အလံတရာစေတီ

အလံတစ်ရာ စေတီတော်ကြီးသည် သထုံမြို့နယ် ဇရစ်ချောင်းကျေးရွာ အုပ်စုဝင် သာယာကုန်းကျေးရွာအရှေ့ မိုးမခတောင်ခြေ၏ အနောက်ဘက် ကုန်းမြင့်တွင် တည်ရှိ၏။ အလံတစ်ရာစေတီတော်၏ ဘွဲ့တော်အပြည့်အစုံမှာ “ အလံတစ်ရာ မယာသောဏယ ကမ္ဘာအေး စေတီတော်ကြီး ” ဖြစ်၏။

အလံတစ်ရာဘုရားဟု ဘွဲ့မည်ထင်ရှား တွင်ရခြင်းကား၊ အလံတစ်ရာ ဆရာတော်ဘုရားတွင် ခန္တီဗလ ဟု ဘွဲ့တော်ရသော ရသေ့ငယ်တစ်ပါးရှိ၏။ ထိုခန္တီဗလ ရသေ့ငယ်၏ လက်အလံဖြင့် အလံပေါင်း ၁၀၀ တိတိ ဥာဏ်တော်အမြင့်ရှိသော စေတီကို ၁၃၁၄ ခုနှစ်က စတင်တည်ထားတော် မူခဲ့သဖြင့် အလံတစ်ရာစေတီဟု ခေါ်ကြောင်း မှတ်သားသိရှိရသည်။ (အလံတစ်ရာမှာ ၃၇၅ ပေနှင့် ညီမျှသည်)။

၁၃၁၆ နှစ်တွင် ရွှေစေတီကို ငုံ၍ တည်ဆောက်သော လက်မတစ်ရာ စေတီတော် တစ်ဆူကို ထီးတော်တင်ခဲ့ကြောင်း သိရသည်။ ၁၃၁၉ ခုနှစ်တွင်လည်း ထိုလက်မ ၁၀၀ စေတီတော်ကို ထီးတော်မတင်ခဲ့ဘဲ ၁၃၂၀ ပြည့်နှစ်တွင် ထိုပေပေါင်း ၁၀၀ စေတီကိုငုံလျက်၊ အတောင် ၁၀၀ ဥာဏ်တော်အမြင့် ရှိသော စေတီတော်ကို တည်၍ ပြီးစီးခဲ့လေသည်။ သို့သော် ထီးတော်မတင်ဖြစ်ခဲ့ဟု ဆိုသည်။

၁၃၂၁ ခုနှစ်တွင်၊ အတောင်တစ်ရာစေတီကို ထပ်မံတည်ဆောက်ပြီး အတောင် ၁၈၀ စေတီကို ထီးတော် တင်ခဲ့သည်။ ၁၃၃၅ ခုနှစ်တွင် အတောင် ၁၈၀ စေတီတော်ကို ငုံပြန်ကာ၊ တည်ဆောက်သော အလံတစ်ရာ စေတီတော်ကြီးကို ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် အောင်သာယာ ထီးဖြူတော်တင်ပွဲကြီး ကျင်းပပြီးစီးခဲ့ကြောင်း သိရပေသည်။

အလံတစ်ရာ စေတီတော်မြတ်ကြီးကို တည်ဆောက်နေကြသည့် အချိန်အတွင်းမှာပင် အလံတစ်ရာဘုရား ကုန်းတော်၏အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် စေတီတော်ပေါင်း ၁၈ ဆူကို တည်ထားကိုးကွယ် ပြီးစီးခဲ့သည်။ သံဃာတော်များ သီတင်းသုံး နေထိုင်နိုင်ရန်အတွက် ကျောင်းပေါင်း ၁၂ ကျောင်းကို ကျောင်းသုံး ပရိဘောဂအပြည့်ဖြင့် အရပ်ရပ် ကုသိုလ်ရှင်များက ဆောက်လုပ် လှူဒါန်းခဲ့သည်။ ယခုအခါ သာသနာပြု အလံတစ်ရာ မဟာနာယက ဆရာတော်ဘုရားသည် နောက်ဆုံး ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောင်းတွင် သီတင်းသုံးလျက် ရှိသည်။

