တရားစီရင်ခြင်း

တိုင်းရင်းသား လူမျိုးတို့သည် မိမိတို့နေထိုင်ရာ ဒေသအလိုက် ရိုးရာဓလေ့ထုံးစံများကို ကျင့်သုံးလျက် ရှိကြပေသည်။ ပအိုဝ်း တိုင်းရင်းသား တို့သည်လည်း  ရိုးရာဓလေ့ ထုံးတမ်းအလိုက် ယနေ့တိုင်အောင် တရားစီရင်နေကြသည်ကို တွေ့ရပေသည်။ ပအိုဝ်းကျေးရွာများတွင် မှုခင်းတစ်စုံတစ်ရာ ဖြစ်ပါက တစ်ဦးတစ်ယောက်တည်း သဘောဖြင့် စဉ်းစားဆုံးဖြတ်ခြင်း မရှိပေ။ “ ဖြားဒုံ ” ခေါ် ရွာသူကြီးနှင့် “ ဟိန် ” ခေါ် တိုက်သူကြီးတို့ ပါဝင်သော သမာဓိလူကြီးအဖွဲ့က အမှုကိုကြားနာပြီး စုပေါင်းညှိနှိုင်း စီရင်ဆုံးဖြတ်ပေးလေ့ ရှိလေသည်။ အများအားဖြင့် စုပေါင်းညှိနှိုင်း ဆုံးဖြတ်ခြင်းသည်သာ အမှန်တရားကို ရရှိနိုင်သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်ကြလေသည်။

အမှုအခင်း ပေါ်ပေါက်လာလျှင် သက်ဆိုင်ရာ ရွာသူကြီးနှင့် လူကြီးများ၏ ရှေ့မှောက်တွင် သစ္စာဆို၍ အစစ်ခံလေ့ ရှိကြပေသည်။ အပြစ်ပေးရာတွင် ပြစ်မှု ကျူးလွန်သူကို လူညွန့်တုံးစေသည့် ပြင်းထန်သော အပြစ်မျိုးကို ပေးလေ့မရှိပေ။ ပြစ်မှုကျူးလွန်သူသည် ပထမအကြိမ်ဖြစ်လျှင် ပညာပေးပြုပြင်ခြင်း အနေဖြင့် ဆုံးမစကား ပြောလေ့ရှိသည်။ အမျိုးသမီးများအတွက် အမှုအခင်းကို စစ်ဆေးရာတွင် လည်းကောင်း၊ အပြစ်ပေးရာတွင် လည်းကောင်း အားနွဲ့သူ အဖြစ်ဖြင့် သက်ညှာစွာ စစ်ဆေးအပြစ်ပေးလေ့ ရှိပေသည်။ ပအိုဝ်းအမျိုးသမီးများသည် ရိုးသားရည်မွန်သူများ ဖြစ်ကြသဖြင့် ရာဇ၀တ်မှု၊ တရားမမှုများနှင့် ကင်းရှင်းလေသည်။

ပအိုဝ်း တိုင်းရင်းသားတို့သည် တောင်ယာလုပ်ငန်း၊ ခြံလုပ်ငန်းဖြင့် ရိုးသားစွာ လုပ်ကိုင်စားသောက်ကြ၏။ မြေကြီးကို ခင်တွယ်ပြီး ကောင်းရောင်း ကောင်းဝယ်ဖြင့် ရိုးသားစွာ အသက်မွေးကြသူများပီပီ ရာဇ၀တ်မှုခြင်း ကျူးလွန်ခြင်း နည်းလှသည်။ ရိုးသားဖြောင့်မတ်ကြသဖြင့် ပအိုဝ်း တိုင်းရင်းသားတို့ နေထိုင်ရာ ကျေးရွာဒေသများတွင် အငြင်းအခုံဖြစ်ပွားမှု နည်းလှပေသည်။ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသဖြင့် ဒေါသရှေ့ထား၍  ကျူးလွန်တတ်သော လူသတ်မှုကို ကျူးလွန်ရန် ကြောက်ရွံ့ကြလေသည်။

