စာဟောဆရာ

ပအိုဝ်းတိုင်းရင်းသားတို့တွင် မော် ဟုခေါ်သောစာဟောဆရာရှိ၏ ပအိုဝ်းစာဟောဆရာသည် မြန်မာစာ ပြော ဆရာ၊ကွက်စိပ်ဆရာများကဲ့သို့ ရှေးနိပါတ်တော်များကို သံနေသံထားနှင့် ဟောပြောရလေသည်။ ပအိုဝ်း တိုင်းရင်းသား တို့တွင် မော်ဆရာ နှစ်မျိုးရှိပါသည်။ တစ်မျိုးမှာ ပယောဂ၊စုန်း၊တစ္ဆေ၊သရဲများစွဲကပ်သည့်အခါ ကု သရသော မော်တရား ခေါ် မော်ဆရာနှင့် မော်အေး ခေါ် ပအိုဝ်းစာဟော ဆရာဖြစ်၏ မော်မှာ ရှမ်းစကားဖြစ်ပြီး တတ်သည်ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့်မော်ခေါ်စာဟောဆရာကို လူတတ် ဟု အဓိပ္ပါယ် ပြန်ရပေလိမ့်မည်။
ပအိုဝ်းတိုင်းရင်းသားတို့က ပအိုဝ်းစာဟောဆရာ စာဟောသည်ကို ဟွိုမော် ဟုခေါ်၏ ရှမ်းပြည်နယ်ရှိ အခြားတိုင်း ရင်းသားတို့က မော်အေး သည်ဟု ပြောကြသည်။ပအိုဝ်း တိုင်းရင်းသားတို့သည် ဘုရားပွဲ၊အလှူပွဲ၊ ရက်လည်ဆွမ်းသွတ်သည့် ရက်များတွင် မော် ခေါ် ပအိုဝ်း စာဟောဆရာကို ငှားရမ်းပြီးဟော စေသည်။
လိုအပ်သောအရည်အချင်း
ပအိုးစာဟောဆရာတစ်ယောက် ဖြစ်လာရန် အတွက် ပညာဗဟုသုတ ရှိရခြင်း၊ ရဲရင့်ခြင်း ၊ သတ္တိ ဗျတ္တိ တို့နှင့် ပြည့်စုံခြင်း ၊အသံကြည်လင်ပြတ်သားခြင်း ၊အသံချိုသာခြင်း ၊ဥာဏ်ပရိယာယ် ဖြတ်ထိုးမှုကောင်းခြင်း၊ ပရိတ်သတ်၏ အကြိုက် လိုက်လျောတတ်ခြင်း စသည်များနှင့် ပြည့်စုံရလေသည်။
စာဟောဆရာအဖြစ်သင်ယူခြင်း
စာဟောဆရာ တစ်ယောက် ဖြစ်လာရန်မှာ အခြားစာဟောဆရာ စာဟောသည်ကို ကြားဖူးရုံနှင့် မရနိုင်ပေ။ ဆရာနှင့်သင်ယူရ၏ စာဟောဆရာ ဖြစ်လိုသူသည် ဘုန်းတော်ကြီးကျောင်းသို့ သွား၍ ပထမ ဆုံး ပရိတ်ကြီး ရှင်ကျင့်ဝတ် ၊ လောကနီတိ ၊ သဒ္ဒါ ၊ သဂြိုလ် စသည်များကို သင်ယူရလေသည် ။ အခြခံ ပြည့်စုံပါက ပအိုဝ်း စာဟောဆရာဖြစ်အောင် သင်ယူရန် လွယ်ကူပြီ ဖြစ်သည်။
