ပွယ်လော

ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိတို့ရွာမှ ကျောင်းထိုင်ဘုန်းတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူပါက မြန်မာမားနည်းတူ ဘုန်းကြီးပျံပွဲကို စည်စည် ကားကား ခမ်းခမ်းနားနား ကျင်းပကြ၏။ ဘ၀နတ်ထံ ပျံလွန်တော်မူလေပြီးသော ဆရာတော် ဘုန်းတော်ကြီးအား မီးသင်္ဂြိုဟ်ပူဇော်သည့် ဘုန်းကြီးပျံ ပွဲတော်ကို ပအိုဝ်း တိုင်းရင်းသားတို့က “ ပွယ်လော ” ဟုခေါ်၏။ “ ပွယ်လော ” မှာ “ လှည့်းပွဲ ” ဟု အဓိပ္ပါယ် ရလေသည်။ ဘ၀နတ်ထံ ပျံလွန်တော် မူသော ဆရာတော် ဘုန်းကြီးသည် သက်တော်ဝါတော်ကြီး ဆရာတော်၊ တကားများက ရိုသေကြည်ညိုသည့် ဆရာတော် ဖြစ်ပါက တကာများ၏ ဆန္ဒအပေါ် မူတည်၍  ခမ်းခမ်းနားနား ကျင်းပကြသည်။ သက်တော်ဝါတော်ကြီး ဘုန်းကြီးသာမက သက်တော်ဝါတော်ကြီး ဦးပဉ္ဇင်း ပျံလွန်တော် မူပါကလည်း၊ ဘုန်းကြီးပျံပွဲကို ကျင်းပလေ့ရှိကြသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် “ ပွယ်လော ” ခေါ် ဘုန်းကြီးပျံပွဲကို တောင်ယာလုပ်ငန်း ခြံလုပ်ငန်း အားလပ်ချိန်များ ဖြစ်သည့် ပြာသို၊ တပို့တွဲ လများတွင် ကျင်းပကြလေသည်။ အလုပ်အားချိန်တွင်သာ ကျင်းပကြသဖြင့် ပွဲတော်ရက် ကြာတတ်လေသည်။ အချို့ကလည်း ပွဲတော်ခမ်းနားရေးအတွက် ပစ္စည်းစုဆောင်း ပြင်ဆင်ရ၍ အချိန်ကြာလေသည်။

ဘုန်းတော်ကြီး ဘ၀နတ်ထံပျံလွန်တော်မူသည်နှင့် ကျောင်းရှေ့တွင် ပြာသာဒ်ကို ဆောက်ကာ ရိုးရာစပ်ပန်းချီဖြင့် လှပစွာ မွမ်းမံအလှဆင်ကြ၏။ ထိုပြာသာဒ်ကို ပအိုဝ်း တိုင်းရင်းသားတို့က “ ကျောင်နိဗ္ဗာန် ” ဟုခေါ်၏။ ထိုနောက် ရုပ်ကလာပ်တော်ကို “ ကွမ် ” ခေါ် လောင်တိုက်ထဲသို့ထည့်ကာ လုံအောင်ပိတ်ပြီး ပြာသာဒ်ကို ပြောင်းရွှေ့လေသည်။ အချို့ဘုန်းတော်ကြီးတို့သည် “ ကွမ် ” ခေါ် လောင်တိုက်ကို ဘ၀နတ်ထံ မပျံလွန်တော်မူမီ ကြိုတင်ပြုလုပ်ထားတတ် ကြ၏။

ရုပ်ကလာပ်တော် ပြဿဒ်တွင် စံနေတော်မူစဉ် ရွာသားများ အလှည့်ကျစောင့်ကြရ၏။ အခြားရွာမှလည်း လာ၍ အလှူငွေ ထည့်ဝင် လှူဒါန်းကြ၏။ ရိုးရာ စပ်ပန်းချီဆရာက ကုဝေရ၊ ၀ိရူပက္ခ၊ ဓတရဋ္ဌ၊ ၀ိရုဠက စသော နတ်မင်းကြီးလေးပါး အရုပ်ပန်းချီကားကို ရေးဆွဲ၏။ နတ်မင်းကြီးလေးပါး အရုပ်ပန်းချီကား ရေးဆွဲပြီးသောအခါ ထိုနတ်မင်း အရုပ်ပန်းချီကားဖြင့် ရုပ်ကလာပ်တော်ကို စောင့်စေ၏။ နတ်မင်းကြီးလေးပါ အရုပ် စောင့်ပြီးပါက ရွာသားများ စောင့်စရာ မလိုတော့ချေ။

