လယ်ယာစိုက်ပျိုးရေးလုပ်ငန်း

ဘားအံမြို့နယ်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားတို့သည် သံလွင်မြစ်ဝှမ်း နုန်းတင်မြေနု အရပ်များ၌ မြေပြန့်လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အခြားတိုင်းရင်းသားများ နည်းတူ စိုက်ပျိုးလုပ်ကိုင်ကြသည်။ မြေမျက် နှာပြင် အနိမ့်အမြင့်၊ မြစ်ရေ၊ ချောင်းရေ အတက်အကျတို့ကြောင့် ကောက်ကြီးစပါး၊ ရေလိုက်စပါး၊ ပတတ်စပါးနှင့် မုရင်းစပါးတို့ကို အချိန်ရာသီအလိုက် စိုက်ပျိုးကြလေသည်။

ကုန်းလယ်တွင် စပါးသက် ငါးလရှိသော အီကလဲနှင့် ကုလားလေး စပါးကို စိုက်ပျိုးကြသည်။ ကုန်းလယ်မှာ မိုးရေသောက်လယ်ဖြစ်၍ ကဆုန်၊ နယုန် မိုးဦးကျတွင် ပျိုးထောင်ပြီး ၀ါဆို၊ ၀ါခေါင်လတွင် ပျိုးနုတ် ကောက် စိုက်ကြသည်။ တန်ဆောင်မုန်း၊ နတ်တော်လတွင် ရိတ်သိမ်းကြ၏။

ပတတ်လယ်မှာ မြင့်သောမြေတွင် စပါးသက် သုံးလရှိသော ရေမနိုင်စပါး၊ ထောလပတ်စပါးတို့ကို စိုက်ပျိုး ကြသည်။ မိုးဦးကျအခါတွင် ထွန်တိုက် ထားရသည်။ တော်သလင်း၊ သီတင်းကျွတ်လဆန်းတွင် ပျိုးကြဲပြီး တန်ဆောင်မုန်းလပြည့်ကျော် နတ်တော်လဆန်းတွင် ပျိုးနုတ်ကောက်စိုက်ကြသည်။ တပို့တွဲလပြည့်ကျော် တပေါင်းလဆန်းတွင် ရိတ်သိမ်းကြသည်။

ယင်းစပါးများအပြင် မုရင်းလယ်၌ စပါးသက်တမ်း လေးလခွဲရှိသော ထောလပတ် စပါးကိုလည်း စိုက်ပျိုး ကြသည်။ ထောလပတ် စပါးစိုက်ရန် မုရင်းလယ်ကို မိုးဦးကျတွင် ထွန်တိုက်ထားရသည်။ တန်ဆောင်မုန်း လ တွင် ပျိုးကြဲပျိုးထောင်၍ နတ်တော်လပြည့်ကျော် ပြာသိုလဆန်းတွင် ပျိုးနုတ် ကောက်စိုက်ကြပြီး တန်ခူးလ သင်္ကြန်လွန်လျှင် ရိတ်သိမ်းကြသည်။

0 comments:

Post a Comment