ကန်တော့ ခိုဗန်တန်ဓလေ့

ပအိုဝ်း တိုင်းရင်းသား တို့သည် ကာလသားခေါင်းဆောင်ကို “ ခိုဗန်တန် ” ဟုခေါ်၏။ “ ခိုဗန်တန် ” ၏အဓိပ္ပါယ်မှာ “ လူပျိုကြီး ” ဖြစ်သည်။ သို့သော် အိမ်ထောင်မပြုရသေးသည့် အသက်ကြီးသူ ကာလသားကို “ ခိုဗန်တန် ” ဟု ခေါ်သည့်အပြင်၊ ရွာထဲ ရပ်ကွက်ထဲရှိ ကာလသား ခေါင်းဆောင်ကိုလည်း “ ခိုဗန်တန် ” ဟုပင် တင်စားခေါ်ဝေါ်ကြ၏။ ရပ်ကွက်ထဲရှိ ကာလသား ခေါင်းဆောင်အား အရိုအသေပြုသည်။ ကန်တော့သည်ကို “ ကန်တော့ ခိုဗန်တန် ” ဟု ခေါ်၏။

ကာလသားခေါင်းဆောင်အား အရိုသေပြု ကန်တော့သည် အလေ့အထကို အောက်မြန်မာပြည်တွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့၌ တွေ့ရသည်။ တောင်ငူခရိုင် ဇရပ်ကြီးကျေးရွာ၌ နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့သည် ကာလသားခေါင်းဆောင်အား ကန်တော့သည့်ပွဲကို တစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ်ကြသည်။ ကန်တော့ခိုဗန်တန် ခေါ် လူပျိုအပျို ကာလသား ခေါင်းဆောင်အား ကန်တော့သည့်ပွဲကို နှစ်ဆန်း ရက်ပိုင်းတွင် တစ်ကြိမ်၊ ၀ါကျွတ်ရက်ပိုင်းတွင် တစ်ကြိမ် ဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် ပြုလုပ်ကြလေသည်။

ဤသို့ မိမိတို့ ရပ်ကွက်ထဲရှိ ကာလသား ခေါင်းဆောင်ကို အရိုအသေပြု ကန်တော့ရာတွင် မည်သူကမျှ နှိုးဆော်တိုက်တွင်းခြင်း မပြုကြရပေ။ မိမိတို့ ရပ်ကွက်တွင်းရှိ အပျိုလူပျိုများက မိမိတို့ အသိစိတ်ဓာတ်ဖြင့် ပြုလုပ်ကြခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် အပျိုလူပျိုများသည် ရပ်ရေးရွာရေးကိစ္စ ရှိသည့်အခါ၌ ကာလသား ခေါင်းဆောင်သည် မိမိတို့အပေါ်တွင် အုပ်ချုပ်သွန်သင်ပြသူ ဖြစ်ပေရာ မိမိတို့အား သွန်သင်ညွှန်ပြသူ အကြီးအကဲကို အရိုအသေ ဂါရ၀ပြုခြင်းသဘောလည်း ဖြစ်ပေသည်။

“ ခိုဗန်တန် ” ခေါ် ကာလသား ခေါင်းဆောင်ကို အရိုအသေပြု ကန်တော့ရန်အတွက် ရပ်ရွာထဲရှိ အပျိုလူပျိုများထဲမှ တစ်ဦးဦးက ဦးဆောင်၍ အလှူငွေ ကောက်ခံလေသည်။ အလှူငွေကို ထည့်ရာတွင် အပျိုများသည် လူပျိုများထက် လျော့၍ထည့်ရ၏။ ဥပမာအားဖြင့် လူပျိုများကို ၄ ကျပ် ကောက်ခံပါက အပျိုများကို ၃ ကျပ် ကောက်ခံလေသည်။ အသိစိတ်ဓာတ်ဖြင့် ပြုလုပ်ကြသဖြင့် အလှူငွေ ထည့်ရာတွင်လည်း တာဝန်ကျေပွန်ကြ၏။ အလှူငွေများ ကောက်ခံပြီးသည့်အခါ ထိုငွေဖြင့် ပစ္စည်းများကို ၀ယ်ခြမ်းကြသည်။ ပစ္စည်းများ ၀ယ်ပြီးသောအခါ ဘုန်းတော်ကြီးကျောင်းအတွက် တစ်ပွဲ၊ ရပ်ကွက်လူကြီး အတွက် တစ်ပွဲ၊ “ ခိုဗန်တန် ” ခေါ် ကာလသား ခေါင်းဆောင်အတွက် တစ်ပွဲဖြင့် အလှူပွဲများကို ပြင်ဆင်ကြရသည်။

