လင်မယားကွာခြင်း

ပအိုဝ်း တိုင်းရင်းသားတို့၏ အိမ်ထောင်ရေးစနစ်သည် တစ်လင်တစ်မယား စနစ်ဖြစ်သဖြင့် လင်မယားကွားရှင်းမှု နည်းလှပေသည်။ သို့သော် ယခုအခါ အချို့ ကျေးရွာများတွင် လင်မယားကွာရှင်းမှု အတော်အသင့် ရှိသည်ကို တွေ့ရပေသည်။ လင်မယားကွာရှင်းရာတွင် ကျေးရွာလူကြီးများနှင့် ဆွေမျိုး သားချင်းများက ကွာရှင်းပေးရန် ၀န်လေးတတ်ကြသည်။ အမျိုးမျိုး စေ့စပ်ဖျန်ဖြေပေး၍ မရတော့သည့် အဆုံးမှသာ ကွာရှင်းပေးလေသည်။ လင်မယား ကွာရှင်းရာတွင် လင်ယောက်ျားက စတင်၍ ကွာရှင်းလိုပါက မိမိ၏ လက်ဆောင်ပစ္စည်းများကို အဆုံးခံရသည်။ မယားက ကွားရှင်းရန် တောင်းဆိုလာလျှင် မယားက လင်ကို မိမိနှင့် လက်ထပ်စဉ်က လက်ခံထားသည့် လက်ဆောင်ပစ္စည်းများကို ပြန်ပေးရလေသည်။ ကွာရှင်းရာတွင်လည်း လင်မယား နှစ်ယောက် ပိုင်ဆိုင်သော ပစ္စည်းဥစ္စာနှင့် လယ်ယာခြံမြေ ကလေးကိစ္စများကိုပါ ခွဲဝေဆုံးဖြတ်ပေးလေသည်။ ကလေးရှိပါက ကလေးများကို ခွဲဝေယူသည်လည်း ရှိ၏။ လင်ကဖြစ်စေ၊ မယားကဖြစ်စေ ကလေးအားလုံးအတွက် တာဝန်ယူ စောင့်ရှောက်သည်လည်း ရှိ၏။ လင်ယောက်ျားက ကလေး စရိတ်ပေးရပါက ကလေးအသက် ၁၅ နှစ်အထိ ပေးရပြီး၊ ၁၅ နှစ်ကျော်မှ လွတ်ကင်းခွင့် ရှိလေသည်။

အကြင်လင်မယားအဖြစ် နှစ်ဦးသဘောတူ ပေါင်းသင်းနေထိုင်လာရာမှ သဘောချင်းမတိုက်ဆိုင်လျှင် ကွာရှင်းနိုင်၏။ ထိုအခါ “ ဖာဖြားဒုံ ” ခေါ် ရွာသူကြီးထံ သွားရောက် ကွာရှင်းကြသည်။ ရွာသူကြီးက ကွာရှင်းခြင်း အထိမ်းအမှတ်အဖြစ် ကွမ်းရွက် (၀ါ) ဆေးရွက်ကို တစ်ဘက်စီ ကိုင်ထားသော အပ်ချည်မျှင်ကို ရွာသူကြီးက ဖြတ်တောက်ပေး၏။ ဤသို့ပြုခြင်းမှာ တစ်ဦးနှင့်တစ်ဦး “ သံယောဇဉ်ပြတ်ပြီ ” ဟူသည့် သဘောပင် ဖြစ်သည်။

နှစ်ဦးသဘောတူ ကွာကြပါက အိမ်ထောင်ရှိ ပစ္စည်းများကို အညီအမျှ ခွဲဝေယူကြသည်။ လက်ထပ်ပြီး တစ်နှစ်မပြည့်မီ ခင်ပွန်းသည်က ဖြစ်စေ၊ ဇနီးသည်က ဖြစ်စေ တစ်ဦးဦးက စ၍ကွာရှင်းလိုလျှင် ကွာရှင်းလိုသူသည် ခင်ပွန်းသည်ဖြစ်ပါက မင်္ဂလာစရိတ်များ ဆုံးရှုံးသည့်ပြင် ချစ်သူဘ၀က မိမိပေးထားခဲ့သော လက်ဆောင်ပစ္စည်းများကိုလည်း စွန့်လွှတ်ရလေသည်။ ပြန်တောင်းလျှင်လည်း ဇနီးက “ ကျွန်မမှမမုန်းဘဲ ” ဟုဆိုကာ မပေးဘဲ နေတတ်၏။

ဇနီးသည်ကစ၍ ကွာရှင်းလိုပါက ခင်ပွန်းသည်၏ လက်ဆောင်ပစ္စည်းကို ပြန်ပေးတတ်ကြသည်။ မင်္ဂလာစရိတ်ကိုလည်း လျော်ပေးတတ်ကြသည်။ ဤသို့ နှစ်ဦးသဘောတူညီမှု မရှိသည့် ကွာရှင်းမှုများတွင် ကွာရှင်းလိုသူက ပစ္စည်းများကို ထားရစ်ရသည်။ အကယ်၍ ပြန်လည်ပေါင်းသင်း လိုပါမှု ပြန်လည် ပေါင်းသင်းလိုသူက ရွာသူကြီးအား ဒဏ်ကြေးအဖြစ် ငွေခုနစ်ကျပ်ခွဲ ပေးဆောင်ရလေသည်။

ပအိုဝ်း တိုင်းရင်းသားတို့၏ အိမ်ထောင်ရေးစနစ်ကို လေ့လာလျှင် တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးသည်က များ၏။ အိမ်ထောင်သည် တစ်ဦးဦးသည် မိမိအိမ်ထောင်ဖက် ကွယ်လွန်ပြီးမှသာ နောက်အိမ်ထောင်ပြုနိုင်သည်။ လင်ငယ် မယားငယ် နေသူများကို အထူးရွံရှာ မုန်းတီးကြသည်။ ထို့ကြောင့် ပအိုဝ်း တိုင်း၇င်းသားတို့တွင် လင်ငယ် မယားငယ် နေသူများဟူ၍ လုံးဝမတွေ့ရှိသလောက်ပင် ဖြစ်သည်။

ဓလေ့ထုံးစံအရ တားမြစ်ထားသူများကို အိမ်ထောင်ပြုမိပါက ရွာမှနှင်ထုတ်ခြင်း ခံရလေသည်။ ဥပမာအားဖြင့် သမီးကို ပြန်ယူသော ဖခင်မျိုးဖြစ်၏။ သို့သော် မရှိအောင် ရှားသည်။ ပအိုဝ်း တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံအရ တစ်ခုလပ် အမျိုးသမီးတို့သည် တန်ဖိုးမလျော့တတ်ကြပေ။ ပအိုဝ်းတို့၏ ရှေးရိုးအလှဘွဲ့ လင်္ကာများတွင် ယင်းတို့ကို အသားပေး ဖွဲ့ဆိုထားသည်ကို တွေ့ရပေသည်။

ပအိုဝ်း တိုင်းရင်းသားတို့၏ လင်မယားကွာရှင်းခြင်းကို လေ့လာလျှင် လွယ်ကူသည်ဟု ထင်ရသော်လည်း ကွာရှင်းမှုများ မရှိအောင် နည်းလေသည်။ တစ်ဦးနှင့်တစ်ဦး ကြင်နာယုယစွာဖြင့် ရိုးမြေကျပေါင်းသင်း နေထိုင်ကြသည်။

0 comments:

Post a Comment