၁၃၁၄ ခုနှစ်မှစ၍ ပအိုဝ်း တိုင်းရင်းသား သူတော်စင်များသည် နေ့စဉ် လုပ်အားလှူဒါန်း၍ တည်ဆောက်ခဲ့ကြသည်။ ဘုရား ဝေယျာဝစ္စကို ဆောင်ရွက်သူများသည် ကိုယ်ကျင့်တရား (၁၀)ပါးကို ကျင့်သုံးကြသည့် ပအိုဝ်းသူတော်စင်များ ဖြစ်ကြ၏ ကျေးဇူးတော်ရှင် အလံတစ်ရာ မဟာနာယက ဆရာတော်ဘုရားသည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော စီးပွားချမ်းသာရေးအတွက် မဟာကရုဏာတော်ဖြင့် သာသနာပြုလုပ်ငန်းကို ဦးဆောင်ခဲ့သည်။ ဤသို့ ဆောင်ရွက်ရာတွင် အခက်အခဲ အမျိုးမျိုး ဖြတ်သန်းကျော်လွှားကာ နှစ်ပေါင်း ၂၀ ကျော်တိုင်အောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်တော် မူလာခဲ့ရကြောင်း သိရပေသည်။

ဗုဒ္ဓဘာသာ ပအိုဝ်း တိုင်းရင်းသားတို့သည် ဘုရားတည်ဆောက်မှုတွင် လုပ်အားလှူဒါန်းခဲ့ကြသည်။ ဘုရားကြီးအတွက် အုတ်သယ်ခြင်း၊ ကျောက်သယ်ခြင်း၊ ကျောက်ထုခြင်း လုပ်ငန်းများကို နေ့စဉ် လုပ်ကိုင်ခဲ့ကြသည်။

အလံတစ်ရာတွင် နေထိုင်ကြသူများသည် သတ်သတ်လွတ်ကိုသာ စားသုံးကြ၏။ လုပ်အားလှူဒါန်းကြသူများ၏ အလုပ်ချိန်မှာ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်၏။ ဆရာတော်ဘုရားသည် လုပ်အား လှူဒါန်းကြသူများအား ဘုရားဘဏ္ဍာတော်မှနေ၍ အမျိုးသားများကို တစ်နေ့ပြား (၂၀)၊ အမျိုးသမီးများကို တစ်နေ့ပြား(၂၀)၊ ထောက်ပံ့တော်မူ၏။ အချို့ ကလေးမိခင်များမှာ နေ့တစ်ဝက်သာ လုပ်အားလှူဒါန်းနိုင်သည်။ ၄င်းနေ့ဝက်အတွက် (၁၀)ပြား ထောက်ပံ့တော်မူ၏။ လုပ်အား လှူဒါန်းသည့် ကုသိုလ်ရှင်များကိုလည်း မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သတ်သတ်လွတ် ဆန်ပြုတ် ကျွေးမွေးသည်။

အလံတစ်ရာ ဆရာတော်ဘုရားသည် မိုးမခတောင်ပေါ်မှ တပည့် ဦးပဉ္ဖင်း၊ သာမဏေအပေါင်းတို့ဖြင့် သီတင်းသုံးလျက် ရှိ၏။ ညနေ (၇)နာရီ (၈) နာရီ အချိန်၌ မိုးမခတောင်ပေါ်မှနေ၍ အလံတစ်ရာဒေသသို့ မျှော်မှန်းကြည့်ရှုကြ၏။ ထိုအခါ သပိတ်လုံးပမာဏရှိသော မီးပွင့်မီးလျှံ၊ အင်ဂျင်လျှပ်စစ် မီးလုံး သဏ္ဌာန်နှင့် ကွမ်းလုံးသဏ္ဌာန်မျှလောက်ရှိသော အခြံအရံတို့ အလံတစ်ရာ ကုန်းတော်ပေါ်၏ ထက်ဝန်းကျင်၌ မြင်ရသူတို့ အံ့သြမကုန်နိုင်အောင် ကွန့်မြူးနေသည်ကို တွေ့ကြရ၏။ အလံတစ်ရာ ကုန်းတော်ပေါ်သို့လည်း ကျတစ်ခါ တက်တစ်လှည့်နှင့် တွေ့ရ၏။ ဆရာတော်တို့က သိုက်သော် လည်းကောင်း၊ မိစ္ဆာနတ်သော် လည်းကောင်း ပျော်မြူးနေသည်ဟု ထင်မှတ်ကြ၏။

