ရာသီပွဲတော်များ

ပအိုဝ်း တိုင်းရင်းသားတို့တွင် ဆယ့်နှစ်ရာသီစလုံး ပွဲတော်များ ရှိလေသည်။ ဆယ့်နှစ်ရာသီ ပွဲတော်များအနက် သင်္ကြန်ပွဲ၊ ၀ါကျွတ်ပွဲ၊ ကထိန်ခင်းပွဲ များကိုသာ ခမ်းခမ်းနားနား၊ သိုင်းသိုင်းဝိုင်းဝိုင်း ကျင်းပကြသည်။ အခြားလများတွင်လည်း ရာသီအလိုက် ပွဲတော်များ ကျင်းပကြ၏။

နှစ်သစ်သို့ ကူးပြောင်းချိန်ဖြစ်သော အတာသင်္ကြန် ရက်များတွင်လည်း ပအိုဝ်း တိုင်းရင်းသားတို့သည် မြန်မာများနည်းတူ သင်္ကြန်ပွဲတော်ကို နွှဲပျော်ကြသည်။ သင်္ကြန်ကျရက်မှ နှစ်ဆန်းတစ်ရက်နေ့အထိ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ကန်တော့ပွဲများဖြင့် ရွာတွင်းရှိ သက်ကြီးရွယ်အိုများကို သွားရောက်ကန်တော့ ကြသည်။ အသက်အရွယ် မကြီးသော်လည်း ဥပုသ်သီလ ဆောက်တည်သူများကို အကန်တော့ခံ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကာ ကန်တော့ကြသည်။

သင်္ကြန်အကြိုနေ့တွင် ဘုရားကျောင်းကန် ဇရပ်များသို့ ရွာလုံးကျွတ် သွားရောက်၍၊ ဗုဒ္ဓရုပ်ပွားတော်များ စေတီတော်များကို ရေသပ္ပါယ်ကြသည်။ သက်ကြီး ရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ ချိုးရေခပ်ပေးခြင်းများ ပြုလုပ်ပေးကြသည်။ ဗုဒ္ဓရုပ်ပွားတော်များကို ရေသပ္ပါယ်နိုင်ရန် ဘုန်းတော်ကြီး ကျောင်းရှေ့တွင် နေရာသီးသန့် ပြုလုပ်ထားကြသည်။

ထို့ပြင် သင်္ကြန်ကာလ သုံးရက်အတွင်း မည်သည့်တောင်ယာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းကိုမျှ မပြုလုပ်ကြချေ။ အစားအသောက်မှအစ သုံးရက်စာ ကြိုတင် သိုလှောင်ထားကြသည်။ အချို့မှာ သောက်သုံးရေကိုပင် သုံးရက်အတွက် ကြိုတင် ခပ်ထားကြသည်။

သင်္ကြန်ရက်များအတွင်း မိမိတို့ရွာ၏ ၁၀ မိုင်ပတ်ဝန်းကျင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကလေးလူကြီးမကျန် အိုးစည်ဗုံမောင်းများတီးကာ၊ သွားရောက် ကန်တော့ကြသည်။ ဤသို့ဘုန်းကြီးကျောင်း တက်သည်ကို ပအိုဝ်း ဘာသာအားဖြင့် “ ထန်ကျောင် ” ဟုခေါ်၏။

သင်္ကြန်ကျချိန်တွင် မြန်မာများကဲ့သို့ပင် ရေပက်သော အလေ့အထရှိ၏။ အများအားဖြင့် သင်္ကြန်အတက်ရက်တွင် ရေပက်လေ့ရှိကြသည်။ ဘုရားသွား ကျောင်းတက် သူများကိုမူကား မပက်ကြပေ။

