ပအိုဝ်း တိုင်းရင်းသား အများစုသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြ၏။ ခရစ်ယာန်ဘာသာဝင် အနည်းငယ် ရှိသည်။ ရှမ်းပြည်နယ်ရှိ ပအိုဝ်း တိုင်းရင်းသားများရော၊ အောက်မြန်မာပြည်ရှိ ပအိုဝ်း တိုင်းရင်းသားများပါ ဗုဒ္ဓဘာသာကို အများဆုံး ယုံကြည်ကိုးကွယ်ကြသည်။

ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိတို့ကိုယ်ကို ဗုဒ္ဓဘာသာ သာသနာထွန်းကားရာ သထုံမှ ရွှေ့ပြောင်းလာခဲ့ကြသည်ဟု ယုံကြည်ကြသများပီပီ ဗုဒ္ဓဘာသာကို အလွန်အမင်း ယုံကြည်ကြ၏။ ဥပုသ်နေ့များပင် အလုပ်မဆင်းကြချေ။ ဗုဒ္ဓဘာသာဝင် ပအိုဝ်း တိုင်းရင်းသားတို့သည် ရတနာ သုံးပါးကို ကြည်ညိုကြသဖြင့် ဘုရား၊ ကျောင်းကန်၊ ဇရပ် စသော သာသနာရေး၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို မိမိတို့ ချွေးနှီးစာထဲမှ စုဆောင်း ထားသော ငွေကြေးများနှင့် ရက်ရက်ရောရော ဆောက်လုပ် လှူဒါန်းကြသည်။ ဘုရားကျောင်း၊ ဇရပ် လှူဒါန်းထားသော ပုဂ္ဂိုလ်၏ အမည်ရှေ့တွင်လည်း၊ ဘုရားဒကာ ကျောင်းဒကာ ဇရပ်ဒကာ ထည့်၍ ခေါ်လေ့ရှိကြသည်။

ပအိုဝ်း တိုင်းရင်းသားတို့သည် မိရိုးဖလာမပျက်၊ အစဉ်အဆက် ရတနာသုံးပါးကို ကိုးကွယ်သည့် ဗုဒ္ဓဘာသာဝင် လူမျိုးများ ဖြစ်ကြ၏။ အစဉ်အဆက်မှာ ဗုဒ္ဓဘာသာများ ဖြစ်၍ ရပ်တိုင်းရွာတိုင်းတွင် ဘုရားစေတီ ကျောင်းကန်ဇရပ်များကို ကိုးကွယ်ဆောက်လုပ် လှူဒါန်းကြ၏။ ဥပုသ်သီတင်း တည်ဆောက် ကြ၏။ ရှင်ပြုရဟန်ပြုသူလည်း များသည်။ သို့သော် မိရိုးဖလာ ဆရာသမား အပြုအမူ၊ အယူဝါဒ၊ ထုံးစံ ဓလေ့အတိုင်း ပြုကျင့်သူသာ များ၏။

ပအိုဝ်းရွာတိုင်းတွင် ရွှေရောင် တ၀င်းဝင်းရှိသော ဘုန်းတော်ကြီး ကျောင်းများကို ခမ်းနားစွာ တွေ့နိုင်သည်။ ဘုရားစေတီ ပုထိုးများကိုလည်း တင့်တယ် သပ္ပယ်စွာ ဖူးမြော်ကြည်ညိုနိုင်၏။ သင်္ကြန်အခါ၊ ၀ါတွင်း ၀ါကျွတ်အခါနှင့် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ် အခါများတွင် ဘုရား ကျောင်း ကန်များ၌ သီတင်းသီလ ဆောက်တည်ကြသည်။ သုတ်တရား၊ ၀ိပဿနာတရားနှင့် အဘိဓမ္မာတရားများကို ယုံကြည်လေးစားစွာ နာယူကြသည်။ ၀ါတွင်း သုံးလ အတွင်း စာဟောဆရာများကို ပင့်ဖိတ်ကာ၊ စာဟောခြင်း၊ စာဂကျွေးမွေးခြင်း ပြုကြသည်။