ရုပ်ကလာပ်တော်ကို ကျောင်းပေါ်မှနေ၍ “ ကျောင်နိဗ္ဗာန် ” ခေါ် ပြာသာဒ်သို့ ပြောင်းရွှေ့သည့်နေ့တွင် ပွဲလာဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေး၏။ “ မော် ” ခေါ် ပအိုဝ်း စာဟောဆရာကလည်း တရားကို ဟောပြော၏။ ရုပ်ကလာပ်တော် ပြာသာဒ်တွင် စံနေတော်မူစဉ် ကာလအတွင်း ရွာမှဖြစ်စေ၊ အခြားရွာမှ ဖြစ်စေ လင်္ကာကျွမ်းကျင်သူ အမျိုးသမိး လေးငါးယောက်တို့သည် ဘုန်းတော်ကြီးကို တမ်းတလွမ်းဆွတ်သည့် အကြောင်းနှင့် သံဝေဂတရား ရစေသည့် အကြောင်းကို သံနေသံထားဖြင့် လင်္ကာရွတ်ဆို၏။ ထိုသို့ လင်္ကာရွတ်ဆိုခြင်းသည် ကုသိုလ်ရသည်၊ ကုသိုလ်ကြီးသည်ဟု ယုံကြည့်ယူဆ ကြလေသည်။

ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်တော့မည် ဆိုပါက နှစ်ရက်ကြာပွဲကျင်းပ၏။ ပွဲပထမနေ့ကို “ ခမ်ထင် ” (ဧည့်ခံပွဲ)ဟု ခေါ်ပြီး ထိုနေ့တွင် ပွဲလာသူတို့အား ဧည့်ခံကျွေးမွေးလေသည်။ ထိုနေ့တွင်လည်း “ မော် ” ခေါ် ပအိုဝ်းစာဟောဆရာ ပအိုဝ်း ဇာတ်ကို ပင့်ဖိတ်ကြ၏။ ရုပ်ကလာပ်တော်ကို “ ကျောင်နိဗ္ဗာန် ” ခေါ် ပြာသာဒ်မှချသည်နှင့် “ ကျောင်နိဗ္ဗာန် ” ကို ချက်ချင်းဖျက်ရသည်။

ရုပ်ကလာပ်တော်ကို မီးမသင်္ဂြိုဟ်မီ ရုပ်ကလာပ်တော်ကို တင်ဆောင်ရန် ရှစ်လက်မခန့်ထူသည့် သစ်သားကြီးများဖြင့် ပြုလုပ်ပြင်ဆင်ကြသည်။ ထို့နောက် ထွင်းထုထားသော သစ်သားဘီးဖြင့် တပ်ကာ နှီးကြိုးကြီးများဖြင့် ဆွဲကြသည်။ ထို့ကြောင့် ပအိုဝ်း တိုင်းရင်းသားတို့က “ ပွယ်လော ” (လှည်းဆွဲပွဲ) ဟုခေါ်ကြခြင်း ဖြစ်၏။ ယခုအခါ လွယ်ကူမှုကိုလိုက်၍ လှည်းဘီးကို ဖြုတ်၍တပ်ကြသည်။ ပွဲပြီးလျှင် ပိုင်ရှင်ကို ပြန်ပေး၏။ အချို့က ဘီးမတပ်ဘဲ ဆွဲရာ ထိုဆွဲနည်းကို “ ထို့ကျွတ် ” ဟုခေါ်၏။ ဤဆွဲနည်းမှာ ဘေးကင်းပြီး ဆွဲသည့်လူအားပေါ်တွင် မူတည်၍သွားလေသည်။ ဘီးမပါသဖြင့် အဆွဲရပ်သောအခါ နေရာလည်း မရွှေ့ပေ။ ရုပ်ကလပ်တော်ကို တင်သည့် လှည်းကိုဆွဲရာတွင် အမဲသားစိမ်း ကျွေးပေးရ၏။ သို့မဟုတ်ပါက လှည်းဆွဲ သူတို့အား ထိခိုက်ဒဏ်ရာရစေတတ်သည်ဟု အယူရှိကြလေသည်။

