ပထမတောင်ကျောင်းကြီး

ပထမတောင်ကျောင်းကြီးသည် သက္ကရာဇ် ၁၁၁၀ ခုနှစ်ကပင် ရှိနေပြီဖြစ်၏။ သို့သော် ထိုအချိန်က ကျောင်းငယ်လေးမျှသာ ဖြစ်၏။ တောင်ကြီးမြို့ တစ်ကြောတွင် တောင်ကျောင်းကြီး ကျောင်းတစ်ကျောင်းသာ ရှိသည်။

ယခု ကျောင်းထိုင်ဆရာတော်မှာ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဦးနရိန္ဒ ဖြစ်၏။ ဤဆရာတော်အထိ ပထမ တောင်ကျောင်းကြီးတွင် ဆရာတော် ရှစ်ပါး ကျောင်းထိုင်ခဲ့၏။ ဆရာတော် ဦးနရိန္ဒသည် ၁၃၀၃ ခုနှစ်တွင် ဒကာများ ပင့်လျှောက်၍ သထုံမှ ကြွလာခဲ့သည်။ သို့သော် ဂျပန်ဝင်လာသဖြင့် ဆရာတော် သီတင်းသုံးရာ သထုံရှိ ဓမ္မကာရီကျောင်းသို့ ပြန်ကြွသွား၏။ ၁၃၀၇ ခုနှစ်တွင် ဒကာများက သွားရောက် ပင့်လျှောက်ပြန်ရာ ဆရာတော်သည် စာချ ပုဂ္ဂိုလ်များ ဖြစ်သည့် ဦးတိလောက၊ ဦးဓမ္မသာမိ တို့ကို ခေါ်လာခဲ့သည်။ ထိုမှစ၍ ဘာသာရေး၊ ကျောင်း၏ အောင်မြင်ရေး တိုးတက်ခဲ့သည်။

၁၃၀၈ ခုနှစ် နတ်တော်လဆန်း ၃ ရက်နေ့တွင် ဂျပန် ၀င်လာစဉ်က ပျက်စီးသွားခဲ့သော ကျောင်းကို ပြန်လည်ဆောက်လုပ်ရေး အတွက် တောင်ကြီးမြို့ရှိ မွန်ခြိန် ဆရာတော်ကျောင်းတွင် နှီးနှောတိုင်ပင်ခဲ့ကြသည်။ နောင်ကားကျောင်း ဆရာတော် ဦးဏ္ဏိတ၊ ထမ်းကျောင်းဆရာတော် ဦးဥာဏ၊ ၀င်းယကျောင်း ဦးပဉ္ဇင်း ဦးကုမ္မာ တို့သည် အချင်းချင်း တိုင်ပင်ညှိနှိုင်းကြ၏။ ထို့နောက် ဆရာတော် ဦးနရိန္ဒထံ ကျောင်းကြီး ဆောက်လုပ်လိုသည့် အကြောင်းကို လျှောက်ထား၍ ဆန္ဒယူတော် မူခဲ့ကြသည်။ ဆရာတော်တို့၏ ဆန္ဒမှာ တောင်ကြီးမြို့တွင် ပအိုဝ်း တိုင်းရင်းသားကျောင်း တည်ဆောက်လိုခြင်း ပရိယတ္တိ ပဋိပတ္တိ သာသနာ ထွန်းကားစေလိုခြင်း တို့ဖြစ်၏။ ထိုနောက်မှတစ်ဆင့် ၀ိပဿနာ ပြန့်ပွားအောင် ဆောင်ရွက်ကြရန်ပင် ဖြစ်၏။ နောင်ကားကျောင်း ဆရာတော်၊ ထမ်းဘုရား ဆရာတော်၊ ၀င်းယကျောင်း ဆရာတော် သုံးပါးတို့သည် ဦးဘိုးခင်၊ ဆရာဝဏ္ဏ၊ ဦးထွက်စုံ စသည့် ဒကာများကို တိုင်ပင်ကြ၏။ ဆရာတော်တို့က ဤဒကာတို့အား ပအိုဝ်းအမျိုးသား သံဃာဗဟိုလ်ဌာန စာသင်တိုက်ကို တောင်ကြီးမြို့တွင် တည်ထောင်လိုသည်။ ကျောင်းမှာလည်း ဂျပန်တို့ဖျက်ဆီး၍ ပျက်စီးသွားပြီး ကျောင်းအသစ် ဆောက်လုပ်လိုသည်ဟု မိန့်ကြားလေသည်။ ဦးဘိုးခင်တို့ကလည်း သဘောတူညီခဲ့ကြ၏။ ဦးဘိုးခင်သည် သွတ်ကို တာဝန်ယူလှူဒါန်းလေသည်။ သထုံနယ်စား ခွန်ကြည်က သစ်အတွက်တာဝန်ယူမည်ဟု လျှောက်၏။ သို့သော် သစ်လှူရန် အဆင်မပြေခဲ့သဖြင့် ငွေကျပ် တစ်သောင်းကို လှူဒါန်းခဲ့လေသည်။

