ရက်လည်ဆွမ်း

ကွယ်လွန်ပြီးသောသူကို ဆွမ်းသွတ်ရာတွင် ငွေကြေးချမ်းသာသူများသည် သင်္ဂြိုဟ်ပြီးသည့်နောက် ရက်အနည်းငယ်သာ ခြားသည်နှင့် ဆွမ်းသွတ်ပေး ကြသည်။ ပစ္စည်းဥစ္စာ ချို့တဲ့သူများကမူ၊ တစ်နှစ်၊ နှစ်နှစ်ကြာမှ ဆွမ်းသွတ်ကြလေသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် ရက်လည်ဆွမ်းသွတ်ခြင်း ကိုလည်း ပွဲတစ်မျိုးဟု သတ်မှတ်ကြ၏။ ရှင်ပြုပွဲကဲ့သို့ပင် အခြားရွာမှ ဆွေမျိုးမိတ်သင်္ဂဟများကို ဖိတ်ကြားလေသည်။ ထို့ကြောင့် ကာလကြာ ငွေကြေး စုဆောင်းပြီးမှ ဆွမ်းသွတ်ကြလေသည်။ ငွေကြေးချို့တဲ့သူများသည် အများအားဖြင့် တစ်နှစ်ကြလျှင် ဆွမ်းသွတ်ကြသည်ကို တွေ့ရ၏။

ရက်လည်ဆွမ်းသွတ်ခြင်းကို ပအိုဝ်းတိုင်းရင်းသားတို့က “ ပွယ်ပန်စွမ် ” ဟုခေါ်သည်။ ရက်လည်ဆွမ်းသွတ်ရာတွင် တစ်ဦးသာမက နှစ်ဦး။ သုံးဦးပေါင်း၍ ဆွမ်းသွတ်သည်လည်း ရှိကြ၏။ အချို့မှာ မသေခင် ကြိုတင် ဆွမ်းသွတ်ထားကြလေသည်။

ဆွမ်းသွတ်ပွဲကို အိမ်အနီးရှိ မြေကွက်လပ်တွင် ဖြစ်စေ၊ ဘုန်းကြီးကျောင်းတွင် ဖြစ်စေ ပြုလုပ်ကြသည်။ အိမ်အနီးတွင် ပြုလုပ်ပါက ရှင်ပြုမဏ္ဍပ်ကဲ့သို့ ဆောက်လုပ်ထား၏။ ဆွမ်းသွတ်ပွဲပြုလုပ်ရန် ဆောက်ထားသောမဏ္ဍပ်ကို “ ကန္နား ” ဟုခေါ်သည်။ မဏ္ဍပ်ထဲတွင် မိမိတို့ ပင့်ဖိတ်သော ကျောင်းအတွက် အလှူပင်များ ပြင်ဆင်ထား၏ တံခွန်ကိုလည်း ပြင်ဆင်ထား၏။ ဆွမ်းသွတ်ပွဲကို တစ်ညနှင့်တစ်နေ့ကြာ ကျင်းပကြလေသည်။

ဆွမ်းသွတ်ပွဲပြုလုပ်သည့် မဏ္ဍပ်တွင် ဆွဲထားသော တံခွန်မှာ ပိတ်ဖြင့် ပြုလုပ်ထားကြ၏။ တံခွန်တစ်ခုတည်းသာ ရှိပါက ဆွမ်းသွတ်သူ တစ်ဦးတည်းသာ ဖြစ်ကြောင်း သိနိုင်၏။ နှစ်ခု၊ သုံးခု ရှိပါက နှစ်ဦး၊ သုံးဦးပေါင်း၍ ဆွမ်းသွတ်ပွဲ ပြုလုပ်သည်ဟု သိနိုင်သည်။ တရားနာ၍ ဆွမ်းသွတ်ပွဲ ပြီးသောအခါ ဤတံခွန်ကို ဘုရားစေတီရင်ပြင်တွင် ၀ါးလုံးစိုက်၍ လွှင့်ထူထားလေသည်။

အသေဆိုးဖြင့် သေသူများကို သံဖြင့် တံခွန်ပြုလုပ်ကြသည်။ ငွေကြေးချမ်းသာသူများမှာမူ၊ ဘုရားစေတီရင်ပြင်တွင် သစ်သားတိုင်၊ အုတ်အင်္ဂတေတိုင် တို့ဖြင့် ပြုလုပ်ကြ၏။ သစ်သားတိုင်၊ အုတ်အင်္ဂတေတိုင်တို့ဖြင့် ပြုလုပ်ပါက ဆွမ်းမသွတ်မီ ကြိုတင်ပြုလုပ်ရ၏။ ပြီးသောအခါမှသာ ဆွမ်းသွတ်ပွဲ ပြုလုပ်လေသည်။