ကဆုန်လနှင့် နယုန်လတွင် ပအိုဝ်း တိုင်းရင်းသားတို့သည် ကုသိုလ်ပြုရန် ဘုန်းတော်ကြီးကျောင်းသို့ စုပေါင်း၍ သွားလေ့ရှိကြသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်း၍ ဆွမ်းချက်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ဥပုသ်စောင့်သူများကို ထမင်းကျွေးခြင်း စသည်တို့ကို ပြုလုပ်ကြလေသည်။ ထို့ပြင် ကဆုန်လတွင် ပျော်ရွှင်မှုအတွက် “ ပွယ်လုဖိုင် ” ခေါ် ဒုံးလွှတ်ပြိုင်ပွဲကို စုပေါင်းဆင်နွှဲကြသည်။ ပအိုဝ်း တိုင်းရင်းသား တို့သည် ကဆုန်လ၊ နယုန်လကို နှစ်သစ်လ ဟု ယူဆကြ၏။ ထို့ကြောင့် တောင်ပေါ်ရှိ စေတီများတွင် ဆွမ်းလောင်းပွဲ ကျင်းပကြသည်။ ဆွမ်းလောင်းပြီးလျှင် “ လုဖိုင် ” ခေါ် ဒုံးကို ရှို့လွှတ်ကြသည်။ “ ပွယ်လုဖိုင် ” ခေါ် ဒုံးလွှတ်ပွဲသည် ပအိုဝ်း တိုင်းရင်းသားတို့၏ ပျော်စရာကောင်းသော ပွဲတစ်မျိုးပင်ဖြစ်၏။ ကဆုန်၊ နယုန်လများတွင် “ ပွယ်ပန် ” ခေါ် ရှင်ပြုပွဲကိုလည်း ကျင်းပကြသေး၏။

အများအားဖြင့်၊ ဘုန်းတော်ကြီးကျောင်း အနီးတွင် ဆယ်ပေပတ်လည်ရှိသော လေးထောင့်ပုံပတ်လည် အဆောက်အအုံကို ပြုလုပ်ထားလေ့ရှိ၏။ တိုင်လေးတိုင် စိုက်ထူထားပြီး အကာမရှိဘဲ၊ အမိုးမိုးထား၏။ အလယ်နေရာတွင် ဘုရားရုပ်ပွားတော်များ တင်ထားရန်စင်ဖြင့် ပြုလုပ်ထား၏။ ပွင့်ပြီးသော ဘုရားလေးဆူကို ရည်မှန်း၍ ဘုရားလေးဆူ တင်နိုင်ရန် ပြုလုပ်ထား၏။ ကျောင်းဆောင်နှင့် ဆယ်ပေအကွာနေရာတွင် ငါးပေခန့်အမြင့်ရှိသည့် ရေတံလျှောက်မှ ရေစီးလာလျှင် ရေများလည်၍ စီးဆင်းနိုင်စေရန် သစ်သားပြားအ၀ိုင်း ပြုလုပ်ထား၏။ ရုပ်ပွားတော်များပေါ်သို့ နိမ့်လျောသော ရေတံလျှောက် ပြုလုပ်ထားသဖြင့် ရေတံလျှောက်မှ ရေများ ရုပ်ပွားတော်များပေါ်သို့ စီးကျစေပြီး၊ ရေသပ္ပါယ်ပြီးသား ဖြစ်သွား၏။ အိမ်တွင်လည်း ဘုရား ရေသပ္ပါယ်လေ့ရှိကြ၏။ အများအားဖြင့် အမျိုးသားများက ဘုရားဆင်းတုတော်၊ ရုပ်ပွားတော်ကို ကိုင်ပြီး သန့်ရှင်းစေရန် ရေသပ္ပါယ်လေ့ ရှိကြ၏။ နှစ်ဟောင်းမှ အညစ်အကြေး စင်ကြယ်၍ နှစ်သစ်တွင် သန့်ရှင်းစေလိုသော စေတနာသဒ္ဒါတရားဖြင့် ကုသိုလ်ပြုကြခြင်း ဖြစ်၏။

ထို့ပြင် သက်ကြီးရွယ်အိုများကို ရေချိုးပေးခြင်း၊ ခြေဆေးလက်ဆေး ပေးခြင်း၊ ကျောင်း၊ ဘုရားသို့သွား၍ ဘုရားပန်းအိုးများ ဆေးကြောသန့်စင်ခြင်း၊  ရေအသစ်လဲခြင်း၊ ပန်းများအသစ်လဲခြင်း ကုသိုလ်ကောင်းမှုပြုကြ၏။ ပန်းကတော့များ ပြုလုပ်၍လည်း ဘုရားကို ကပ်လှူပူဇော်လေ့ရှိ၏။

သက်ကြီးများကိုလည်း ခေါင်းလျှော်ပေးကြ၏။ ခေါင်းလျှော်ရာတွင် ပထမဆုံး မိမိတို့ကျောင်းတက်စဉ်က ဘုရားတွင် လှူထားသော ရေကို အိမ်သို့ ယူဆောင်၍ ခေါင်းဆေးမင်္ဂလာပြုလေ့ ရှိကြသည်။ နေ့သားအလိုက် အရိပ်ကောင်းသော သစ်ပင်အောက်တွင် စုရုံး၍ ခေါင်းဆေးမင်္ဂလာ ပြုလေ့ရှိကြ၏။ ခေါင်းဆေးမင်္ဂလာ ပြုကြမည့်သူများအား ရေကို ခွဲဝေပေးလေသည်။