ထို့နောက် နေ၀င်ရီသရောအချိန်တွင် လူစုကြ၏။ အပျိုများ စုဝေးရန်အတွက် မောင်းကိုတီးရ၏။ လူပျိုများစုဝေးရန်အတွက်မူ “ ဗြော ” ကိုခေါက်လေသည်။ မောင်းသုံးကြိမ်တီး၍ ဗြောသုံးကြိမ် ခေါက်ပြီးသောအခါ အပျိုလူပျိုများ စုံညီစွာ စုဝေးရောက်ရှိ လာကြသည်။ ထိုနောက် အပျိုလူပျို တို့သည် မိမိတို့ ကန်တော့မည့် ဘုန်းတော်ကြီးကျောင်းသို့ ညီညီညာညာဖြင့် တန်းစီကာ သွားကြ၏။ အရိုအသေပြု ကန်တော့ခံကြရမည့် “ ခိုဗန်တန် ” ခေါ် လူပျိုအပျို ခေါင်းဆောင်တို့မှာ လိုက်မသွားရပေ။ “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင်သည် အပျိုလူပျိုတို့က မိမိအား ကန်တော့ကြမည် ဖြစ်သဖြင့် မသိလိုက် မသိဘာသာ နေရသည်။ ဘုန်းတော်ကြီးကျောင်းကို ကန်တော့ပြီးသောအခါ ရပ်ကွက်တိုင်းရှိ သူကြီးအိမ်ကို ကန်တော့ကြ၏။ ထို့နောက် မိမိတို့ ရပ်ကွက်သို့ ပြန်လာကြပြီး မိမိတို့အိမ်သို့ အသီးသီးပြန်သွားကြ၏။

ရေမိုးချိုး အ၀တ်အစား လဲပြီးသောအခါ အပျိုလူပျိုတို့သည် “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင် အိမ်သို့ ညီညီညာညာဖြင့် သွားကြသည်။ “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင်အိမ်တွင် ရပ်ကွက်တွင်းရှိ လူကြီးသူမများက “ ခိုဗန်တန် ” ခေါ် ကာလသား ခေါင်းဆောင်ကို လာကန်တော့ ကြမည့် လူပျိုအပျိုများကို ကျွေးမွေးပြုစုရန်အတွက် ရေနွေးကြမ်းများဖြင့် ပြင်ဆင်ထားနှင့်ကြ၏။ ကာလသားခေါင်းဆောင် အိမ်တွင် အပျိုလူပျိုများကို မြန်မာ့ဆိုင်းဝိုင်းဖြင့် ဧည့်ခံ၏။ အပျိုလူပျိုများကလည်း မိမိတို့ဆန္ဒရှိသလောက် ကကြလေသည်။ အပျိုလူပျိုတို့သည် ကာလာသား ခေါင်းဆောင်အိမ်တွင် သီချင်းဆိုရာ ကချင်သလို ကကြသည်မှာ ပျော်စရာတစ်မျိုးပင် ဖြစ်သည်။