ရုပ်ကလာပ်တော်ကို တည်သည့်လှည်းကို ဆွဲရန်နှီးကြိုးကြီးကို ကျစ်ရန်အတွက် ရွာမှလူအင်အား နည်းပါက အခြားရွာကို တာဝန်ပေး ကျစ်ခိုင်းကြသည်။ လှည်းဆွဲမည့် နေရာပေါ် မူတည်၍ ကြိုးအတိုအရှည်ကို ကျစ်ကြလေသည်။ နှီးကြိုးကြီးမှာ လုံးပတ်ခြောက်လက်မခန့် ရှိ၏။ နှီးကြိုးကြီးမှာ လုံးပတ် ခြောက်လက်မခန့် ရှိ၏။ နှီးကြိုးကြီးမှာ နှီးကြိုးငယ် ကိုးပင်ကို စုပေါင်းကျစ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် ထိုကြိုးကို “ ကောက်ကြို ” (ကိုးပင်ကြိုး)ဟု ခေါ်သည်။ ရုပ်ကလာပ်တော်ကိုတင်သည့် လှည်းဆွဲရာတွင် တစ်ရွာနှင့်တစ်ရွာ၊ တစ်ဒေသနှင့်တစ်ဒေသ ပြိုင်၍ဆွဲလေ့ရှိကြ၏။ နိုင်သူတို့က ရှုံးသူတို့အား “ ယီးယီး ” ဟု လက်ညှိုးထိုးကာ လှောင်ပြောင်ကျီစယ် ကြလေသည်။

မီးသင်္ဂြိုဟ်ရက် နီးလာသည်နှင့် မီးသင်္ဂြိုဟ်ရာတွင် လိုအပ်မည့် ဓား၊ ရဲဒင်း၊ တူ၊ လွှ စသည်တို့ကို ငွေရောင်၊ ရွှေရောင် စက္ကူဖြင့် ကပ်ကြသည်။ မီးသင်္ဂြိုဟ်သည့် နေ့တွင် ထိုပစ္စည်းကို အသုံးပြုပြီး အသုံးပြုသူသည် ထိုပစ္စည်းကို မိမိအိမ်သို့ ယူသွားခွင့်ရှိ၏။ မီးသင်္ဂြိုဟ်ရန် ထင်းကို ရွာသားများက စုဆောင်းကြရသည်။ ထင်းရိုင်းများအပေါ်တွင် “ စိုနမ်စာ ” ခေါ် နံ့သာထင်း လေးချောင်း သို့မဟုတ် ရှစ်ချောင်းကို တင်ထားရ၏။ ရုပ်ကလာပ် အပေါ်တွင်လည်း “ မို့ ” ခေါ် ပိတ်ဖြူကို ဖြန့်မိုးထားရ၏။ မွန်းလွဲ ၂ နာရီခန့်တွင် မီးသင်္ဂြိုဟ် ကြလေသည်။

လောင်တိုက်ကို မီးသင်္ဂြိုဟ်ရာတွင် “ မေရှူး ” ခေါ် မီးရှူးဖြင့် မီးရှို့လွှတ်သင်္ဂြိုဟ်ကြ၏။ “ မေရှူး ” ခေါ် မီးရှူးကို အောက်မှနေ၍ သွပ်ကြိုးဖြင့် တန်းကာ ရှို့လွှတ်ကြသည်။ ထိုအခါ “ မေရှူး ” ခေါ် မီးရှူးသည် သွပ်ကြိုးတစ်လျောက် ပြေးပြီး လောင်တိုက်ကို ထိမှန်ကာ မီးလောင်ကူးစက်လေသည်။ အချို့က ပုခက်သဖယ်ပြုလုပ်၍ သင်္ဂြိုဟ်ကြသည်။ သင်္ဂြိုဟ်ပုံမှာ လူလေးယောက်ကို တစ်ဖက်နှစ်ယောက်စီ ရုပ်ကလာပ်တော်ကို ပုခက်လွှဲ၍ မီးသွေးဖြင့် သင်္ဂြိုဟ် ကြခြင်းဖြစ်၏။ မီးသင်္ဂြိုဟ်ရာတွင် မီးလုံးဝ မကြွင်းကျန်စေရပေ။ မီးကြွင်းမီးကျန် ရှိနေပါက ရွာကိုထိခိုက်တတ်သည်ဟု အယူရှိကြသည်။ သင်္ဂြိုဟ်ပြီးသော အခါ အရိုးကိုကောက်ပြီး ရွာ၏ “ သီရိ ” မြေနေရာတွင် “ မုတ် ” ခေါ် ဂူကိုတည်ကြလေသည်။ “ ပွယ်လော ” ခေါ် ဘုန်းကြီးပျံ ပွဲတော်သည်လည်း “ ပွယ်လုဖိုင် ” ခေါ် ဒုံးလွှတ်ပွဲကဲ့သို့ ပအိုဝ်းရိုးရာ ဓလေ့ပွဲတော်များတွင် အပျော်ဆုံး ပွဲတစ်မျိုးပင်ဖြစ်၏။

0 comments:

Post a Comment