ရေကစားသည့် အလေ့ရှိသော်လည်း အနည်းအကျဉ်းလောက်သာ ကစားကြလေသည်။ ရေပက်ကစားခြင်းနည်း၏။ ရှေးအခါက၊ အမျိုးသားများသည် အမျိုးသမီးအား ရေလောင်းကစားကြ၏။ ရေလောင်းပုံမှာ ရေကို ဘူးတွင်ထည့်၍ အမျိုးသမီး၏ ကျောပြင် လက်မောင်း စသည်တို့ကို လောင်းလေ့ရှိ၏။ ရာသီဥတုအေးသဖြင့် ရေများစွာ လောင်းခြင်း၊ ပက်ခြင်းကို ရှောင်ကြဉ်ကြခြင်း ဖြစ်မည်ဟု ယူဆရပေသည်။

တန်ခူးလတွင် “ မုန်ဆီကျော်နှင့် မုန့်ဖက်ထုပ်များကို ပြုလုပ်၍ ဝေငှပေးလှူကြ၏။ မုန့်ဆီကြော်မှာ ကောက်ညှင်းမှုန့်ကို ကြံသကာရည်ဖြင့် ဖျော်၍ ဆီဖြင့် ကျော်ထားခြင်း ဖြစ်၏။ မုန့်ဖက်ထုပ်မှာ ကြံ့သကာရည်ဖြင့် ဖျော်ထားသော ကောက်ညှင်းမှုန့်ကို ငှက်ပျောဖက်ဖြင့် ထုပ်ထားခြင်းဖြစ်၏။ ပအိုဝ်း တိုင်းရင်းသားတို့က “ မုန့်ဆီကြော် ” ကို “ တခိုးစွမ် ” ဟု လည်းကောင်း၊ မုန့်ဖက်ထုပ်ကို “ တခိုးလွမ် ” ဟုလည်းကောင်း ခေါ်ကြသည်။ မုန့်ဆီကြော်၊ မုန့်ဖက်ထုပ် တို့ကို ဘုရားတင်ခြင်း၊ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း ပြုကြသည်။ အနီးအနား ပတ်ဝန်းကျင်ရွာများမှ ဆွေမျိုး မိတ်သင်္ဂဟ များကိုလည်း သွားရောက်ဝေငှ ပေးလှူကြ၏။

သင်္ကြံန်ရက်များအတွင်း မိမိတို့ရွာ၏ ၁၀ မိုင်ပတ်ဝန်းကျင် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကလေးလူကြီးပါမကျန် အိုးစည်ဗုံမောင်းများတီးကာ သွားရောက်ကန်တော့ကြသည်။ ကျောင်းတက်သည်ကို ပအိုဝ်း တိုင်းရင်းသားတို့က “ ထန်ကျောင် ” (ကျောင်းတက်သည်) ဟုခေါ်၏။ သင်္ကြံန်ရက် များတွင် ရွာလုံးကျွတ် ၃ ရက်မှ ၁၀ ရက်ခရီးအထိ လှူဖွယ်ပစ္စည်း စုံလင်စွာဖြင့် ကျောင်းတက်ကန်တော့ကြလေသည်။ ဘုန်းကြီးကျောင်း ကန်တော့ သွားရာတွင် အမျိုးသမီးများသည် ဆွမ်းဟင်းခဲဖွယ်များကို ချိုင့်နှင့်ဖြစ်စေ၊ ဖက်နှင့်ထုပ်၍ ဖြစ်စေ ယူဆောင်သွားလေ့ ရှိကြပြီး။ ဘုရားဆွမ်းတော်ကပ်ခြင်း၊ ဘုန်းတော်ကြီးကို ဆွမ်းကပ်ခြင်း ပြုလေ့ရှိကြသည်။ အချို့မှာ ကန်တော့ပြီး နောက်သီလယူ၍ ဥပုသ်စောင့်လေ့ ရှိကြသည်။ “ မော်အေး ” (ကွက်စိပ်ဟော) သည်ကို နားထောင်ကြသည်။