ဤအခြေံ ပြည့်စုံပါက ကျော်ကြားသော စာဟော ဆရာကြီးထံသို့ သွားရောက်သင်ယူ ရလေသည်။ စာဟောဆရာ ကြီးထံသို့ရောက်သော အခါ တပည့်အဖြစ်ခံယူပြီး ၊ ထိုစာဟော ဆရာကြီး ပြောသမျှကို နာခံ မှတ်သားရ၏ အလုပ်ရှိလျှင်လည်း အလုပ်ကို ကူလုပ် ပေးရ၏ ခရီးသွားလျှင် ဖိနပ်ကိုင် ဖိနပ် တိုက်ပေးခြင်း စသည်ဖြင့် အစစအရာရာ အပင်ပန်းခံရ၏ ထို့ကြောင့် စာဟောဆရာ အဖြစ် သင်ယူ သူသည် ၀ါသနာ ပါလွန်း ခြင်း ၊ ကြိုစားမှုရှိခြင်း ၊ အမျိုးသားရိုးရာကို ချစ်မြတ်နိုးခြင်း၊ အပင်ပန်းဆင်းရဲခံနိုင်ခြင်း စသည့် စိတ်ဓာတ် ရှိမှသာ ဖြစ်နိုင်ပေသည်။
စာဟောဆရာ အတတ်ပညာကို မုဆိုးမ ၊ တစ်ခုလပ် မ (တစ်လင်ကွာ) တို့၏သား ဆင်းရဲသားများသာ အများဆုံး သင်ယူကြသည်ကို တွေ့ရသည်။ သူတို့မှာ မိဘ၏ အားပေမှု နည်းခြင်း ၊ ပညာသင်စရိတ် မထောက်ပံ့နိုင်ခြင်း စသည်တို့ကြောင့် ငွေအရင်းအနှီး မမြုပ်နှံရသည့် စာဟောအတတ် ပညာကို သင်ယူကြ သည်။ မိမိတို့မှာ ငွေကြေး ချို့တဲ့ သဖြင့် စာဟောဆရာကြီးများထံတွင် အောက်ကြို့ကာ စာဟောပညာရပ် ကို သင်ယူကြရသည်။ ငွေကြေးချမ်းသာ သောသူ သားသမီး များမှာ စာဟောပညာကို သင်ယူသူ မရှိသလောက်ပင် ဖြစ်ပေသည်။
စာဟောဆရာကလည်း မိမိတို့ ထံ တိုးလျှိုးကာ ပညာသင်သူ တပည့်အား၊ ဆရာကိချီးကျူးသည့် လင်္ကာများ ၊ သူရဿတီ နတ်သမီးကိုတိုင်တည်သည့် လင်္ကာ စာသွားမျာား စသည့် စာများကို တိုင်တည်သည့် လင်္ကာ စာ သားများစသည့် စာများကို ပထမဆုံး သင်ကြားပေးလေသည်။ ဤစာ တို့ကို တတ်ပြီးသောအခါ အသံအနိမ့် အမြင့် အသံ အတတ် အဆင်းကို လေ့ကျင့်ရပြန်သည်။ ဤစာတို့ကို ရပါက ၊ လွယ်ကူ သော တရားစာများ၊ ဇာတ်တော် ၊ နိပါတ်တော် ၊ ငါးရာ့ရားဆယ် စသည်များကို လေ့လာရသည်။ ရတနာသုံးပါး အကြောင်းကို စာအုပ်ထဲမှ ကြည့်၍ ဟောရသည်။ ဤသို့ ကြည့်၍ ဟောသည့်အကျင့် ပြုမှသာ အခြေခံကို ရနိုင်မည် ဖြစ်ပေ သည်။ သို့သော် စာဟောဆရာကား ဖြစ်မလာနိုင်သေးပေ။
