ပအိုဝ်း တိုင်းရင်းသားတွင် နတ်ကိုးကွယ်သူများ မရှိကြပေ။ သို့သော် သာသနာ စောင့်နတ်နှင့် ရွာစောင့်နတ် သမ္မာဒေ၀နတ် စသည့် နတ်များကို ရိုသေသမှုပြုသည့် အနေဖြင့် ပန်း၊ ဆီမွှေးနံ့သာတို့ဖြင့် ပူဇော်ပသကြလေသည်။ ဤနတ်များသည် တစ်ဦး တစ်ယောက်တည်းနှင့် သက်ဆိုင်ခြင်း မဟုတ်ဘဲ၊ ရွာနှင့်ပတ်သက်သည့် အများနှင့် သက်ဆိုင်သော နတ်များသာ ဖြစ်ကြသည်။ သာသနာစောင့်နတ်နှင့် ရွာစောင့်နတ်တို့အတွက် နတ်ကွန်းများကို ရွာအပြင်ဘက်ရှိ အကြီးဆုံးသစ်ပင်အောက်တွင် ရေအိုးစင်အရွယ် ပမာဏခန့် ဆောက်လုပ်ထားကြသည်။

သာသနာစောင့်နတ်ကို လပြည့် လကွယ်နေ့တိုင်း ဆွမ်းတော်တင်လေ့ရှိသည်။ ရွာစောင့်နတ်ကို မိုးဦးကျစ အချိန်တွင် ထမင်း၊ ဟင်း၊ ခေါင်ရည်များဖြင့် ပူဇော်ပသကြသည်။ နတ်ကန္နား ပွဲကြီးများနှင့် မပူဇော်ကြချေ။

စုန်း၊ ကဝေ၊ တစ္ဆေ၊ မှော်စသော အောက်လမ်းပညာများကို မယုံကြည်ကြ၊ တတ်လည်း မတတ်ကြပေ။ ရှေးယခင်က လူကြီးပိုင်းများတွင် ပုံပြင်အဖြစ် ပြောသဖြင့် နားထောင်ဖူးကြရုံသာ ရှိသည်။

အင်းအိုင်လက်ဖွဲ့များကို ကလေးများ၏ လည်ပင်း၊ လက်ကောက်ဝတ်တို့တွင် ဆွဲထားလေ့ရှိသည်။ ဤသို့ ဆွဲထားရခြင်းမှာ ကလေးအတွက် လိပ်ပြာထိန်းရန်၊ စုန်းကာရန်၊ နတ်ကာရန် သို့မဟုတ် ချူချာသဖြင့် ခမည်းပေးထားသည့် အနေဖြင့် ဆွဲခြင်းဖြစ်သည်။ လူကြီးများတွင်အချို့က ဘုရားအင်း၊ သူရဿတီအင်း၊ လက်ဖွဲ့စသည်များကိုလည်းကောင်း၊ အခြား ပီယဆေး၊ အဆောင်၊ အကာအကွယ် စသော အင်းအိုင် လက်ဖွဲ့များကို လည်းကောင်း အနည်းငယ် ဆွဲလေ့ရှိသည်။ အချို့က ပီယဆေးအဆောင်၊ အကာအကွယ် ဆေးများကို ကိုယ်ခန္ဓာအထက်ပိုင်း ကျော၊ လက်မောင်း၊ ရင် တို့တွင် ထိုးနှံထားတတ်ကြသည်။

0 comments:

Post a Comment