တန်ခူးလတွင် လက်ထပ်ခြင်းကို ရှောင်ကြဉ်ကြ၏။

ဝါတွင်းချိန်ခါ ဖြစ်သည့်ဝါဆို၊ ၀ါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်လများတွင် ကျင်းပကြသည့် ပအိုဝ်းတိုင်းရင်းသားတို့၏ ထူးခြားသည့်ပွဲမှာ “ သွံဥပုသ် ” ခေါ် ဥပုသ်ဆွမ်းပွဲပင် ဖြစ်၏။ အချို့ဒေသတွင်မူ “ စာဂ ” (ကျွေးမွေးသည်) ဟုခေါ်၏။ ဥပုသ်ဆွမ်း ကျွေးမွေးလှူဒါန်းသည့်ပွဲကို ၀ါတွင်းသုံးလဖြစ်သည့် ၀ါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ၊ လပြည့် လကွယ်နေ့တိုင်း မနက်ပိုင်းတွင် ကျင်းပကျ၏။ ဥပုသ်ဆွမ်းပွဲမှာ ဥပုသ်စောင့်သူများကို ကျွေးမွေးသည့် ပွဲပင်ဖြစ်၏။ ဤဓလေ့ကို ရှမ်းပြည်နယ်မှ ပအိုဝ်း တိုင်းရင်းသားများလည်း ကျင်းပကြသည်။ ၀ါတွင်းကာလတွင် “ မော် ” ခေါ် စာဟောဆရာကို ပင့်ဖိတ်ကာ စာဟောစေခြင်း စာဂ ကျွေးမွေးခြင်း ပြုကြသည်။

ဥပုသ်ဆွမ်းကို ရပ်ကွက်အလိုက် လည်းကောင်း၊ တစ်ရွာလုံးအနေဖြင့်လည်းကောင်း၊ ကျင်းပကြသည်။ ရွာကြီးပါက ရပ်ကွက်အလိုက် တာဝန်ယူကျင်းပ ကြသည်။ တာဝန်ကျသည့် ရပ်ကွက်သည် အလှူငွေ၊ ဆန် စသည်တို့ကို ရပ်ကွက်တစ်ခုလုံးတွင် ကောက်ခံ၍ ကျင်းပ၏။ ငွေအင်အားအလိုက် သင့်တော်သလို ကျွေးမွေးလှူဒါန်း၏။ အလှူငွေကောက်ခံခြင်း၊ ချက်ပြုတ်ခြင်း စသည်တို့ကို လူကြီး လူငယ်၊ အပျို အအိုမရွေး စုပေါင်းလုပ်ဆောင် ကြသည်ကို တွေ့ရသည်။

ဥပုသ်နေ့ညနေ ၃ နာရီမှ ၅ နာရီးအကြေားတွင် ကာလသား နှစ်ယောက်ခန့်သည် ပေါက်ပေါက်၊ အိုး၊ ဖယောင်းတိုင်၊ မီးခြင်း၊ ဆေး စသည်တို့ကို ယူဆောင်၍ ဥပုသ်ဇရပ်သို့ သွားရ၏။ ထိုနောက် ဥပုသ်စောင့်သူ လူကြီးသူမများကို ၄င်းတို့အဆင်သင့် ထားရှိသော ကွမ်းအစ်ဖုံး ခွက်စသည်တို့တွင် ပေါက်ပေါက် နည်းနည်းစီ ထည့်ပေးကြ၏။ ဥပုသ်သည်များကို ရိုသေစွာ ရှိခိုး၍ ရိုးရိုးစကားများဖြင့် လည်းကောင်း၊ ကဗျာ လင်္ကာဖြင့် လည်းကောင်း ပင့်ဖိတ်ရသည်။

ဥပုသ်သည် များကလည်း မိမိတို့ လက်ခံပါကြောင်းကို ရိုးရိုးစကားဖြင့် လည်းကောင်း၊ ကဗျာလင်္ကာဖြင့် လည်းကောင်း ပြန်လည်ဖြေကြားသည်။ ဥပုသ်သည်များကို ဖိတ်ရာတွင် ဘုန်းတော်ကြီးကို အလျင်အကြောင်းကြား ဖိတ်မန္တက ပြုပြီးမှ ဥပုသ်သည်များကို ဖိတ်ရ၏။ ထိုညတွင် ဥပုသ်စောင့် သူများသည် ဇရပ်တွင်ပင် အိပ်ကြရ၏။ ဥပုသ်သည်များကို ဆွမ်းကျွေးမွေးလှူဒါန်းရခြင်းမှာ ဥပုသ်သည်များသည် ကျောင်းသို့သွား၍ မိမိတို့ သားသမီးများကို ခွဲခွာကာ သံယောဇဉ်ဖြတ်သူ၊ ဥပုသ်စောင့်ကြသူများ ဖြစ်သဖြင့် ပို၍ အကျိုးရှိသည်ဟု ယူဆကြ၏