ပအိုဝ်းစာဟောဆရာများတွင် စည်းကမ်းရှိ၏ စာဟောဆရာတိုင်း ၊ စာဟောဆရာအဖြစ် သင်ယူသူတိုင်းသည် ငါးပါးသီလကို ကိုယ်တွင် မြဲအောင် စောင့်ရှောက် ရသည်။ ထို့ပြင် ဗြဟ္မစိုရ်တရား လေးပါး၊အကျင့်စာရိတ္တ ၊ သစ္စာ ၊ အိနြေ္ဒ သိက္ခာ တို့ကိုလည်း စောင့်ထိန်းရသည်။ အပြောအဆို တို့မှ အစ စောင့်ထိန်းရသည်။ စာဟော ဆရာ ဖြစ်လောက်သည့်အရည်အချင်း နှင့် ပြည့်စုံသောအခါ ဘုရားငါးဆူ၊သူရဿတီ၊မေတ္တာပွင့်ဆေး၊ ဒေ၀ီ ခုနှစ်ပါး ၊မဂ္ဂင်၊ ပိဋကတ်၊ရဲဆေး စသည့်ဆေးများကို စုတ်ဖြင့်ထိုးနှံရသည်။ ဘုရားငါးဆူ ဆေးကိုထိုးပါက ၊ ခုနှစ်ရက်အတွင်း ကာမဂုဏ် လိုက်စားခြင်း၊ အရက်သေစာ သောက်စားခြင်း စသည်တို့ကို ရှောင်ကြဉ်ရ သည်။ မရှောင်ကြဉ်ပါက ရူးသွပ်ခြင်း ၊ စိတ်ဖောက်ပြန်ခြင်းများ ဖြစ်တတ်သည် ဟု ဆိုလေသည်။
စာဟောဆရာဖြစ်သောအခါ မြန်မာစာပေများ ရှမ်းဘာသာ စာပေများ ၊ပအိုဝ်းဘာသာ စာပေများ စသည့် ကျမ်းဂန် စာအုပ်များကို ဖတ်ရှုလေ့လာရသည်။ ယခုခေတ် ပအိုဝ်းစာဟောဆရာများသည် မြန်မာစာပေများ ကို အထူးဖတ်ရှုလေ့လာ ကြသည်။ အထူးသဖြင့် ဗုဒ္ဓ၀င်၊မဟာဝင်၊ ဇိနတ္တပကာသနီ၊ဓမ္မပဒ၀တ္ထုမင်္ဂဒုတ္တဒီပနီ၊ ဇာတ်ကြီးဆယ်ဘွဲ့၊ထေရီ ဘာသာပြန် ၊ထေရာ ဘာသာပြန် ၊ နရသာသနာ့ ကျမ်း၊ ငါးရာ ငါးဆယ်ဇာတ် ၊နိပါတ်တော် ၊ ပရမတ္ထစက္ခုကျမ်းသင်္ခါရဘာစနီကျမ်း ၊ သဂြိုလ်အဓိပ္ပါယ်ကောက်၊ ဘာဝန ဒီပနီ ၊အဘိဓမ္မတ္တ သဂြိုလ်ကျမ်း၊ မာတောဝါဒ ဆုံးမစာ ၊ ဓမ္မမာလာ တရားစာ ၊၀ိပဿနာ ဒီပနီ စသည့် ကျမ်းဂန် စာပေများကို လေ့လာ ဖတ်ရှုကြသည်။ အခြားစာများကိုလည်းလေ့လာ ဖတ်ရှုကြသေးသည် ။ မတစ်ထောင် တစ်ကောင်ဖွား ဆိုသကဲ့သို့ မိခင်တရာက မွေးဖွားသောသားသမီးများတွင် စာဟောဆရာ တစ်ယောက်ဖြစ် လာမည့်သူ ပါရန် မလွယ်ကူပေ။

