ခေါချခြင်း

အောက်မြန်မာပြည် ဘားအံမြို့နယ်တွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့သည် တစ်စုံတစ်ယောက် ဖျားနာလျှင်ဖြစ်စေ၊ ကလေးများ သာမန်ထက် ဖျားနာလျှင်ဖြစ်စေ မကောင်းဆိုးဝါး ကပ်သည်ဟု ယူဆကြသည်။ ထို့ကြောင့် အိမ်ရှိ သက်ကြီးရွယ်အို တစ်ယောက်ယောက်သည် ဓားမ တစ်ချောင်း၊ မီးခွက်၊ ထမင်းထုပ် စသည်တို့ကို ယူကာ ည ခုနစ်နာရီခန့်တွင် အိမ်ပြင်တစ်နေရာသို့သွား၍ ထမင်းဟင်း စွန့်ပုံထားရသည်။ နှုတ်မှလည်း နောက်နောင်တွင် လူနာအား၊ ကလေးအား ဒုက္ခမပေးရန် မေတ္တာပို့ ပြောဆိုရသည်။ ဤသို့ပြုခြင်းကို “ ခေါချသည် ” ဟု ခေါ်သည်။

ဓားမ ယူသွားခြင်းမှာ ခေါချသူအား မကောင်းဆိုးဝါးတို့ ကြောက်စေရန်ဖြစ်သည်။ အချို့ခေါချသွားသူသည် ထမင်းဟင်းအစား ကြက်အစိမ်းတစ်ကောင်၊ အရက်တစ်ပုလင်း၊ ဓားမတစ်ချောင်းကိုယူ၍ အိမ်နှင့် ခပ်လှမ်းလှမ်းတွင် သွားကျွေးရသည်။ ခဏမျှစောင့်ပြီး စားစရာများကို ပြန်ယူလိုက ပြန်ယူနိုင်သည်။ ဖျားနာသူအတွက် ခေါချကျွေးမွေးပြီးပါက ဖျားနာသူကို ချည်ကြိုးဖြင့် လက်တွင်ရစ်ပတ်ပေးပြီး ကျန်းမာစေရန် ဆုတောင်းပေးလေသည်။

0 comments:

Post a Comment