ထိုနောက်မကြာခင် သစ်ပင်ချုံနွယ်အတိပြီးသော အလံတစ်ရာ ကုန်းတော်ပေါ်မှနေ၍ ဆလိုက်မီးရောင် ထိုးတက်သကဲ့သို့ ဖြူဝင်းသော အရောင်ကို မြင်းရခြင်း၊ နောင်ကုလားတောင်ပေါ်ရှိ ဆုတောင်းပြည့်ဘုရားနှင့် အလံတစ်ရာ ကုန်းတော်ထက်သို့ ခေါက်တုံ့ခေါက်ပြန် လူးလဲပျံသန်းသွားလာနေသော ဓာတ်မီးလုံးပမာဏ အဖြူ၊ အနီ၊ အ၀ါ၊ အစိမ်း စသောအရောင်တို့ကို တွေ့မြင်ရခြင်း၊ ဆွမ်းခံရာတွင်လည်း ထူးဆန်းသောအရောင် အမျိုးမျိုးတို့ကို အလံတစ်ရာ ကုန်းတော်ပေါ်၌ တွေ့မြင်ရခြင်း စသည်တို့ကြောင့် ဆရာတော်သည် အလံတစ်ရာကုန်းတော်ပေါ်သို့ သွားရောက်ကြည့်လိုသော ဆန္ဒ ပြင်းပြနေ၏။ ဆန္ဒအတိုင်းကြွသွားတော်၍ ကြည့်ရှုလေ၏။

အလံတစ်ရာ ကုန်းတော်ပေါ်သို့ ရောက်သောအခါ ရှေ့၊ နောက်၊ တောင်၊ မြောက် မျှော်ကြည့်ရာ သာယာလှသည်ကို တွေ့ရလေသည်။ ထို့ပြင် ဘုရားရှင်၏ ဓာတ်တော်သည် ကမ္ဘာတည်အောင် ကိန်းဝပ်လိုသည့် ဆန္ဒကို သိုက်မိစ္ဆာနတ်တို့ ပျော်ပါးသည်ဟူ ဆရာတော်ထင်ခဲ့၏။ ဤသို့ထင်ခဲ့ မိသည်မှာ မှားလေစွဟူလည်း နောင်တရတော်မူ၏။ ဆရာတော်သည် ညီအစ်ကို နှစ်ယောက်တို့၏ မညီညွတ်မှုကြောင့် မိုးမခတောင်ပေါ်၌ ဆက်၍ သီတင်းသုံးရန် ခက်နေ၏။ ဆရာတော်သည် ဘုရားပွင့်ရာ အနောက်မဇ္ဈိမဒေသသို့ သီဟိုဠ်စွယ်တော် ကျောင်းတော်ရာ၊ ဗောဓိပင် စသော ဘုရားရှင်တို့၏ အသုံးအဆောင်နှင့်တကွ တန်ခိုးကြီးဘုရားပါ သွားရောက်ဖူးမြော် ကန်တော့မည်ဟု နှလုံးပြုပြီး ကြွရောက်သွားခဲ့၏။ အနောက်မဇ္ဈိဒေသ မကြွမီ ရန်ကုန်မြို့တော်တွင် တစ်လတိုင်တိုင် သီတင်းသုံးပြီးမှ ကြွရောက်မည်ဟု အားထုတ်တော်မူခဲ့၏။