အသုံးအဆောင်ပစ္စည်း

မည်သည့်အလုပ်အကိုင် အတတ်ပညာရှင် များတွင်မဆို အသုံးးအဆောင် ပစ္စည်း ကိရိယာများ ရှိစမြဲပင်ဖြစ် သည်။ပအိုဝ်းစာဟောဆရာများသည်ယောင်ထုံးကိုထုံးထားရ၏ရှေးကပအိုဝ်းစာဟောဆရာများသည်ယောင် ထုံးကို ထုံးထားရ၏ ယခုခေတ် ကာလတွင်မူ ယောင်ထုံးထု့းသော စာဟောဆရာ နည်းလာသည်ကို တွေ့ရ သည်။ ပအိုဝ်းစာဟော ဆရာတစ်ယောက်တွင် စာဟောရန် အတွက် အ၀တ်အစားကောင်း တစ်စုံ ယော ဦးထုပ် တစ်လုံး၊ မျက်နှာသုတ်ပ၀ါ ၊ ခေါင်းပေါင်း ခြေအိတ် စသည်တို့ကိုလို၏ စာဟောသောအခါ ခြေအိတ် ကို စွမ်ထားတတ်ကြသည်။ မျက်နှာသုတ်ပ၀ါ မှာ ချွေးသုတ်ရန်ဖြစ်ပြီး ၊ ယောဦးထုတ်မှာ စာဟောသည့် အခါ ကာကွယ်ရန်အတွက်ဖြစ်သည်။
ဆေးကို ကိုယ်ခါး အထက် ကိုယ်ခန္ဓာတွင် ပွဲခင်း၍ ထိုးကြရ၏ အချို့မှာ ကန့်လန့်ကာ ခုနှစ်ထပ် ထဲတွင် ထိုးကြ၏ ဆေးထိုးသည့် နေရာအပေါ်တွင်လည်း ဆယ့်နှစ်ရာသီ ခွင်ကို ပြုလုပ်ထားသည်။ ဆေးထိုးသည့် နေ ရာတွင် အလှူပွဲ ခုနှစ်ပွဲ ကိုပြင်ဆင်ထားရပြီး ထိုအလှူပွဲ အောက်တွင် ပင်နီ အဖြူ အနီကို ခင်းထားရသည်။ ပအိုဝ်းစာဟော ဆရာတိုင်း၏ အိမ်တွင် သူရဿတီ မယ်တော်ကို ကိုးကွယ်ပူဇော် ထားကြသည်။ စာဟော ဆရာတစ်ယောက် ဖြစ်လာရန်မှာ မလွယ်ကူလှပေ။

စာဟောဆရာကို ပင့်ဖိတ်ခြင်း

ပွယ်ပါန်ခေါ် ရှင်ပြုပွဲ၊ လက်ထပ်ပွဲ ၀ါတွင်းသုံးလ ရေတွင်း ရေကန် စသည့်အလှူများ ပေးလှူသော အခါတွင် စာဟောဆရာများကို ပင့်ဖိတ် ကြရသည်။ ၀ါတွင်းသုံးလတွင် စာဟောဆရာကို အလုအယက် ပင့်ဖိတ်ကြရ၏ အချို့မှာ နှစ်လ သုံးလက ပင် ကြိုတင် ပင့်ဖိတ်ထားကြသည်။ တစ်ဦးချင်းသော်လည်းကောင်း ၊ စုပေါင်း၍ သော်လည်းကောင်း ပင့်ဖိတ်ကြသည်။
ရဟန်းသံဃာတော်များသည် တရားဟောသောအခါ ပါဠိဘာသာဖြင့် ဟောသည်က များ၏ တရားလည်း ပို၍ တိုပြီး၊ တရားနာ ပရိတ်သတ်အဖို့ အလွယ်တကူ သဘောမပေါက် မရှင်းလင်းနိုင်ပေ။ ပအိုဝ်းစာဟော ဆရာ များမှာ ပအိုဝ်း ဘာသာဖြင့် ဟောသဖြင့် စာမတတ်သော်လည်း ပအိုဝ်း စကားတတ်လျှင်ပင် အကုန်လုံး နားလည်နိုင်၏ စာဟော ဆရာဟောသော တရားမှာ ပို၍လည်းရှည်လေသည်။ ဒါန အကြောင်းကို အမျိုးမျိုး အဖုံဖုံ တင်ပြပြီး၊ဥပမာ၊ဥပမေယျံ ဓာတ်ကြောင်းလေးများဖြင့် ဟောပြောကြသည်။ ပရိသတ် အကုန်လုံး နားလည် သဖြင့် တရားနာ ပရိတ်သတ်တို့ ကြည်ညို သဒ္ဒါပွားရ၏ အလှူဒါန ပြုသူကိုလည်း စေတနာ ထက် သန်စေသည်။ထို့ကြောင့် အလှူဒါန ပြုသော ပွဲတွင် ဘုန်းတော်ကြီးများကိုသာမက ပအိုဝ်း စာဟောကိုပါ ပင့်ဖိတ်ကြသည်။