ပအိုဝ်း တိုင်းရင်းသားတို့၏ လူမှု အဖွဲ့အစည်းများတွင် ပေါ်ပေါက်လေ့ရှိသော အမှုအခင်းများမှာ ကျွဲခိုးမှု၊ နွားခိုးမှု၊ ပစ္စည်းဥစ္စာ ခိုးယူမှုနှင့် မြေလုယက်မှုများ ဖြစ်ကြသည်။ ဤမှုခင်းများကို “ ဖြားဒုံ ” ခေါ် ရွာသူကြီး ပါဝင်သော သမာဓိလူကြီးအဖွဲ့က သက်ဆိုင်သူတို့ကို ဆင့်ခေါ်စစ်ဆေးပြီး အပြစ်ပေးလေသည်။ ဥပမာ ခိုးမှု ကျူးလွန်ပါက ကျူးလွန်သူကို လူကြီးများက ခေါ်ယူစစ်ဆေး၍ ၀န်ခံလျှင် ခိုးယူထားသော ဥစ္စာပစ္စည်းကို ပြန်ပေးရသည်။ ခိုးယူထားသော ပစ္စည်းကို ပြန်မပေးနိုင်ပါက ပစ္စည်း၏တန်ဖိုးကို လျော်ရသည်။

ပြစ်မှုတစ်ခုကို ပထမအကြိမ် ကျူးလွန်လျှင် ဆုံးမစကား ပြောခြင်းဖြင့် ပြီးလေ့ရှိသည်။ သုံးလေးကြိမ်ဆက်၍ ကျူးလွန်ပါက “ လုပ်အားပေးရသော အပြစ်ဒဏ် ” ကို ပေးလေ့ရှိသည်။ ကျူးလွန်သူသည် ဘုရား ကျောင်းသွားလမ်း၊ လူသွားလမ်း တို့ကို သဲခင်းခြင်း၊ ကျောက်ခင်းခြင်း၊ မြက်ရှင်းခြင်း၊ ရေတွင်းရေကန် သန့်ရှင်းအောင် အမှိုက်ဆယ်ယူစေခြင်း စသည့် အများအကျိုး ရှိစေမည့် အလုပ်များကို လုပ်ရသည်။ ဤနည်းသည် ပြစ်မှုကျူးလွန်သူကို ပညာပေးရာရောက်သည့်အပြင် အများအတွက် အကျိုးရှိစေသော နည်းလမ်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူသည် လမ်းခင်းခြင်း၊ မြက်ရှင်းခြင်း ပြုနေရသဖြင့် လမ်းကို ဖြတ်သန်းသွားလာသူများ တွေ့ရှိပါက “ ဤသူသည် ပြစ်မှုကျူးလွန်သူ ” ဟု ပြစ်တင်ရှုတ်ချကြလေသည်။ ပြစ်မှု ကျူးလွန်သူသည်လည်း အရှက်ရကာ နောင်တရစေသည်။

စာရိတ္တပျက်၍ အပြစ်တစ်စုံတစ်ရာကို နှစ်ကြိမ် သုံးကြိမ် ဆက်တိုက်ကျူးလွန်ပါက ကျူးလွန်သူအား “ ယားလမ်းငန်း ” ခေါ် အိမ်ခေါင်မိုးကို အနည်းငယ် ဖျက်ခြင်းဖြင့် အပြစ်ပေးလေ့ရှိသည်။ ထိုနည်းမှာ ပြစ်မှုကျူးလွန်သူ၏ အိမ်ခေါင်မိုးမှ သက်ငယ်နှစ်ချပ်၊ သုံးချပ်ကို ခွာယူ လှပ်ထားခြင်းဖြစ်သည်။ မိုးအခါ ဖြစ်ပါက မိုးလွတ်သောဘေးအကာမှ သက်ငယ်ချပ် အချို့ကို လှပ်ထားလေ့ ရှိသည်။ ဤအပြစ်ကိုလည်း လူတိုင်းကြောက်ကြလေသည်။ အဘယ်ကြောင့် ဆိုသော် အိမ်ဘေးမှဖြတ်သွားသူတိုင်းက သက်ငယ်လှပ်နေခြင်းကို ကြည့်၍ အပြစ်ပေးခံရသူကို ရှုတ်ချကြလေသည်။