သို့ဖြစ်၍ ရန်ကုန်မြို့၌ သီတင်းသုံးနေစဉ် မိုးမခတောင်ပေါ်ရှိ ကမ္မဋ္ဌာန်းကျောင်းတွင် သီတင်းသုံးစဉ်က တွေ့ခဲ့ဖူးသော ဘုရားရှင်၏ ဓာတ်တော်သည် ၄င်းကုန်းတော်ပေါ်မှာ ကိန်းဝန်လိုသည်ဟူသော “ သံယောဇဉ်ကြိုးသည် ဆရာတော်၏ နှလုံးကို ချည်နှောင်ရစ်ပတ်နေ၏။ မဇ္ဈိမဒေသသို့ မကြွဖြစ်တော့ဘဲ နောင်ကုလားအလယ်ရွာ သုဿာန်ကျောင်းတွင် ပြန်၍ သီတင်းသုံးနေတော်မူ၏။ ဆရာတော်သည် သုဿာန်ကမ္မဋ္ဌာန်းကျောင်း၌ သီတင်းသုံးနေစဉ် နောင်ကုလားရွာကြီး သုဿာန်ကျောင်း၊ သာယာကုန်း၊ မိုးမခစသော ရွာတို့တွင် ပြိုပျက်ချို့ယွင်းနေသော စေတီတော်များကို ပြုပြင်ခဲ့၏။

ဆရာတော်သည် ညီညွတ်မှုမရှိခဲ့သော မိမိတို့ ညီအစ်ကိုနှစ်ဦးသည် စေတီတော်များကို ပြုပြင်တည်ဖို့ အောင်မြင်ပြီးစီးပါမည်လော ဟူသည့် ဆန္ဒဖြင့် လည်းကောင်း ကုန်းတော်၌ သုံးညတိုင်တိုင် အဓိဋ္ဌာန် ၀င်ခဲ့၏။ အနည်းငယ် အိပ်မောကျပြီးသောအခါ လက်သီးလက်ရုံးတန်းပြီး “ အောင်ပြီ အောင်ပြီ အောင်ပြီ ” ဟု သုံးကြိမ်တိုင်တိုင် အော်ဟစ်ကြိမ်းဝါးကာ လန့်နိုးခဲ့၏။ မိမိအိပ်မက်သည် ထူးသည်ဟု ယူဆ၏။ ထို့အပြင် ကုန်းတော်ပေါ်၌ အလံတစ်ရာ မြင့်သောစေတီကို တည်လိုသော ဆန္ဒလည်း အမြဲဖြစ်ပေါ်နေ၏။

လူယောဂီများအတွက်လည်း စေတီတော် ဘဏ္ဍာငွေမှပင် တစ်နေ့လျှင် ပြားနှစ်ဆယ်ထောက်ပံ့၏။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဆံပြုတ်တိုက်ကြွေး၏။ စားရေးအတွက် အသင့်အတင့် လုံလောက်သည်ဟု ဆိုနိုင်သော်လည်း ၀တ်ရေး၊ နေရေး မပြည့်စုံသဖြင့် တစ်နှစ်လျှင် မိုးရာသီစပါးစိုက်ချိန်တွင် ရက်ပေါင်း ၄၀ နွေရာသီ စပါးရိတ်ချိန်တွင် ရက်ပေါင်း ၄၀ စုစုပေါင်း ရက်ပေါင်း ၈၀ ကို ငွေကြေးစီးပွားဥစ္စာ ရှာဖွေရန် ခွင့်ပြုထားကြောင်း သိရသည်။ ဘုရားကြီး ပတ်ဝန်းကျင်ရှိ ရွာများတွင် လာရောက်နေထိုင်ကြသူများသည် အများအားဖြင့် ဇာတိမြေ ဆွေမျိုးသားချင်းများ ထောက်ပံ့မှုကြောင့်သာ လုပ်အားပေးနိုင်ကြသူများ ဖြစ်ကြောင်း သိရပေသည်။