ဥပုသ်သည်များသည် ကာလသားတို့ ပင့်ဖိတ်သည်ကို လက်ခံကြောင်း ပြောကြရ၏။ ထိုသို့ပြောရာတွင် “ သားတို့သမီးတို့ ပင့်ဖိတ်သည်ကို လက်ခံပါသည် ” ဟု မပြောရပေ။ သားတို့သမီးတို့အစား “ မောင်တို့မယ်တို့ ” ဟု ပြောရသည်။ သားတို့ သမီးတို့ဟု ပြောပါက ဥပုသ်စောင့် သူများသည် သံယောဇဉ်မကုန်ဟု ယူဆကြ၏။

နောက်မနက် မိုးလင်းချိန်တွင် ဥပုသ်ဆွမ်းကျွေးရန် တာဝန်ကျသူ ကာလသား၊ ကာလသမီးများသည် ထမင်းဟင်းများကို ကျောင်းသို့ သယ်ဆောင်၍ ဘုန်းတော်ကြီးကို ဆွမ်းကပ်၏။ ထို့နောက် ဥပုသ်သည်များကို ကျွေးမွေးလေသည်။ ဥပုသ်ဆွမ်း ကျွေးမွေး ပြီးသောအခါ ဥပုသ်သည် တစ်ယောက်စီ အတွက် ဆေးလိပ်တစ်လိပ်စီ၊ အသင့်ရာထားသော ကွမ်းယာတစ်ယာစီ ဝေငှလေသည်။ ဤအမှုများ ပြီးသောအခါ ဥပုသ်စောင့်သူများရော၊ ကာလသား၊ ကာလသမီးများပါ တရားတော်ကို အတူတကွ နာယူကြ၏။ တရားတော် နယူပြီးသောအခါ မိမိတို့အိမ်သို့ ပြန်ကြလေသည်။ ပအိုဝ်း တိုင်းရင်းသား တို့သည် တစ်လလျှင် နှစ်ကြိမ်ကျ ဥပုသ်ဆွမ်းကျွေးပွဲကို ကျင်းပပြီး၊ ၀ါတွင်းသုံးလအချိန်ကို ကုန်လွန်စေသည်။

ပအိုဝ်း တိုင်းရင်းသားတို့သည် သီတင်းကျွတ်လတွင် ၀ါကျွတ်ပွဲကို ဆင်နွှဲကြပြန်၏။ ၀ါကျွတ်ပွဲကို ဂေါတမ မြတ်စွာဘုရား တာဝိံသာ နတ်ပြည်မှ ကြွဆင်းသည့် အချိန်အခါအဖြစ် ဆင်နွှဲကြ၏။ ၀ါကျွတ်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက် အဖိတ်နေ့မှ လဆန်း ၁၅ ရက် လပြည့်နေ့အထိ နှစ်ရက်ကြာ ဆင်နွှဲကြ၏။ ဤနှစ်ရက်လုံးတွင် ဘုရားကို ဆီမီးပူဇော်ကြသည်။ ဤပွဲကို “ ပွယ်ပန်မေဗို ” ဟုခေါ်၏။

“ ပွယ်ပန်မေဗို ” ခေါ် ၀ါကျွတ်မီး ပူဇော်ပုံမှာ တစ်တိုင်နှင့်တစ်တိုင် ဆယ်ပေခန့် ကွာဝေးသည့် ၀ါးတိုင်ကလေများပေါ်တွင် ၀ါးခြမ်းရှည် ခပ်ပါးပါးကို ဆက်၍သွယ်တန်းထား၏။ ထိုဝါးခြမ်းရှည်ပေါ်တွင် မီးပုံးများကို ချိတ်ဆွဲထွန်းညှိထား၏။ မီးတိုင်များကို အမျိုးသမီးများ တစ်ယာက်တစ်တိုင်စီ ကိုင်ကြ၏။ အိုးစည်ဗုံမောင်းတီး၍ ထိုဆီမီးတိုင်ကို စေတီတို့ သယ်ဆောင်ပူဇော်ကြသည်။ ဤသို့သယ်ဆောင်ရာတွင် မီးပုံးတန်းကြီးမှာ စေတီသို့အရောက် လမ်းတစ်လျှောက်တွင် နှစ်ဖာလုံခန့် ရှည်လျားပြီး၊ တပျော်တပါး သယ်ဆောင်ကြသည်။ စေတီယင်ပြင်သို့ရောက်လျှင် ယင်းမီးပုံးတန်းကြီးကို စေတီပတ်လည် ၀ိုင်းရံ၍ စိုက်ထူပူဇော်ကြသည်။