နောက်အပြစ်ပေးနည်းမှာ “ ၀ိုင်းပယ်ခြင်း ” သို့မဟုတ် “ အကြဉ်ခံရခြင်း ” ဖြစ်သည်။ ပြစ်မှုနှစ်ကြိမ်သုံးကြိမ် ကျူးလွန်သူအား ပြော၍မရလျှင် ဤအပြစ်မျိုးကို ပေးလေ့ရှိသည်။ ဤနည်းမှာ တစ်ရွာလုံးရှိ လူအများစုက ထိုသူအား စကားအခေါ်အပြော မရှိခြင်း၊ အိမ်အ၀င်အထွက် လက်မခံခြင်း၊ သာရေးနာရေး ကိစ္စများတွင် ဖိတ်ခေါ်မှုမပြုခြင်းတို့ ဖြစ်သည်။ ပအိုဝ်း တိုင်းရင်းသားတို့ ဓလေ့ထုံးစံမှာ လူအများနှင့် ဆက်ဆံကြရပြီး အချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်သွားလာ ပူးပေါင်းလုပ်ကိုင် စားသောက်ကြလေသည်။ ထို့ကြောင့် လူအများက ကြဉ်ထားသော် မနေတတ်မထိုင်တတ်နှင့် အလွန်စိတ်ဆင်းရဲပြီး စိတ်ဒုက္ခရောက်လေသည်။ ဤအပြစ်မျိုး ပေးခံရပြီးသော်လည်း ဆက်လက်ကျူးလွန်ပါက ရွာနှင်ဒဏ်ပေးလေ့ ရှိပေသည်။

စိတ်သဘောချင်း မတိုက်ဆိုင်၍ အခိုက်အတန့်အားဖြင့် အငြင်းပွားမှု ရှိကြသော်လည်း တစ်ဦးကိုတစ်ဦး နာကြင်ထိခိုက်စေရန် ရိုက်ပုတ်လေ့မရှိပေ။ ဤအမှုမျိုးကို လူကြီးများ ၀င်ရောက်ဖြန်ဖြေ၍ ဆုံးမပေးခြင်းဖြင့် နှစ်ဦးနှစ်ဘက် ကျေအေးပြီး ကျေနပ်သွားတတ်ကြလေသည်။ ပအိုဝ်းတို့၏ အပြစ်ပေးနည်းကို လေ့လာလျှင် ပြစ်မှုကျူးလွန်သူတို့အား ကိုယ့်အမှားကိုယ်မြစ်စေသည့်ပြင် လူကောင်းတစ်ယောက် အဖြစ်သို့ ပြန်ရောက်စေသော ပညာပေးနည်းများ ဖြစ်ပေသည်။

အရှုပ်အထွေး ဖြစ်ပေါ်လာလျှင် “ ဖြားဒုံ ” ခေါ် ရွာသူကြီးက ဦးဆောင်ပြီး ကျေးရွာအတွင်းရှိ အများက ယုံကြည်လေးစားသူ ဖြောင့်မတ် တည်ကြည်သူနှင့် ရှေ့မှီနောက်မှီ သက်ကြီးရွယ်အိုတို့ကို သမာဓိလူကြီးများအဖြစ် ပင့်ဖိတ်ကာ တရားစစ်ဆေးကြလေသည်။ တရားစစ်ဆေးမည့် နေရာကိုလည်း အတည်တကျ သတ်မှတ်ထားခြင်း မရှိပေ။ အများအားဖြင့် “ ဖြားဒုံ ” ခေါ် ရွာသူကြီး၏ အိမ်ရှေ့ဧည့်ခန်းတွင် ခေါ်ယူစုပေးပြီး စစ်ဆေးကြားနာကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့ တရားစစ်ဆေးဆုံးဖြတ်သည့် ဓလေ့တွင် လာဘ်ယူခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ မိမိတို့ မိရိုးဖလာ ဓလေ့ထုံးစံအရ အမှန်အကန်ဆုံး ဖြစ်အောင် စေ့စပ်ဖျန်ဖြေ ဆုံးဖြတ်ကြလေသည်။