ကလေးငယ်တိုင်း စာသင်ရေးအတွက် ဘုန်းတော်ကြီး မူလတန်းကျောင်းကို ဖွင့်လှစ်ထားပေးသည်။ ကျန်းမာရေးအနေဖြင့် သံဃာတော်များအတွက် ဆေးပေးခန်းတစ်ခုကို စေတနာ့ဝန်ထမ်း တိုင်းရင်းဆေးဆရာကြီးများက ဦးဆောင်ဖွင့်လှစ် ကုသပေးနေကြသည်။

ထူးခြားသည်မှာ အမျိုးသားတိုင်း ခေါင်းတုံး ဦးပြည်း ထားရ၏။ အမျိုးသမီးတိုင်းသည် ဆံထုံးကို မြင့်မြင့်ထုံးကြရသည်။ အလုပ်လုပ်ရာတွင် အညစ်အကြေး အစွန်းအပေ ခံနိုင်ရန် အမျိုးသားရော အမျိုးသမီးပါ အနက်ရောင်အ၀တ်အစားကို ၀တ်ဆင်ကြရ၏။ နေ့ကြီးအခါကြီးနှင့် ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များတွင်မူ အမျိုးသားများသည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ကြရသည်။

အလံတစ်ရာသို့ ရောက်ဖူးပါက နေ့စဉ်နေပူထဲတွင် အလုပ်လုပ်နေကြသော ပအိုဝ်းအမျိုးသမီးများသည် နေပူထဲတွင် နေ့စဉ်အလုပ် လုပ်နေရသော်လည်း သူတို့အသားအရေမှာ ချောမောလှပနေ၏။ ချစ်စရာပါးအို့လေးများမှာလည်း မပြုမပြင်ဘဲနှင့် ပန်းသွေးရောင် ကြွနေပေသည်။ သူတို့လေးတွေ၏ စေတနာနှင့် ကုသိုလ်မှာ ချီးကျူးသာဓုခေါ်စရာပင် ဖြစ်၏။

အလံတစ်ရာ စေတီတော်မြတ်ကြီး တည်ဆောက်ရာတွင် ဝေယျာဝစ္စ လုပ်ငန်းအ၀၀ မှန်သမျှ အခကြေးငွေပေး ငှားရမ်း၍ ဆောင်ရွက်ရသည့် လုပ်ငန်းဟူ၍ မရှိပေ။ လုပ်အားလှူဒါန်းသူ စေတနာရှင်များသည် လုပ်ငန်းကျွမ်းကျင်သူ၊ ၀ါသနာတူသူ စုစည်း၍ လုပ်ငန်းအဖွဲ့ငယ်များကို စနစ်တကျ ဖွဲ့စည်းကာ တက်ညီလက်ညီ တာဝန်ခွဲဝေ လုပ်ကိုင်ကြသည်။

ဖွဲ့စည်းထားသော အဖွဲ့ငယ်များမှာ ပန်းရံအဖွဲ့၊ ပန်းပဲအဖွဲ့၊ ပန်းထိမ်အဖွဲ့၊ လက်သမားအဖွဲ့၊ စက်မှုလက်မှုနှင့် သယ်ယူပို့ဆောင်ရေးအဖွဲ့၊ အကျွေးအမွေးနှင့် ချက်ပြုတ်ရေးအဖွဲ့၊ အလှူခံဥပသကာအဖွဲ့၊ စေတီတော် တည်ဆောက်ရေးလုပ်ငန်းအတွက် အထွေထွေ အလုပ်သမားအဖွဲ့ စသည်တို့ ဖြစ်ကြသည်။