စာဟောခြင်း

စာဟောမည့် စာဟောဆရာလည်း ရှင်ပြုပွဲဖြစ်ပါက ရှင်ပြုပွဲနှင့်ဆိုင်သော တရားတော်၊ ဥပုဒ် ဆွမ်းကျွေးပါက လည်း ဥပုဒ်ဆွမ်းနှင့် ဆိုင်သောတရားတော် စသည်ဖြင့် ဆိုင်ရာ ဆိုင်ရာ တရားတော်များကို စာမဟောမီ ကြို တင်လေ့ထာထားရသည်။ စာမဟောမီ မိမိတို့၏ ဆရာကို ရိုသေသည့် သဘောဖြင့် သပြေခက်၊ မြေဇာပင် များ ပင့်ဖိတ်သည့် ဒေသမှာ ဆုငွေများကို မိမိအတွက် ပြင်ဆင်ပေးထားသော အလှူပွဲတွင်ထည့်ရသည်။ စာဟောဆရာအတွက် ပြင်ဆင်ပေးသော အလှူပွဲတွင် ပအိုဝ်းတိုင်းရင်းသား စာဟောဆရာတို့ သည် စာဟော သောအခါ အနေအထိုင် အပြေအဆို အ၀တ်အစားမှ အစ ၊ ပရိတ်သတ် နှစ်သက်ဖွယ် ဖြစ်အောင် ကြိုးစားရသည်။ စာစဟောသော အခါ ပထမဆုံးရတနာ သုံးပါး။ ဂုဏ်တော် ကိုးပါး ကိုရိုသေကန်တော့ရသည်
သူရဿတီနတ်သမီးကို တိုင်တည်ကတော့ရသည်။ သူရဿတီ နတ်သမီး ကိုတိုင်တည် ကန်တော့ခြင်း အား ဖြင့် စာဟောပြောရာတွင် ပြေပြစ် ချောမွေ့ပြီး ၊ ဥာဏ်ပို၍ သွားသည်ဟု အယူအဆ ရှိလေသည်။

တရားဟောပြောရာတွင် အခြေအနေ ကာလဒေသကို လိုက်၍ ဟောရသည် ။ ကျောင်းကို လှူသောပွဲ ဖြစ်ပါ က ကျောင်းလှူရခြင်းအကျိုးနှင့် ပက်သက်သော တရားတော် ဇရပ်ကို လှူပါက ဇရပ်လှူခြင်း ၏ အကျိုး ၊ရှင်ပြု ပွဲဖြစ်ပါက ရှင်ပြုရခြင်း၏ အကျိုး၊ အသုဘပွဲ ဖြစ်ပါက ရက်လည် ဆွမ်းသွတ်ရခြင်း၏ အကျိုး စသည်ဖြင့် ဆိုင်ရာ ဆိုင်ရာ ဟောပြောကြရလေသည်။

စာစဟောသောအခါ ဆရာသည် ပရိတ်သတ်အကြိုက်ကို လိုက်၍ ဟောရ၏ သူတော်ကောင်းတရားနာ ပရိတ် သတ်ဖြစ်စေ ၊ လူမိုက် လူဆိုး တရားနာပရိတ်သတ်ဖြစ်စေ ၊ တရားတော်ကို ရှင်းပြ ဟောကြားရလေ သည်။အကောင်းအဆိုးကိုပုံပြင်၊ဥပမာ၊ဥပမေးယျတို့ဖြင့်သာဓက ဆောင်၍ ဟောပြောရသည်။ဟောပြောသော
အခါ အသံပီပီသသ အသံရှည်ရှည်ဆွဲနိုင်အောင် ကြိုးစားရ၏ မျက်နှာကိုလည်း ရွှင်ရွှင် လန်းလန်း ထားရသည်။