စေတီပတ်လည်တွင် ထိုးထားသည့် အမြင့်လူတစ်ရပ်၊ အကျယ်တစ်ပေခွဲခန့်ရှိ စင်များပေါ်တွင် ဆီမီးခွက် ၁၀၀၀ တိတိကို ညနေ ၆ နာရီလောက်မှစ၍ မီးထွန်းညှိ ပူဇော်ကြ၏။ ဆီမီးခွက်စင်၏ အောက်တွင်လည်း ဖယောင်းတိုင်၊ အမွှေးတိုင်၊ ပန်းပွင့်များနှင့် ယာခင်းတွက် သစ်သီးဝလံများကို ကြိုးဖြင့် ချိတ်ဆွဲ ကပ်လှူကြလေသည်။

အချို့မှာ ဘုရားကျောင်းဆောင်ကို နှီးတို့ဖြင့် ယက်လုပ်၍ ဆေးရောင်ခြယ်ခြင်း၊ ရောင်စုံစက္ကူကပ်ခြင်းဖြင့် လှပအောင် ပြုလုပ်ထား၏။ ဘုရားကျောင်းဆောင်၏ ထောင့်လေးထောင့်တွင် ငှက်ပျောပင်၊ ကြံပင်များကို စိုက်ထူချည်နှောင်ထား၏။ ဘုရားကျောင်းဆောင် အောက်တွင်လည်း ခြံထွက်သစ်သီးဝလံများကို ချိတ်ဆွဲလှူဒါန်းကြ၏။ သီတင်းကျွတ်လဆန်း ၁၄ ရက် အဖိတ်နေ့ညဘက်တွင် ဘုရားကျောင်းဆောင်တွင် ပန်း၊ ဆီမီး၊ ရေချမ်း တို့ဖြင့် လှူဒါန်းပူဇော်ကြ၏။ ဘုရားကျောင်းအောက်တွင် ချိတ်ဆွဲထားသော သစ်သီးဝလံကို သီတင်းကျွတ် လပြည့်ကျော် သုံးရက်လွန်မှသာ မိမိတို့ ပူဇော်ထားသော သစ်သီးဝလံများကို စွန့်ပစ်ကြသည်။ ဘုရားကျောင်းဆောင်ကိုလည်း လူနှင့်ဝေးရာတွင် စွန့်ပစ်ကြသည်။ သစ်သားဖြင့် အခိုင်အခန့် ပြုလုပ်ထားသူများအဖို့မူ နောင်နှစ်တွင် ဆက်လက် ပူဇော်လှူဒါန်းနိုင်ရန် သိမ်းဆည်းထားကြသည်။

သီတင်းကျွတ် လပြည့်ကျော် တစ်ရက်ညဘက်တွင် ပအိုဝ်း အမျိုးသမီးများသည် ထင်းရှူးသားများကို စုစည်း၍ လည်းကောင်း၊ ဖယောင်းတိုင် ဆီမီးခွက် တို့ဖြင့် လည်းကောင်း ဘုရားသို့သွား၍ ပူဇော်လေ့ရှိ၏။ တံခါးပေါက်၊ အိမ်လှေကားဦး၊ အိမ်ဝင်ပေါက်၊ မီးဖို၊ ဆန်အိုး၊ အ၀တ်သေတ္တာ၊ ရွာထိပ်ရှိ နတ်စင်ပါမကျန် မီးထွန်းညှိ ပူဇော်လေ့ ရှိကြ၏။ သီတင်းကျွတ်လတွင် လူပျို၊ အပျို စုပေါင်း၍ ကျောင်းသွားလမ်း၊ ဘုရားလမ်းတို့ကို လုပ်အားပေး ကုသိုလ်ပြုလေ့ ရှိကြသည်။

ဝါတွင်းချိန်ကာလတွင် ပအိုဝ်း တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများ သာမက ဗုဒ္ဓဘာသာကို မည်မျှသက်ဝင် ယုံကြည်ကြောင်းကိုပါ လေ့လာသိရှိ နိုင်ပေသည်။

0 comments:

Post a Comment