ပအိုဝ်းကျေးရွာတိုင်းတွင် ခမ်းနားထည်ဝါလှသော ဘုန်းတော်ကြီးကျောင်း ရှိသကဲ့သို့ အိမ်တိုင်း၏ အိမ်ဦးခန်းတွင် ဘုရားစင်ကို တင့်တယ် ကြည်ညိုဖွယ်ရာ ပြင်ဆင်ထားကြလေသည်။ ဘုရားစင်သန့်ရှင်းရေးနှင့် ပြင်ဆင်ရေးကို အမျိုးသမီးများက ပြုလုပ်လေ့ ရှိကြသည်။ ဘုရားစင် သန့်ရှင်းပြီး၊ ဘုရားပန်းမညှိုးမှ အိမ်ရှိမိသားစုများ ရွှင်လန်းကျန်းမာမည်၊ လာဘ်ရွှင်မည်ဟု ယုံကြည်ကြလေသည်။ ထိုကြောင့် ပအိုဝ်း တိုင်းရင်းသား တို့သည် ဘာသာရေးနှင့် သက်ဆိုင်သော ဘုရားအမှုကိစ္စများကို ကျေပွန်စွာ ဆောင်ရွက်ကြလေသည်။ ဘုန်းတော်ကြီးကျောင်း အတွက်လည်း အလှည့်ကျ ဆွမ်းတာဝန်ယူကြပြီး၊ အိမ်ငါးအိမ်မှ ဆယ်အိမ်အထိ စုပေါင်း၍ အိမ်တိုင်း ဆွမ်းဟင်းများကို ကျောင်းသို့ သွားပို့ကြသည်။ ဘုန်းတော်ကြီးများ ရွာတွင်း ဆွမ်းခံထွက်လေ့မရှိပေ။ ခြံထွက်သီးနှံများကိုလည်း ကျောင်းသို့သွား၍ လှူဒါန်းကြသည်။ ဆွမ်းသွားပို့ရင်း ကျောင်းပေါ်နှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းစေရန် လှည်းကျင်းသန့်ရှင်းပေးကြသည်။

ပအိုဝ်းကျေးရွာတစ်ရွာ သို့မဟုတ် နှစ်ရွာသုံးရွာတွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ထည်ဝါခန့်ညားစွာ ဆောက်လုပ်လှူဒါန်းကြလေသည်။ ကျောင်းထိုင် ဘုန်းတော်ကြီးကိုလည်း ကြည်ညိုရိုသေ လေးစားကြသည်။ ရွာသူရွာသားများကလည်း ဘုန်းတော်ကြီး၏ ညွှန်ကြားဆုံးမတော်မူသည် များကိုလည်း လိုက်နာဆောင်ရွက်ကြလေသည်။ ဘုန်းတော်ကြီးသည် ရွာသူရွာသားများ၏ သာရေး၊ နာရေးကိစ္စတို့ကို အမြဲဦးစီး ကွပ်ကဲခေါင်းဆောင်၍ ဆောင်ရွက်လုပ်ကိုင် ပေးလေသည်။ ထိုကြောင့် ဘုန်းတော်ကြီးကို ရွာသူရွာသားများက အထူးအားကိုး ကြည်ညိုကြသည်။ ဘုန်းတော်ကြီးအားလည်း အချိန်အခါ ရာသီကိုလိုက်၍ လှူဖွယ်ပစ္စည်းများ စုံလင်စွာဖြင့် လှူဒါန်းကြသည်။ လှူရာတွင်လည်း ရက်ရောကြသည်။ ရှာဖွေစုဆောင်းရရှိသည်ထက် ပိုမိုလှူတတ်သူများ ဖြစ်ကြပေသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ ဘုန်းတော်ကြီးကျောင်းသည် ဘာသာရေးအတွက်သာမက လူမှုရေးဆိုင်ရာ အများကိစ္စများ ရှိပါကလည်း ဘုန်းတော်ကြီး ကျောင်းတွင် စုဝေးကြလေသည်။ ထို့ကြောင့် ဘုန်းတော်ကြီးကျောင်းများကို နှစ်ထပ်ကျောင်းကြီးများ၊ တိုက်ကျောင်းကြီးများကို ဆောက်လုပ်လှူဒါန်း ကြလေသည်။ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင်ရှိသော ပထမတောင်ကျောင်းကြီး၊ တောင်ကြီးမြို့ တောင်ဘက်တွင်ရှိသော နောင်ကားကျောင်း ဟမ်းစူးကျောင်း၊ ပင်လောင်းမြို့နယ်ရှိ နောင်တရားတိုက်ကျောင်း စသည့် ကျောင်းကြီးများကို ကြည့်လျှင် ပအိုဝ်းတို့၏ စေတနာ သဒ္ဓါတရား၊ စုပေါင်း ခေါင်းဆောင်မှု၊ စည်းလုံးညီညွတ်မှုကို သိနိုင်ပေသည်။

ရှင်ပြုရဟန်းခံစသော အလှူပွဲကြီးများကိုလည်း ကြီးကျယ်ခမ်းနားစွာ ကျင်းပကြသည်။ ဒါနကုသိုလ် ပြုခြင်းဖြင့် နိဗ္ဗာန်သို့ ရောက်နိုင်သည်ဟူသော တရားနှင့်အညီ ပအိုဝ်း တိုင်းရင်းသားတို့သည် အလှူအတန်း၊ အပေးအကမ်း၊ အကျွေးအမွေး ရက်ရောကြသည်။ “ ထို့ကြောင့် တစ်မူးရလို့၊ တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ (ပအိုဝ်း) တူနိုင်ရိုးလား ” ဟူ၍ စာဖွဲ့ခဲ့ကြခြင်း ဖြစ်ပေသည်။

0 comments:

Post a Comment