် သထုံမြို့တွင်နေထိုင်လျက်ရှိကြပေသည်။(ပအိုဝ်းဘာသာဖြင့် ရေးသားထားသောလက်သ မားအုပ်၏ သထုံဘုရားသမိုင်းနှင့်ရန်ကုန်ဘုရားသမိုင်းစာအုပ်မှ ကောက်နုတ်ပြန်ဆိုသည်။)

သို့သော် ပအိုဝ်းဘာသာဖြင့်ရေးသားထားသော သထုံ ဘုရားသမိုင်းနှင့် ရန်ကုန်ဘုရားသမိုင်းအဆို၊ သောသုဝဏ္ဏပကာသနီကျမ်းအဆို၊ မွန်ရာဇ၀င်နှင့်စေတီတော်များ သမိုင်းအဆို၊မြန်မာပြည်ရောက် ဗုဒ္ဓဘာသာစာအုပ်အဆိုတို့မှာ အနည်းငယ်လောက်သာကွဲပြားမှုရှိသည်ကို တွေ့နိုင်၏ မည်သို့ပင်ဆိုစေကာမူ ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ဖခင်မှာ ၀ိဇ္ဇာဓိုရ်၊အမိမှာနဂါးမဟူ၍ ဘေး၊ဘိုး၊ဘီ၊ဘင် လက်ထက်မှစ၍ ယနေ့တိုင်ယုံကြည်နေကြပေသည်။

0 comments:

Post a Comment