အလံတစ်ရာ စေတီတော်ကြီးသည် ထုထယ်ပမာဏအားဖြင့် ကြီးမား၏။ ပတ်ဝန်းကျင် ကျေးရွာများနှင့် တောင်ပေါ် ပအိုဝ်း တိုင်းရင်းသားတို့ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသော ငွေကြေးဘဏ္ဍာ ပစ္စည်းကိရိယာဖြင့် စည်းလုံးညီညွတ်စွာ ကြိုးကြိုးစားစား တည်ဆောက်ခဲ့ရ၏။ ဆရာတော် ဘုရားကလည်း ထမင်းတစ်စေ့၊ အုတ်တစ်ပိုင်း၊ သစ်သားတစ်စ အလေအလွင့် မဖြစ်ရအောင် ခြိုးခြံချွေတာကြရန် အမြဲတမ်းပင် သတိပေး ညွှန်ကြားတော်မူလေ့ ရှိကြသည်။

အလံတစ်ရာစေတီတော်ကြီး ပတ်ဝန်းကျင်တွင် ရပ်ကွက် ခုနစ်ရပ်ကွက်နှင့် အိမ်ခြေ ၇၂၀ ရှိ၏။ ရပ်ကွက်ခုနစ်ရပ်ကွက်မှာ ဗုဒ္ဓသစ္စာရပ်ကွက်၊ ဘောဂ ရပ်ကွက်၊ ဖိုးသကြား ရပ်ကွက်၊ ဘိုးဘိုးအောင် ရပ်ကွက်၊ ၀ိဇ္ဇာ ရပ်ကွက်၊ နာဂ၀ိဇ္ဇာရပ်ကွက်တို့ ဖြစ်ကြ၏။ ဤရပ်ကွက်များရှိ အိမ်များစုစုပေါင်းမှာ ၇၂၀ ကျော်ရှိကြောင်း သိရသည်။

လာရောက် နေထိုင်ကြသူများမှာ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် စသဖြင့် လုပ်အားလှူဒါန်းရန် အဓိဋ္ဌာန်ပြုပြီး လာရောက်နေထိုင်သူများ ဖြစ်၏။ တစ်သက်ပတ်လုံး နေထိုင်ရန် အဓိဋ္ဌာန် ပြုသူများလည်း ရှိကြ၏။ အချို့မှာ အဓိဋ္ဌာန်ချက် ပြည့်မြောက်၍ ပြန်လည်ထွက်ခွာ သွားကြသူများလည်း ရှိ၏။ စည်းကမ်း မလိုက်နာနိုင်၍ ပြန်လည် ပြောင်းရွှေ့သွားကြသူများလည်း ရှိပေသည်။

ယခင်က တောချုံသစ်ပင်ထူထပ်ပြီး၊ သားကောင်များ ကျက်စားရာ ဒေသဖြစ်ခဲ့သည့် အလံတစ်ရာ ကုန်းမြေ၌ ယခုအချိန်တွင် ကျောင်းကန်ဘုရား၊ လူနေအိမ်ခြေများဖြင့် စည်ကားနေ၏။ စားပင်၊ သီးပင်၊ ဥယျာဉ် ပန်းမန်များဖြင့် စိမ်းလန်းရှင်သန်နေ၏။ စိုပြေနေ၏။ အေးချမ်းသာယာနေ၏။

အလံတစ်ရာ စေတီတော်ကြီးအား ရသေ့ ၈၅၊ ရသေ့မ ၃၈၈ ပါး၊ စုစုပေါင်း ရသေ့ ၄၃၇ ပါး တို့သည် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် အချိန်ပြည့် လုပ်အားပေး သီတင်းသုံး နေထိုင်လျက် ရှိကြသည်။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့သည်လည်း၊ အလံတစ်ရာ စေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြ၏။

အလံတစ်ရာ စေတီတော်ကြီးဝင်းသို့အ၀င် ၀ဲယာတစ်ဘက် တစ်ချက်တွင် ကံ့ကော်ပင်များကို တန်းစီ စိုက်ပျိုးထား၏။ ထုံးသင်္ကန်း ဖြူဖြူဖွေးဖွေးနှင့် အလံတစ်ရာ စေတီတော်ကြီးကို ကြည်ညိုသပ္ပါယ်စွာ ဖူးမျှော်နိုင်ပါသည်။

0 comments:

Post a Comment