ပအိုဝ်းစာဟော ဆရာသည် လူဆိုးအခန်းကို ဟောပြောပါက လူဆိုးဟန်ပန် အမူအယာကို လုပ်ပြရ၏ သူ တော်ကောင်း အကြောင်းဟောပြောလျှင် သူတော်ကောင်း ဟန်ပန် မင်းသားမင်းသမီး အကြောင်းပြော လျှင် မင်းသား မင်းသမီး ဟန်ပန် ၊ ဘုရင် အကြောင်း ဟောပြောလျှင် ဘုရင် ဟန်ပန် ၊ သူဌေးခန်းတွင်လည်း သူဌေးဟန်ပန် စသည်ဖြင့် ဆိုင်ရာ အခန်းအလိုက် သရုပ်ဆောင်ကာ ဟောပြောရ၏ တရားနာ ပရိသတ် စိတ်ဝင်စားလာစေရန် ဆွဲဆောင်၍ ဟောပြောရလေသည်။

ပအိုဝ်းစာဟောဆရာသည် လွမ်းခန်းဆွေးခန်း သောအခန်းများတွင်လည်း သရုပ် ပါပါ ဟန်ပါပါ နှင့်ဟောပြော သဖြင့် လူကြီး လူငယ် လူလတ်မရွေး နှစ်ချိုက်သဘောကျကြသည်။ လွမ်းခန်းတွင် မျက်ရည်ကျစေပြီး ၊သော ခန်းတွင် ၀ါးဝါးပွဲကျစေပါသည်။ ပျင်းရိငြီးငွေ့ဖွယ် အခန်းတွင်လည်း မငိုက်ရလေအောင် ပြက်လုံးထုတ် ဟော
ပြောကြရ၏ ပရိတ်သတ်ကို ငိုအောင် ရီအောင် ဖန်တီးနိုင်စွမ်းသော သူများပင်ဖြစ်သည်။ ပညာရည် ၀ သော စာဟောဆရာများသည် လေးလုံးတစ်ပါဒ ကဗျာ လင်္ကာများကို လက်တန်းစပ်ဆို ဟောပြောသွားလေသည်။

ပအိုဝ်းစာဟောဆရာမျာသည် ဒါနအကြောင်း ၊ အဆိုးအကောင်းကို ဟောပြောသောအခါ တရားနာ ပရိတ်သတ် သည်သံဝေဂ ရလာသည်။ဗဟုသုတလည်းရ၏ ဒါန၊ သီလ ၏ အကျိုးတရားကိုလည်း သိလာနိုင် သည်။ထို့ကြောင့် အလှူရှင် ကို စေတနာ ထက်သန်စေသည်။လူမိုက် လူဆိုး လူပေ လူတေ များကလည်း ယဉ်ကျေးသိမ်မွေ့ လာနိုင်သည်။ ပအိုဝ်းတိုင်းရင်းသားတို့တွင် ပအိုဝ်းလူထုကို မျက်စိဖွင့်ပေးသော ပအိုဝ်း စာဟောဆရာနည်းနေခြင်း ၊ စာမဖတ်တတ်ခြင်းတို့ကြောင့် အကြားအမြင် ဗဟုသုတ နည်းနေပေသေးသည်။

ပအိုဝ်းစာဟော ဆရာသည် ပင့်ဖိတ်သည့် ပွဲတကာနှင့် တရားနာ ပရိတ်သတ် ရှိမှသာ တရားဟောနိုင်လေ သည်။ပအိုဝ်း စာဟေဆရာများသည် ပအိုဝ်းတိုင်းရင်းသားတို့၏ အကြားအမြင် ဗဟုသုတ တိုးပွားလာအောင် စွမ်းဆောင်ပေးသူများပင် ဖြစ်သည်။ ထို့ပြင် ပအိုဝ်းတိုင်းရင်းသားတို့၏ သာသနာ ထွန်းကားရေး တိုးတတ်ရေး ပညာရေးတို့အတွက် တတ်နိုင်သမျှ စွမ်းဆောင်ရပေသေးသည်။ ဤ လုပ်ငန်းများသည် ပအိုဝ်းတိုင်းရင်းသား စာဟောဆရာတို့၏ လုပ်ငန်းများ ပင် ဖြစ်လေသည်။