မကတတ်သူများမှာလည်း ကတတ်သူများက အနိုင်နိုင်ဆွဲထူ၍ ကစေသောအခါ လက်မြှောက်၍ကကြရ၏။ ဤသို့ကရာတွင် လူပျိုများကသည်က နည်းပြီး၊ အပျိုများကသာ ဒိုင်ခံ၍ ကကြသည်ကသာ များလေသည်။ လူပျိုကာလသားများသည် အမှောင်ကြားမှနေ၍ “ ဒေါင်း - ဒေါင်း ” ဟု အော်ကြလျှင် အပျိုများသည် တလှည့်စီ ကပြအသုံးတော် ခံရလေသည်။ စိတ်ဆန္ဒရှိသလောက် ပျော်ရွှင်စွာ ကကြခုန်ကြ၏။ စိတ်ကျေနပ်စွာ ကပြီးကြသောအခါ အပျိုလူပျိုတို့သည် “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင်ကို ကန်တော့ကြလေသည်။ ကန်တော့လာကြသည့် အပျိုလူပျို တို့အားလည်း ကာလသား ခေါင်းဆောင်က ဆုံးမသြ၀ါဒ စကားပြောကြားလေသည်။

ကန်တော့သည့် အခမ်းအနား ပြီးဆုံးသွားသောအခါ လူပျိုအပျိုများသည် ပစ္စည်းပစ္စယများကို ညီညီညာညာ သိမ်းဆည်းကြ၏။ ပစ္စည်းပစ္စယများ သိမ်းဆည်း စုဆောင်းပြီး သောအခါ ညအချိန်အခါ ဖြစ်သဖြင့် လူပျိုကာလသားများသည် အပျိုများကို အိမ်တိုင်ရာရောက်လိုက်၍ ပို့ဆောင်ပေးကြသည်။

ဤသို့ “ ကန်တော့ခိုဗန်တန် ” ခေါ် ပအိုဝ်း တိုင်းရင်းသားတို့၏ လူပျိုကာလသား ခေါင်းဆောင်အား ကန်တော့သည့် ဓလေ့အခမ်းအနားကို နှစ်ဆန်း တစ်ရက်နေ့တွင် တစ်ကြိမ်၊ ၀ါကျွတ်အချိန်များတွင် တစ်ကြိမ်ဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် နှစ်စဉ်နှစ်တိုင်း ကျင်းပကြလေသည်။ ပအိုဝ်း တိုင်းရင်းသားတို့၏ “ ကန်တော့ခိုဗန်တန် ” ခေါ် လူပျိုကာလသား ခေါင်းဆောင်အား အရိုအသေပြု ကန်တော့သည့် ဓလေ့ကိုလေ့လာကြည့်လျှင် ပအိုဝ်း တိုင်းရင်းသား တို့သည် စည်းလုံးညီညွတ်ခြင်း၊ မိမိတို့ထက်ကြီးသူကို ရိုသေတတ်ခြင်း၊ မိမိတို့ထက်ကြီးသူ၏ စကားကို နားထောင်ခြင်း၊ ဘာသာတရားကို သက်ဝင် ယုံကြည်သူများပီပီ ယဉ်ကျေးသိမ်မွေ့ခြင်း စသည်တို့ကို တွေ့ရသည်။

ပအိုဝ်းတို့၏ “ ကန်တော့ခိုဗန်တန် ” ခေါ် လူပျိုကာလသား ခေါင်းဆောင်အား အရိုအသေပြု ကန်တော့သည့် ဓလေအခမ်းအနားမှာ ပအိုဝ်း တိုင်းရင်းသား တို့၏ ထူးခြားသည့် ယဉ်ကျေးမှု ဓလေ့ထုံးစံတစ်မျိုးပင် ဖြစ်၏။ ဤပျော်ပွဲများ ပြီးဆုံးလျှင် လယ်ယာလုပ်ငန်းခွင်သို့ ၀င်ကြသည်။

0 comments:

Post a Comment