အာလူးနှင့်ကြက်သွန်ဖြူ

ပအိုဝ်းတိုင်းရင်းသားတို့သည် ခြံစိုက်ပျိုးရေးတွင် ၀ါသနာထုံကြ၏။ ထို့ကြောင့် အာလူးနှင့် ကြက်သွန်ဖြူကိုလည်း စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူကို အများဆုံး စိုက်ပျိုးကြ၏။ အာလူးကို အခြားတိုင်းရင်းသားများ နည်းတူ စိုက်ပျိုးကြ၏။ အာလူး အများဆုံး စိုက်ပျိုးသောမြို့နယ်များမှာ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ပင်းတယမြို့နယ်တို့ ဖြစ်ကြ၏။ ကျန်မြို့နယ်များတွင် အနည်းအကျဉ်းမျှသာ စိုက်ပျိုးကြသည်။ ယခင်က တောင်ကြီးခရိုင်တွင် အာလူးစိုက်ဧကပေါင်း သုံးထောင်ကျော်ရှိပြီး တစ်နှစ်လျှင် ပိဿာချိန် ၄၅ သိန်းခန့် ထွက်ရှိခဲ့သည်ဟု သိရသည်။ နှစ်စဉ် ပြည်တွင်းသုံး အားလူးများ ပိုလျှံသဖြင့် စိုက်ဧကများကို တဖြည်းဖြည်း လျှော့ချခဲ့သည်ဟု ဆိုသည်။ အာလူးအစား မြေပဲစိုက်ပျိုးရန် စိုက်ပျိုးရေးဌာနမှ ကြိုးပမ်းခဲ့သည်။

အာလူးစိုက်ပျိုးရေးတွင် ပအိုဝ်းတိုင်းရင်းသားတို့ ရင်ဆိုင်နေရသော ပြဿနာမှာ “ အာလူးလောင်ရောဂါ ” ခေါ် “ လောင်မဲရောဂါများ ” ကျရောက်ခြင်းပင် ဖြစ်သည်။ ဤရောဂါကျရောက်လျှင် အာလူးခင်းများ တစ်ပြိုင်တည်း ညှိုးကျသေဆုံးကုန်ကြသည်။

ကြက်သွန်ဖြူကို အနည်းငယ်ပူနွေးသော မြေပြန့်အရပ်ရေချောင်း၏ ၀ဲယာ အရပ်များ၊ ချိုင့်ဝှမ်းများတွင် စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူကို အများဆုံး စိုက်ပျိုးသော ပအိုဝ်းကျေးရွာများမှာ တောင်ကြီးမြို့နယ်တွင် နောင်ပစ်၊ နောင်ကား၊ ထီရီး၊ နာရီး၊ ဟမ်စူးကျေးရွာများဖြစ်၏။ ဆီဆိုင်မြို့နယ်တွင် သဲခေါင်၊ ဗန်းကန်၊ ပင်စုံ၊ လွယ်ပွတ်၊ နန်းသြ၊ တွယ်ဖူးကျေးရွာများ ဖြစ်၏။ တောင်ကြီးမြို့နယ်တွင် ပေါ့မူ၊ ဘန်းကွေးဆယ်လဲ ကျေးရွာများဖြစ်၏။ လွိုင်လင်မြို့တွင် နောင်တောင်၊ ၀ါခရာရွာတို့ ဖြစ်ကြ၏။

တောင်ခြေချိုင့်ဝှမ်းနှင့် လယ်ကွင်းများထဲတွင်လည်း ကြက်သွန်ဖြူကို စိုက်ပျိုးကြ၏။ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသတွင်လည်း ကြက်သွန်ဖြူကို သနပ်ဖက်ခင်းများတွင် ရော၍စိုက်ပျိုးကြသည်။ အခြားဒေသများတွင်လည်း မိမိတို့အိမ်ထောင်စု စားသုံးရန်အတွက် စိုက်ပျိုးကြသည်။

ကြက်သွန်ဖြူ ဦးစားပေး စိုက်ပျိုးလုပ်ကိုင်သော ပအိုဝ်းတိုင်းရင်းသား အိမ်ထောင်စုတစ်စု၏ တစ်နှစ်ဝင်ငွေမှာ ၃၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ် ကြားတွင်ရှိသည်။ ကြက်သွန်ဖြူ၏ ကာလပေါက်ဈေးမှာ သုံးဆယ့်ငါးကျပ်မှ လေးဆယ့်ငါးကျပ်အထိ ရှိသည်။ ထွက်ရှိသော ကြက်သွန်ဖြူများကို မြို့ပေါ်ရှိ ကုန်သည်ပွဲစားများထံ သွားရောက်ရောင်းချကြရသည်။ ကြက်သွန်နီကား မဖြစ်ထွန်းချေ။ အဥသေး၏။ ထို့ကြောင့် စားသုံးရန်အတွက်လောက်သာ စိုက်ပျိုးကြသည်။

0 comments:

Post a Comment