တရားစစ်ဆေးရာ၌ တရားခံ တရားလိုနှင့်တကွ အသိသက်သေများကို သစ္စာဆိုစေပြီးမှ တရားစစ်ဆေးကြသည်။ သမာဓိလူကြီးအဖွဲ့မူ တစ်ဦးဦးက ပအိုဝ်းဘာသာ စကားဖြင့် သစ္စာတိုင် ရွတ်ဆိုသည့်အတိုင်း လိုက်၍ရွတ်ဆိုရသည်။ သစ္စာမဆိုမီ တရားခံ တရားလိုနှင့်တကွ အသိသက်သေတို့၏ ဦးခေါင်းပေါ်တွင် ဘုရားဖြစ်စေ ဘုရားသောက်တော်ရေ ဖြစ်စေ တင်ပြီး သစ္စာဆိုလေ့ ရှိကြသည်။ သစ္စာဆိုရာတွင် ကျွန်တော် ကျွန်မသည် မှန်ကန်စွာ ထွက်ဆိုပါမည်။ လိမ်လည်ထိမ်ဝှက်၍ မမှန်မကန်ထွက်ဆိုပါက ဦးခေါင်းပေါ်ရှိ ဘုရားသည် ကျွန်တော်ကျွန်မအား စူးပါစေသားဟူ၍ သစ္စာဆိုရလေသည်။

လူသတ်မှု၊ မုဒိန်းမှု၊ ခိုးမှု၊ လုယက်မှုနှင့် အခြားမှုခင်းများ အတွက် ဥပဒေများ သီးခြားသတ်မှတ်ထားခြင်း မရှိပေ။ ဤမှုခင်းများမှာလည်း ဖြစ်ပွားမှု နည်းလှပေသည်။ ဓားပြတိုက်သူကို ဖမ်းမိပါက သတ်ပစ်တတ်ကြသည်။ သူခိုးကိုဖမ်းမိလျှင် ကျွန်တော် ကျွန်မသည် သူခိုးဖြစ်ပါသည်။ ကျွန်တော် ကျွန်မ ကဲ့သို့ သူများပစ္စည်းကို မခိုးကြပါနှင့်ဟု ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးရသည်။ တစ်ခါတစ်ရံ ခိုက်ရန်ဒေါသကြောင့် လူသတ်မှုဖြစ်ပွားတတ်သည်။ ထိုအခါမျိုးတွင် ဖြစ်ပြီးသည့်ကိစ္စကို နောက်ထပ် အရှုပ်အရှင်း မဖြစ်စေလိုသဖြင့် ပြေငြိမ်းသွားအောင် လျော်ကြေးဖြင့် လျော်ပေးသည်လည်း ရှိ၏။ သို့သော် နည်းလှ၏။ တရားခံကို ရဲလက်သို့အပ်၍လည်း ဖြေရှင်းကြလေသည်။ လူသတ်မှုဖြစ်ပွားလျှင် ပြန်လည်လက်စားချေခြင်းမျိုး မရှိပေ။ လူသတ်မှုမှာလည်း ဖြစ်ပွားခြင်း မရှိသလောက်ပင် ဖြစ်သည်။

