အသုဘ

ရွာတွင် အသုဘရှိပါက ရွာသားအားလုံးက ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည်။ အလုပ်ကို ခေတ္တနားကာ အသုဘကိစ္စကို ကူညီကြသည်။ ထို့အပြင် ဆန်၊ ဆီ၊ ဆား၊ ငွေ စသည်တို့ဖြင့်လည်း ကူညီကြသည်။

လူမမာ အသက်ကုန်သည်နှင့် ရေချိုးပေးရသည်။ လူသေကို ရေချိုးပေးပြီးသောအခါ ပါးစပ်ထဲတွင် ကူးတို့ခ ထည့်ပေးရသည်။ အချို့ ချမ်းသာသူများမှာမူ ရွှေစငွေစ အနည်းငယ်ကို ထည့်ပေး၏။ လကွယ်နေ့နှင့် သင်္ကြန်အကြတ်နေ့များတွင် ကွယ်လွန်လျှင် ရွာပြင်သို့ ချက်ချင်း ထုတ်ရသည်။ အချို့ဒေသတွင် ချက်ချင်း သင်္ဂြိုဟ်ကြသည်။ နောက်တစ်လသို့ အသုဘ မကူးစေလိုသည့် သဘောပင်ဖြစ်သည်။ အချို့ကမူ ချက်ချင်း မသင်္ဂြိုဟ်ပါက ရွာကို ထိခိုက်တတ်သည်ဟု အယူရှိကြသည်။

လူသေကို သရဏဂုံ တင်လေ့ရှိ၏။ လူသေအလောင်းကို တောင်နှင့်မြောက် ထားကြ၏။ မျက်နှာကို မြောက်ဘက်တွင်ထား၍ ခြေထောက်ကို တောင်ဘက်တွင် ထားလေသည်။ လူသေအလောင်းကို ရေချိုးပြီးမှ ခေါင်းထဲတွင် ထည့်ကြသည်။ အချို့ သက်ကြီးရွယ်အိုများသည် မိမိတို့ သေဆုံးသည့် အခါ ထည့်၍သင်္ဂြိုဟ်ရန် ခေါင်းကို အဆင်သင့် ပြုလုပ်ထားကြသည်။

ကိုယ်ဝန်ဆောင်များ မီးမဖွားနိုင်၍ သေဆုံးခြင်းကို “ စီစိုင် ” ဟုခေါ်၏ မီးမဖွားနိုင်၍ သေဆုံးပါက ချက်ချင်း သင်္ဂြိုဟ်ရသည်။ ဖျားနာ၍ သမားရိုးကျ သေဆုံးသူများ ရုပ်ကလာပ်ကို လှပစွာ မွမ်းမံပြင်ဆင် ထားကြသည်။ အစိမ်းသေ ဖြစ်လျှင်မူ၊ ဘုန်းတော်ကြီးသည် သုသာန်အထိမကြွဘဲ လမ်းတစ်ဝက် လောက်တွင် တရားဟောကြသည်။ အသုဘရှုရန် ကြွရောက်လာကြသော ပရိသတ်များအား ဧည့်ခံကျွေးမွေးခြင်း၊ မော်အေးခြင်း (စာဟောဆရာ စာဟောခြင်း)၊ တရားဟောခြင်း စသည်ဖြင့် ပြုလုပ်ကြသည်။

ဖျားနာ၍ သမားရိုးကျ သေဆုံးသူများ၏ အသုဘကို အများအားဖြင့် သုံးရက်ထားကြ၏။ အသုဘချမည့်နေ့သည် တနင်္ဂနွေနေ့ဖြစ်လျှင် နေ့အခါပင် ဖြစ်သော်လည်း လမ်းတစ်လျှောက်လုံး မီးထွန်း၍ အသုဘချကြသည်။ အသုဘချသည်နှင့် အပူသောက ငြိမ်းအေးခြင်းကို ရည်ညွှန်း၍ အိမ်ရှိမီးများကို ငြိမ်းသတ်ရသည်။ အသုဘကို အိမ်ပေါ်မှ ချသည်နှင့် အိမ်အောက်ရောက်သည်အထိ ရေဖြင့်လိုက်ဖြန်းရ၏။ လူသေအလောင်း ထည့်ထားသော ခေါင်းကို ရွာပြင်သို့ ချီမ၍ စင်ပေါ်တွင်တင်ကာ သုသာန်သို့ ထမ်းသွားကြသည်။ ခြင်းတောင်းပေါက်တစ်ခုတွင် ထမင်းကျန် ဟင်းကျန်များကိုထည့်၍ အိမ်မှ သုသာန်သို့ မရောက်မီတွင် အသုဘကို ထမ်းသူများသည် ရှေ့ထမ်းသူနှင့် နောက်ထမ်းသူက အားစမ်းကြသည့်သဘောဖြင့် ရှေ့တိုးနောက်ဆုတ် ပြုလုပ်၍ ပျော်ကြသည်။