နောင်ကားကျောင်း ဆရာတော်ဘုရား၏စိတ်ဝယ် ပထမတောင်ကျောင်းကြီး ဆောက်ရေးကိစ္စသည် သံမှိုနှက်သလို စွဲနေ၏။ ထို့ကြောင့် ကျောင်းကြီး မြန်မြန် ဖြစ်မြောက်ရေးအတွက် အမျိုးမျိုးစဉ်းစားသည်။ နယ်မှ ပအိုဝ်း သံဃာတော်များကို ပင့်ဖိတ်၍ တိုင်ပင်ရသော် ကောင်းလေမည်ဟု အကြံဖြစ်၏။ မိမိ၏ အကြံအတိုင်း နယ်မှ သံဃ်ာတော်များကို ပင့်ဖိတ်ခဲ့၏။

၁၃၀၈ ခုနှစ်၊ နတ္တော်လပြည့်နေ့ ၈ နာရီအချိန်တွင် မွန်ခြိန်ကျောင်း၌ သံဃာတော်အပါး ၁၀၀ တို့သည် အစည်းအဝေး ကျင်းပကြသည်။ ဥက္ကဋ္ဌအဖြစ် နောင်စမ်းဆရာတော်က ဆောင်ရွက်၏။ အကျိုးတော်ဆောင်မှာ နောင်ကားကျောင်း ဆရာတော်ဖြစ်၏။ ၁၆ နယ်မှ ဆရာတော်ကြီးများကို ပထမတောင် ကျောင်းကြီး ဖြစ်မြောက်ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးတော် မူကြရန် အသီးသီးတာဝန်ပေးအပ်လိုက်သည်။

ဒကာများအဖွဲ့တွင် သထုံနယ်စား ခွန်ကြည်က နာယကအဖြစ် ဆောင်ရွက်သော အဖွဲ့ဝင် ၁၈ ဦး ပါဝင်သည့် ကျောင်းကို အင်္ဂတေဖြင့် ဆောက်ရန် သစ်ဖြင့်ဆောက်ရန် စသည်ဖြင့် ဆန္ဒနှစ်ခု ရှိနေကြ၏။ နောက်ဆုံးတွင် အင်္ဂတေဖြင့် ဆောက်ရန် သဘောတူညီ ဆုံးဖြတ်ခဲ့ကြသည်။ ဦးဘိုးခင်က ပုံနှိပ်စက် ရှိသဖြင့် ဖြတ်ပိုင်းဖြင့် ငွေကောက်ခံခြင်းအတွက် ဖြတ်ပိုင်းကို ရိုက်ရန် တာဝန်ယူ၏။ ငွေကောက်ခံရရှိသည့်အခါမှသာ ဖြတ်ပိုင်းအတွက် ကုန်ကျငွေကို ရှင်းပေးရန်ဖြစ်၏။ ကောက်ခံရရှိသည့်ငွေကို ဦးဘိုးခင်ထံ အပ်နှံကြရန် သဘောတူညီကြသည်။