ပအိုဝ်းတိုင်းရင်းသားတို့တွင် စုန်းပြုစားခြင်းကို အယုံအကြည်ရှိပြီး ယင်းလူတန်းစားကို အလွန်ရွံမုန်းကြသည်။ ထိုလူတန်းစားကို လူထုရန်သူဟု သတ်မှတ်ကြ၏။ ပဒေသရာဇ်တို့ အုပ်စိုးစဉ်ကမူ လူတစ်ယောက်သည် ပြုစားတတ်သူဟု အများကအပြောများပြီး ယုံကြည်လျှင် ထိုသူကို သတ်ပစ်ကြသည်။ ထိုကဲ့သို့သတ်ရာတွင် မည်သူကသတ်သူ၊ မည်သူက တရားခံဟု ဖော်ထုတ်တရားစွဲမည့်သူကိုလည်း မရှိပေ။ တစ်ရွာလုံး မသိဟန်ဆောင် နေကြလေသည်။ ထိုကြောင့် ပအိုဝ်းကျေးရွာများတွင် ပြုစားဝံ့သူ ရှားလေသည်။ အချို့ကလည်း ပြုစားသူကို မသတ်ဘဲ၊ မိသားစုကို ရွာမှ နှင်ထုတ်သည်လည်း ရှိလေသည်။ မိသားစုတစ်စုသည် စုန်းမျိုးဟု သတ်မှတ်ခံရလျှင် ထိုမိသားစုကို ရွာသားများ အဆက်အဆံ နည်းလေသည်။ ထိုအခါ သတ်မှတ်ခံရသူ အိမ်ထောင်စုသည် ရွာတွင်နေထိုင်ရန် မပျော်မွေ့တော့သဖြင့် တစ်ရပ်တစ်ရွာသို့ မိသားစုအားလုံး ပြောင်းရွှေ့နေထိုင်ကြလေသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံအရ ဒေသဆိုင်ရာ တရားစီရင်ရာတွင် ရာဇ၀တ်မှုနှင့် တရားမမှုဟူ၍ ခွဲခြားနိုင်သည်။ ရာဇ၀တ်မှုတွင် လူသတ်မှု၊ ခိုးမှု၊ လုယက်မှု စသည်တို့ဖြစ်သည်။ တရားမမှုမှာ အမွေခွဲဝေခြင်း၊ လင်မယားကွာရှင်းခြင်း၊ ပစ္စည်းဥစ္စာပေါင်နှံ ရောင်းဝယ်ရာတွင် အရှုပ်အရှင်း ဖြစ်ခြင်း၊ ကလေးစရိတ်တောင်းခြင်း၊ လယ်ယာခြံမြေချဲ့ထွင် လုယူခြင်း၊ လယ်ယာခြံများကို  ကျွဲနွားဖျက်ဆီးခြင်း စသည်တို့ဖြစ်သည်။
ပအိုဝ်းကျေးလက်တောရွာများတွင် ရာဇ၀တ်မှု၊ တရားမမှု ဖြစ်ပွားခြင်း နည်းပါးလှပေသည်။ အဘယ်ကြောင့်ဆိုသော် ပအိုဝ်း တိုင်းရင်းသားတို့သည် အရှုပ်အရှင်းဖြစ်၍ ကျေနပ်မှု မရှိသည့်တိုင် “ တယောင်းဝေ ” (နေပေစေ)၊ “ ယောင်ခမ်းမွိုင် ” (နေပေစေတော့၊ ပြီးပေစေတော့) ဟူ၍ ခွင့်လွှတ်တတ်ကြ လေသည်။ မိမိတို့ကို မတရားလုပ်လျှင် ထိုသူလည်း မတရားလုပ်ခြင်း ခံရမည်။ “ လိုတထီတောင်းလဲ့လူထီ ” (လူမမြင်သော်လည်း နတ်သိကြား မြင်သည်) ၀ဋ်လည်လိမ့်မည်ဟု ယုံကြည်ကြလေသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် တစ်ယောက်နှင့်တစ်ယောက် အငြင်းပွားမှုကို ရှောင်ကြဉ်ကြလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် အငြင်းပွားမှုကို မလိုလားသဖြင့် ပအိုဝ်းကျေးလက် တောရွာများတွင် အမှုအခင်း ဖြစ်ပွားမှုနည်းပြီး၊ အေးချမ်းပျော်မွေ့ဖွယ်ရာ ကောင်းလေသည်။