ဆွမ်းသွတ်ပွဲ ဖိတ်ကြားရာတွင်လည်း မြို့ကဲ့သို့ နီးစပ်ရာဆွေမျိုး၊ မိတ်သင်္ဂများကိုသာ မဖိတ်ဘဲ၊ ရပ်ဝေးဆွေမျိုး မိတ်သင်္ဂဟ များကိုသာမက ဆွမ်းသွတ်ပွဲ ကျင်းပသည့် ရွာတစ်ရွာလုံးကိုပါ ဖိတ်ကြားလေသည်။ ထို့ကြောင့် ဆွမ်းသွတ်ပွဲ ကျင်းပရာတွင်လည်း ငွေကုန်ကြေးကျ များလှ၏။ ဆွမ်းသွတ်ပွဲ ဖိတ်ကြားရာတွင် ရွာသူကြီးသို့ လက်ဖက်ထုပ် (၀ါ) ဖိတ်စာများပေးပြီး၊ ရွာသူကြီးက နီးစပ်သလို ဖိတ်ကြားပေးလေသည်။

ဆွမ်းသွတ်ပွဲ ပြုလုပ်မည့်ညတွင် ဆွေမျိုး မိတ်သင်္ဂဟထဲမှ ဖြစ်စေ၊ အိမ်သူအိမ်သားထဲမှ ဖြစ်စေ တစ်ယောက်ယောက်သည် သေလွန်ပြီးသောသူကို မြှုပ်နှံထားသည့် သင်္ချိုင်းသို့သွားကာ ဆွမ်းသွတ်ပေးမည့်အကြောင်း ၀ိညာဉ်ကို ခေါ်လေသည်။ ထိုနောက် ၀ိညာဉ်ခေါ်လာသော ဆီးဖြူခက်ကို မဏ္ဍပ်ရှိတိုင်တွင် ချည်နှောင်ထားရ၏။ အချို့ကလည်း ထရံကြားတွင် ညှပ်ထားကြ၏။

ရပ်ဝေးမှ မိတ်သင်္ဂဟများသည် ညအိပ်၍ လာကြလေသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် “ ပွယ်ပန် ” ခေါ် ရှင်ပြုပွဲနှင့် “ ပန်စွမ် ” ခေါ် ဆွမ်းသွတ်ပွဲ ဖိတ်ကြားခြင်း ခံရပါက၊ မည်မျှပင် ဝေးစေကာမူ ရောက်အောင်သွားကြသည်။ ဆွမ်းသွတ်ပွဲကျင်းပသည့် အကြိုညတွင် ရပ်ဝေးရပ်နီး မိတ်ဆွေသင်္ဂဟ များကို မဏ္ဍပ်တွင် “ မောင်အေး ” ခေါ် စာဟောဆရာဖြင့် ဧည့်ခံ၏။ ဤသို့ဧည့်ခံခြင်းဖြင့် ရပ်ဝေးနေ ဆွေမျိုးမိတ်သင်္ဂများသည် ခရီးဝေးမှ လာကြသူများ ဖြစ်သဖြင့် အချိန်မီရောက်ရှိနိုင်အောင် အချိန်ဆွဲသည့် သဘောပင် ဖြစ်၏။

ပအိုဝ်း တိုင်းရင်းသားတို့၏ ဆွမ်းသွတ်ပွဲတွင် စာဟောဆရာကို ပင့်ဖိတ်ရခြင်းမှာ စာဟောဆရာသည် ပအိုဝ်း ဘာသာဖြင့် တရားဓမ္မကို ဆွဲဆောင် ဟောပြောနိုင်သူများ ဖြစ်၍ အလွယ်တကူ နားလည်စေ၏။ မနက်သို့ ရောက်သောအခါတွင်လည်း သံဃာတော်များအား ဆွမ်းခဲဖွယ်ကပ်လှူခြင်း၊ တရားတော် နာယူခြင်းပြုကြ၏။ တရားတော် နာယူပြီးသောအခါတွင်လည်း စာဟောဆရာသည် ပရိသတ်များအားလုံး သင်္ခါရသဘောတရားကို သိရှိနားလည်အောင်၊ သံဝေဂရလေအောင် ကျန်ရစ်သူ မိသားစုများသည် လွမ်းဆွတ်ပူဆွေးနေလျှင်လည်း “ သြော် ... လောကတွင် ရှိသော အရာအားလုံးသည် မမြဲပါလား၊ သင်္ခါရတရားကို မည်သူမျှ မရှောင်ကွင်းနိုင်ပါလား ” ဟူ၍၊ သံဝေဂရစေမည့် တရားများကို ဆွဲဆောင် ဟောပြောလေသည်။ စာဟောသည့် အခမ်းအနား ပြီးသောအခါ ရက်လည်ဆွမ်းသွတ်ပွဲလည်း ပြီးသွားပြီး ဖြစ်၏။

0 comments:

Post a Comment