အကယ်၍ သေဆုံးသူသည် လူပျို၊ အပျိုဖြစ်ပါက၊ သေဆုံးသူတို့ သုံးဆောင်တတ်သည့် မှန်၊ ဓားလွယ်၊ လက်ဆွဲဘာဂျာ စသည်တို့ကို၊ သုသာန်အထိ ယူဆောင်သွားကြ၏။ သင်္ဂြိုဟ်ခြင်း ပြီးစီးမှ အိမ်သို့ပြန်ယူလာကြသည်။ သေဆုံးသူတွင် ယင်းပစ္စည်းများမရှိလျှင် ခေတ္တငှားရမ်း၍ အသုံးပြုကြ၏။

ရှမ်းပြည်နယ်တွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့သည် အသုဘကို မြေမြှုပ်သင်္ဂြိုဟ်ရာတွင် ဦးခေါင်းကို မြောက်ဘက်ထားပြီး၊ ခြေထောက်ကို တောင်ဘက်တွင် ထား၏။ ဤသို့ထားခြင်းမှာ မိမိတို့၏ မူလနေရာမှန်ဖြစ်သော သထုံပြည်ကို ပြန်လည် အောက်မေ့နိုင်စေရန် အတွက်ဟုဆို၏။ အသုဘကို မြေမြှုပ်သင်္ဂြိုဟ်ပြီးသော အခါတွင်လည်း မြေပုံပေါ်တွင် ၀ါးခြမ်းကိုးခြမ်းနှင့် မြေတုံး ကိုးတုံးကို တင်ထားကြ၏။ ဤသို့ပြုခြင်းမှာ ရှမ်းပြည်နယ်သို့ မိမိတို့ ကိုးအုပ်စုဖြင့် ထွက်ခွာခဲ့ကြောင်းကို ပြဆိုလိုခြင်းပင် ဖြစ်၏။

အသုဘမြေပုံ ခြေရင်းဘက်တွင် ၀ါးဖြင့် ကျစ်ထားသည့် ကြိုးတစ်ချောင်း၏ အစကိုထုတ်ထားရသည်။ ထိုကြိုးစကို နောက်ပြန် ဆွဲထုတ်လွှင့်ပစ်ရ၏။ သင်္ချိုင်းမှ အပြန်တွင် လမ်း၌ ဆူးသုံးတန် စိုက်ခဲ့ရသည်။ သေသူ၏ ၀ိညာဉ်ပြန်မလာနိုင်ရန် တားဆီးသည့် သဘောပင် ဖြစ်၏။ သေဆုံးသူသည် အကြွေးများသူ ဖြစ်နေပါက မြေကြီးမည်မျှပင် ဖို့စေကာမူ မပြည့်နိုင်ဟု ယုံကြည်ကြ၏။

ပဒေသရာဇ် အုပ်စိုးမှုအောက်တွင် အသုဘနှင့် ပတ်သက်သော အယူသီးမှုများ ရှိခဲ့၏။ အလောင်းကို မှောက်လျက်မြှုပ်ကြသည်။ မွေးစကလေး၏ အချင်းကို လှေကားအောက်တွင် မြှုပ်ခြင်း စသည့်ဓလေ့များ ရှိခဲ့သည်။ သို့သော် ပဒေသရာဇ်စနစ်ကို တော်လှန်လိုက်သည့် အချိန်မှစ၍၊ ထိုဓလေ့ကို မကျင့်သုံးကြတော့ပေ။ သေသူအတွက် ခုနစ်ရက်လည်လျှင် ဆွမ်းသွတ်ကြ၏။ အချို့က ငွေကြေး အဆင်ပြေသည့် အချိန်မှသာ ဆွမ်းသွတ်ကြသည်လည်း ရှိသည်။

0 comments:

Post a Comment