ပအိုဝ်းတိုင်းရင်းသား အပျို၊ လူပျိုတို့သည် တစ်ယောက်နှင့်တစ်ယောက် လွတ်လပ်စွာ စကားပြောခွင့် ရှိကြလေသည်။။ ခြံ၌ဖြစ်စေ၊ အိမ်၌ဖြစ်စေ လွတ်လပ်စွာ စကားပြောခွင့် ရှိကြလေသည်။ အိမ်တွင် အပျိုလူပျို စကားပြောနေကြပါက မိဘမောင်ဘွားတို့သည် လွတ်လွတ်လပ်လပ် ပြောကြပေစေ ဟူသော သဘောဖြင့် ရှောင်ပေးခြင်း၊ မသိဟန်ဆောင်ခြင်း ပြုကြလေသည်။ လူကြီးမိဘ မောင်ဘွားများ ရှောင်ပေးသော်လည်း အပျိုလူပျိုတို့သည် အချစ်နယ်ကျွံခြင်း မရှိကြပေ။ ပအိုဝ်း အပျိုလူပျိုတို့သည် လွတ်လပ်စွာ စကားပြောခွင့် ရှိကြသော်လည်း ပြစ်မှားကျူးလွန်ခြင်း မရှိကြပေ။ ပြစ်မှား ကျူးလွန်မှု မရှိအောင်လည်း၊ မိမိတို့၏ ဘိုးဘွားစဉ်ဆက်က ဓလေ့ထုံးစံကို ဆက်လက် ထိန်းသိမ်းကြခြင်း ဖြစ်ပေသည်။ သို့သော်လည်း ပုထုဇဉ် လူသားများပီပီ၊ အကယ်၍ အချစ်နယ်ကျွံမိပါက၊ လူပျိုရော အပျိုပါ အများ၏ ကဲ့ရဲ့ခြင်းကို ခံရပြီး အရှက်ကြီး ရှက်ရလေတော့သည်။ အချစ်နယ် ကျွံမိကြသူ အပျိုလူပျိုတို့သည် ကျေးရွာလူကြီးများနှင့် ရွာမှ အပျိုလူပျိုများကို မိမိတို့ မှားယွင်းမိကြောင်း ၀န်ခံတောင်းပန်ရလေသည်။ ထို့အပြင် ရွာ၏ အရပ်လေးမျက်နှာကို ကျပ်တစ်ရာမှ နှစ်ရာအထိ ရိုသေကြရသည်။ ထို့ကြောင့် အရပ်လေးမျက်နှာကို ရိုသေကန်တော့ရန်အတွက် ကျပ်လေးရာမှ ရှစ်ရာအထိ ကုန်ကျလေသည်။ ကျေးရွာလူကြီးနှင့် အပျိုလူပျို ကာလသား ခေါင်းဆောင်တို့ကိုလည်း ရိုသေကန်တော့ကြရသည်။ အရပ်လေးမျက်နှာ အတွက် ရိုသေကန်တော့ငွေကို ကျေး၇ွာ၏ ရန်ပုံငွေအဖြစ် ထားရှိကြလေသည်။ သို့သော် အပျိုလူပျို အချစ်နယ်ကျွံပြစ်မှား ကျူးလွန်ခြင်းမှာ ရှားမှရှား လေသည်။ မရှိသလောက်အောင် နည်းလှပေသည်။