ဖိတ်ကြားခြင်းခံရသော ပအိုဝ်းစာဟောဆရာသည် တစ်ဦးတစ်ယောက်တည်း လာလေ့မရှိပေ။ မိမိထံတွင် ပညာသင်ယူနေသော မိမိ၏သား(သို့မဟုတ်) မိမိထံတွင် ပညာသင်ယူနေသူ တစ်ဦးဦးကိုလည်းကောင်း ၊ မိမိ ထက်ပညာနုသောလက်အောက်စောဟောဆရာတစ်ဦးဦးကိုလည်းကောင်း အတူခေါ်သွားလေ့ရှိသည်။
ဟောပြောသောအခါတွင်လည်း မိမိနှင့်အတူ ပါလာသော မိမိထံတွင် ပညာသင်ယူနေသူ(၀ါ) မိမိလက်အောက် ဆရာအတွေ့အကြုံယူသည့် အနေဖြင့် အရင်ဆုံးစ၍ ဟောရလေသည်။ ထိုသူကို ပအိုဝ်း တိုင်းရင်းသားတို့က (မော်ပေး) (စာဟောဆရာငယ်) ဟုခေါ်၏

စာဟောပြောပြီးသောအခါ ပွဲတကာထံမှ ဥာဏ်ပူဇော်ခ ဆုငွေကိုရရှိလေသည်။ မြန်မာဇာတ်၊ အငြိမ့်ဖွဲ့များ ကဲ့သို့ပင်ပရိတ်သတ်ထဲမှအချို့နှစ်သက်သဘောကျသူများကဆုငွေအဖြစ် ပေး စာဟောပြောရင်း ခေတ္တခဏ ရပ်နားထားချိန်တွင် တရားနာ ပရိတ်သတ်ထဲမှ တစ်ဦးဦးက ကွမ်းအစ် ဖုံးဖြင့် တရားနာ ပရိတ်သတ်အားလုံး အလှူငွေ ကောက်ခံလေသည်။တရားနာ ပရိတ်သတ်ကလည်း စေတနာ တတ်အားသမျှ ထည့်ဝင်လှူဒါန်းကြ သည်။ ထိုငွေကို ဥာဏ်ပူဇော်ခ ဆုငွေတွင်ထည့်ရသည် ။ မြန်မာဇာတ် အငြိမ့်အဖွဲ့များ၌ ဆုငွေကို ဆုပေး ခံ ရသည့် မင်းသား မင်းသမီးက ရရှိသော်လည်း ပအိုဝ်း စာဟောဆရာတွင် ထိုသို့ မဟုတ်ချေ။ ရရှိသော ငွေကို အလှူ ပွဲတွင်ထည့်ပြီး ၊ အကယ်၍ နှစ်ယောက်ဟောပြောပါက နှစ်ယောက်စလုံး အညီအမျှ ခွဲယူကြသည်။ သို့ သော်ခေါင်းဆောင်ဆရာ စာဟောဆရာက ပို၍ ရတတ်သည်။

တစ်ခါတစ်ရံ တစ်နေ့လုံး တစ်ညလုံး မတ်တပ်ရပ် အညောင်းခံ၍ ဟောပြောရ၏ ဤသို့ပင်ပန်းသော်လည်း တရားတော် ဆုငွေ ပေးသူများထဲမှ မသိနားမလည်သူအချို့က ဒါလောက်တရားလေးဟောတာများ အများကြီး ရတယ် ဟူ ၍ ညည်းတွားကြသေး၏ တရားပွဲပြီးသောအခါတွင် ပရိတ်သတ်၏ တောင်းဆို ချက် အရ အလှူဒါန ကိုချီးမြောက်သော လင်္ကာကို လက်တန်း ရွှတ်ဆိုပြရသေး၏ အချို့လူငယ် လူရွယ်များက တရားတော်နှင့် လင်္ကာကို မကြားချင်သဖြင့် အပျို လူပျို ချစ်ရေးဆိုဟန် လင်္ကာများကို ရွှတ်ဆို ခိုင်းတတ်ကြ သည်။ စာဟောဆရာသည် မငြီးငြူဘဲ၊ သက်ဆိုင်ရာ ပရိတ်သတ်အကြိုက်ကို လိုက်၍ ရွှတ်ဆိုရလေသည်။