၁၃၀၈ ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် သံဃာတော်တပါး ၂၀၀ နှင့် နာယကအဖွဲ့ဝင် ဒကာများသည် ကျောင်းပုံစံဆွဲရန် စည်းဝေးဆုံးဖြတ်ကြသည်။ အများ၏ ဆန္ဒဖြင့် တောင်နှင့်မြောက် အလျား ၁၂၀ ၊ အရှေ့နှင့်အနောက် အနံ ၁၀၀၊ အမြင့် ၃၇ - ၆ ၊ အနက် ၉ ဖြင့် ကျောင်းပုံစံ အကြမ်း ရေးဆွဲကြသည်။ ကျောင်းမှာ နှစ်ထပ်ကျောင်းဖြစ်၏။

ကျောင်းကြီးကို ဆောက်ခဲ့ရာ၌ အခက်အခဲတွေ့ရ၏။ ကျောင်းမှာ တော်တော်နှင့် မပြီးနိုင်သဖြင့် လူအများက “ တိုင်ထူမပြီး တောင်ကျောင်းကြီး ” ဟုလည်းကောင်း ပြောစမှတ်ပြုခဲ့ကြသည်။ “ ကြိုးစားက ဘုရားဖြစ်နိုင်သည် ” ဟူသော စကားအတိုင်း တစ်စစကြိုးစားခဲ့ကြရာ ယခုအခါ ကျောင်းကြီး အောင်မြင်ပြီးစီးသွားခဲ့သည်။ နောင်ကား ဆရာတော် ၁၃၁၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်နေ့မှစ၍ လုံးပမ်းခဲ့ရာ ၁၃၂၂ ခုနှစ် အထိ ငါးနှစ်ကြာမှ အောင်မြင်ပြီးစီး သွားလေသည်။

၁၃၂၁ ခုနှစ်တွင် သံဃာအပါး ၅၀ သည် ကျောင်းရေစက်ချပွဲအတွက် စည်းဝေးဆုံးဖြတ်ကြသည်။ ပအိုဝ်း အိမ်တိုင်း ငွေ နှစ်ကျပ်အထက် ကောက်ခံကြသည်။ ပထမ တောင်ကျောင်းကြီးကို တည်ဆောက်ခဲ့ရာတွင် စုစုပေါင်း ငွေ ၃၁၁၉၈၃ ကျပ် ၆၅ ပြား ကုန်ကျခဲ့သည်။ သစ်ဖိုး ၀ါးဖိုး အားလုံး ထည့်တွက်ပါက ငါးသိန်းကျော်မျှ ကုန်ကျလေသည်။ ပအိုဝ်း တိုင်းရင်းသားတို့၏ လုံ့လ၀ီရိယ ဘာသာရေး စိတ်ထက်သန်ပုံ စည်းလုံးညီညွတ်ပုံ ဇွဲရှိပုံကို အကဲခတ်လေ့လာ နိုင်ပေသည်။ ကျောင်းတက်ပွဲကို ၁၃၂၂ ခုနှစ်၊ တန်ခူးလဆုတ် ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်များတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ပထမ တောင်ကျောင်းကြီးသည် ပအိုဝ်း တိုင်းရင်းသားတို့ စေတနာကို ဖော်ပြနေပေသည်။ “ တစ်မူးရလို့တစ်ပဲလှူ ဒို့ရှမ်းတောင်သူ (ပအိုဝ်း) တူနိုင်ရိုးလား ” ဟူသောစကားကို ထောက်ခံနေပေသည်။ ပအိုဝ်း တိုင်းရင်းသားတို့၏ ဘာသာရေး စိတ်ထက်သန်ပုံကို ထင်ရှားစေသည်။ ပထမ တောင်ကျောင်းကြီးသည်ကား တောင်ကြီးမြို့၏ ကျက်သရေဆောင် ပအိုဝ်းတို့၏ ကျက်သရေဆောင် ဘာသာရေး အဆောက်အအုံကြီးပေတည်း။

0 comments:

Post a Comment