လူပျိုတစ်ဦးသည် မိန်းမပျိုကလည်း မိမိကိုမကြည်ဖြူ၊ မိန်းမပျို၏ မိဘကလည်း သဘောမကျလျှင် မိန်းမပျို၏ အိမ်ခန်းတွင်းသို့ သွားလာဝန်ထွက်ပါလျှင် ထိုလူပျိုကို အိမ်ရှင်က တရားစွဲနိုင်သည်။ ထိုလူပျိုသည် တရားစွဲခံရလျှင် “ ဖြားဒုံ ” ခေါ် ရွာသူကြီးက ထိုလူပျိုကို အိမ်ရှင်အား ဒဏ်ငွေပေးဆောင် စေသည့် အပြစ်ပေးနိုင်လေသည်။ ပအိုဝ်းကျေးရွာများတွင် အိမ်ထောင်ရှိယောက်ျားနှင့် အိမ်ထောင်ရှိမိန်းမတို့ ပြစ်မှားကျူးလွန်မှု မရှိပေ။ အကယ်၍ ကျူးလွန်မိပါက ကျူးလွန်သူသည် ကာမပိုင် လင်ယောက်ျားကို လျော်ကြေးပေးရသည်။ ကာမပိုင် လင်ယောက်ျားကလည်း၊ မိမိမိန်းမကို စွန့်လွှတ် ကွာရှင်းနိုင်လေသည်။ “ ဖြားဒုံ ” ခေါ် ရွာသူကြီးက၊ ကျူးလွန်သူအား ရွာ၏အရပ်လေးမျက်နှာကို ဒဏ်ငွေဆောင်စေခြင်း၊ ရွာမှနှင်ထုတ်ခြင်း၊ အပြစ်ကို ပေးနိုင်လေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ရိုးသားဖြောင့်မတ်ပြီး၊ ကတိသစ္စာရှိကြသူများပီပီ၊ အပျိုလူပျိုဖြစ်စေ၊ အိမ်ထောင်သည် ဖြစ်စေ ပြစ်မှား ကျူးလွန်သူ နည်းပါးလှပေသည်။