သာသနာပြုပုဂ္ဂိုလ်များ

အချို့အမျိုးသမီးများသည် ဆရာနှင့်ယူလျှင် ခွဲအိပ်ရသည်။ စာဟောဆရာနှင့်ယူလျှင် အေးအေးဆေးဆေး အိပ်ရသည်။ လူပျင်းကိုယူလျှင် နွေးနွေးထွေးထွေး အိပ်ရသည် ဟူ၍ စာဟောဆရာ၏ ဂုဏ်သိက္ခာ ကိုနှိမ့်ချ၍ ပြောတတ်ကြ၏ အချို့သိတတ်နားလည်သူ အမျိုးသမီးများကမူ လတ်ဆတ်သော သပြေပန်း နုနု ကိုတွေ့ပါက လင်ယောင်္ကျင်္ား ဆရာကိ သတိရသည် ဆို၏ နေဇာမြက်ကို တွေ့ပါက လင်ယောင်္ကျား စာဟော ဆရာကို သတိရ၏ သံချေးတတ်နေသော သံကို တွေ့ပါက ပန်းဘဲလုပ်သော လင်ယောင်္ကျားကို သတိရ၏ ဟူ၍ စာဟောဆရာကို ချီးမွမ်းသည့် အမျိုးသမီးများလည်းရှိသည်။စာဟောဆရာကို ချီးမွမ်းသည့် အမျိုးသမီး များကား လင်ယောင်္ကျား စာဟောဆရာ၏ ပါရမီကို ဖြည့်ဆည်းပေးသူ အမျိုးသမီးကောင်းများပင်တည်း။

ယခု အခါ လောကီစာပေကို အသင်များလာသဖြင့် လောကုတ္တရာစာပေကို သင်ယူသူ မရှိသလောက် ဖြစ် သည်။ ထို့ကြောင့် နောက်တွင် စာဟောဆရာများပပျောက် သွားဖွယ်ရှိပေသည်။ ပအိုဝ်းတိုင်းရင်း သားများ ၏ စာပေနှင့်ယဉ်ကျေးမှုသည် ပအိုဝ်းစာဟာဆရာ၏ လက်တွင် ရှိသည်ဟု ဆိုက ဆို နိုင်ပေသည်။ ပအိုဝ်းစာဟော ဆရာများ မတိမ်ကော မပပျောက်စေရေး အတွက် ပအိုဝ်းစာဟော ဆရာအသင်း ကို ဖွဲ့စည်း တည်ထောင် ထားသင့်ပေသည်။

ပအိုဝ်းတိုင်းရင်း သားတို့၏ စာပေတွင်တွေ့ရသော ကဗျာ လင်္ကာ အရေးအသားများသည် ပညာတတ် ရဟန်း သံဃာ တော်များ ၊ ပအိုဝ်းစာဟောဆရာများက ရေးဖွဲ့သည်က များ၏ ထို့ကြောင့် ပအိုဝ်း စာဟောဆရာများသည် မြတ်စွာ ဘုရား၏ တပည့် ရဟန်း သံဃာတော်တို့ ၏ ကိုယ်ပွားများဟုဆိုနိုင်ပေသည်
တစ်နညးအားဖြင့် ပအိုဝ်း စာဟောဆရာများသည် မြတ်စွာဘုရား၏ ပေးအပ်ထားသည့် တာဝန်ကို ကျေပွန် စွာထမ်းဆောင်ပေးနေကြသော သာသနာ့ ၀န်ဆောင်များပင် ဖြစ်ကြသည်။ မြတ်စွာဘုရား၏ သာသနာတော် ပြန့်ပွားစည်ပင်ရေး အတွက် သာသနာပြု ပုဂ္ဂိုလ်များဟု ဆိုကလည်း ဆိုကောင်းရာပါသည်။

0 comments:

Post a Comment