အမျိုးသမီးတစ်ယောက်သည် လင်ယောက်ျား မရှိဘဲ ကိုယ်ဝန်ရှိလာလျှင် “ ဖြားဒုံ ” ခေါ် ရွာသူကြီးက ခေါ်ယူ စစ်ဆေးရသည်။ ဤသို့စစ်ဆေးရာတွင် ကလေး၏ဖခင်ကို မဖော်နိုင်ပါက ထိုအမျိုးသမီးကို ရွာမှနှင်ထုတ်နိုင်လေသည်။ ရွာမှနှင်ထုတ်လျှင် ရွာ၏ မနီးမဝေး ရွာပြင်တွင် အိမ်ငယ်ဆောက်လုပ် နေထိုင်စေ၏။ ကလေးမွေးဖွားပြီးသောအခါ “ ဖြားဒုံ ” ခေါ် ရွာသူကြီးက၊ ရွာ၏ အရပ်လေးမျက်နှာကို ရိုသေကန်တော့စေ၏။ “ ဖြားဒုံ ” ခေါ် ရွာသူကြီး ခွင့်ပြုချက်ရမှသာ ရွာတွင်းသို့ ပြန်လည်နေထိုင်နိုင်လေသည်။ ရွာလူကြီးများက စစ်ဆေး၍ လင်ကောင်ဖော်ပြနိုင်လျှင် ထိုသူနှင့် လက်ထပ်ပေးလိုက်သည်။ အကယ်၍ ယောက်ျား သုံးလေးယောက်နှင့် ကျူးလွန်ပါက ထိုသူတို့အား မည်သူက တာဝန်ယူ ထိန်းသိမ်းမည်ကို မေးမြန်း ဆန္ဒယူရသည်။ ကျူးလွန်သူယောက်ျားများအနက် မည်သူမျှ တာဝန်မယူနိုင်လျှင် ကျူးလွန်သူအားလုံးက ထိုအမျိုးသမီး မီးဖွားရာတွင် ထင်း၊ ရေ၊ ဆေး စသည်တို့ကို တစ်ယောက်တစ်မျိုးကျစီ တာဝန်ယူရသည်။ ပအိုဝ်း ကျေးရွာများတွင် ဤသို့ ကာမပိုင်ယောက်ျားမရှိဘဲ ကိုယ်ဝန်ဆောင်ခြင်းမှာ ရိုးရာ ဓလေ့ထုံးစံနှင့် ဆန့်ကျင်သဖြင့် ကျူးလွန်မှု ဖြစ်ပွားခြင်း နည်းလှပေသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ရွာကို အေးချမ်းသာယာအောင် လုံခြုံအောင် အထူးဂရုပြုကြလေသည်။ ဧည့်သည်ရောက်လာ၍ ယုံမှားသင်္ကာရှိလျှင် ခေါ်ယူစစ်ဆေးလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ကာယလုပ်အားဖြင့် အသက်မွေးကြသူများ ပီပီ၊ အရက်ကို အတန်အသင့် သောက်ကြ၏။ သို့သော် အရက်ကို ရွာတွင် မချက်ကြပေ။ အချို့ကျေးရွာများတွင် အရက်သောက်ခြင်း၊ အရက်ချက်ခြင်း၊ ဘိန်းရှူခြင်းကို ကျပ်တည်းစွာ တားမြစ်လေသည်။ ဘိန်းရှူခြင်းကိုမူ ကျပ်တည်းစွာ တားမြစ်ထားသဖြင့် ဘိန်းရှူသူ နည်းလေသည်။ ဘိန်းရှူ ဘိန်းစားကို ရွာမှ နှင်ထုတ်လေသည်။ ဘိန်းရှူသူကို လမ်းပြုပြင်စေခြင်း၊ လမ်းဖောက်ခြင်း၊ ကျောက်ထုကျောက်ခွဲခြင်း စသည်ဖြင့် အပြစ်ပေးစေခိုင်းလေသည်။ လောင်းကစားခြင်းကိုလည်း ခွင့်မပြုပေ။ ပအိုဝ်းကျေးရွာများတွင် မူးယစ်သောက်စား၍ အော်ဟစ်ဆဲဆိုခြင်း လင်နှင့်မယား ရန်ဖြစ်ခြင်း မရှိပေ။ အော်ဟစ် ဆဲဆိုသူကို “ ဖြားဒုံ ” ခေါ် ရွာသူကြီးက ထိုက်သင့်သလို အပြစ်ပေးနိုင်လေသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် ထကြွနိုးကြားပြီး၊ အလုပ်အလွန် ကြိုးစားကြသဖြင့် ပျင်းရိသူများ မရှိပေ။ အကယ်၍ ရွာတွင်နေထိုင်ပြီး အလုပ်လုပ်ရန် ပျင်းရိသူ၊ ခိုက်ရန်ဖြစ်ပွားသူ၊ ဘာသာရေးကိစ္စ မေ့လျော့သူကို “ ဖြားဒုံ ” ခေါ် ရွာသူကြီးက ဆုံးမလေသည်။ ဆုံးမ၍မရပါက ရွာဦးကျောင်းမှ ဘုန်းတော်ကြီးက ထပ်မံ ဆုံးမလေသည်။ ဘုန်းတော်ကြီး ဆုံးမ၍ မရပါက ထိုသူကို ဘုန်းကြီးကျောင်းတက်ခွင့် မပြုတော့ပေ။ ပအိုဝ်း တိုင်းရင်းသား တို့သည် ဘုန်းတော်ကြီးကို ရိုသေကြည်ညိုလေးစား ကြောက်ရွံ့ကြလေသည်။ ရပ်ရွာ၏ အရေးကိစ္စကို မိမိတို့မကျေလည်ပါက ဘုန်းတော်ကြီးကို တင်ပြလျှောက်ထား၍ ဆွေးနွေး၏။ ဘုန်းတော်ကြီး၏ သြ၀ါဒအရ ဆက်လက်ဆောင်ရွက်ကြလေသည်။ ကြီးသူကို ငယ်သူက လေးစားရိုသေခြင်း၊ သည်းခံခွင့်လွှတ်တတ်ခြင်း၊ ဦးစီးဦးဆောင်ပြုသူ လူကြီးမိဘ၏စကားကို လူငယ်များက လိုက်နာခံယူခြင်း စသည်တို့ကြောင့် ပအိုဝ်း တိုင်းရင်းသား တို့တွင် မြို့ပေါ်တက်၍ တရားစီရင်ရသော အမှုအခင်းများ မရှိပေ။

0 comments:

Post a Comment