လူပျိုလှည့်ဓလေ့

ပအိုဝ်း တိုင်းရင်းသား တို့တွင် လူပျိုလှည့်သော ထုံးစံရှိ၏။ ၄င်းကို ပအိုဝ်း တိုင်းရင်းသားတို့က “ လည်မူနမ် ” ဟုခေါ်သည်။ “ လည်မူနမ် ” ခေါ် လူပျိုလှည့်ခြင်းသည် ပအိုဝ်း တိုင်းရင်းသားတို့၏ ထူးခြားသော လူမှုရေးဓလေ့ထုံးစံ တစ်မျိုးပင်ဖြစ်ပေသည်။ လူပျိုလှည့်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မိမိလက်ထပ်ရန် ရည်မှန်းထားသော အမျိုးသမီးက၊ မိမိ၏ မင်္ဂလာကြေးဖြစ်သော လက်ဆောင်ပစ္စည်းကို လက်ခံရန်အတွက်ပင် ဖြစ်၏။ တစ်နည်းအားဖြင့် မိမိ စိတ်ဝင်စားသည့် အမျိုးသမီးကို လက်ထပ်ရန် ကမ်းလှမ်းခြင်း၊ လူငယ်တို့ဘာဝ ပိုးပန်းခြင်းလည်းဖြစ်၏။

လူပျိုလှည့်ရာတွင် အပေါင်းအသင်း ဖြစ်သွားကြသည်က များ၏။ လူပျိုလှည့်ရာတွင် “ ခရာ ” (လက်ဆွဲဘာဂျာ)၊ ကြိုးသုံးချောင်း (၀ါ) လေးချောင်းတပ် မယ်ဒလင်ကို ယူဆောင်သွားလေ့ ရှိကြသည်။ အမျိုးသမီး၏ အိမ်ပေါ်သို့မတက်မီ၊ မိမိတို့တွင် ပါလာသော ခရာ (လက်ဆွဲဘာဂျာ)၊ မယ်ဒလင်ကို တီး၍ အသံပေးကြသည်။ လုလင်ပျိုတို့သည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ရွာမှ အမျိုးသမီးကိုမဆို သွားရောက် လူပျိုလှည့်စကား ပြောခွင့်ရှိလေသည်။ အမျိုးသမီးသည် မိမိသဘောကျသည် ဖြစ်စေ၊ မကျသည်ဖြစ်စေ လူပျိုလှည့် လာရောက်သည့် မည်သည့်လုလင်ပျိုကိုမဆို လက်ခံစကား ပြောရသည်။ အကယ်၍ လက်ခံစကားပြောခြင်း မပြုပါက၊ ထိုအမျိုးသမီးကို မာနကြီးသည်၊ ရိုင်းပျသည်ဟု ယူဆကြ၏။ ထိုအခါ အမျိုးသမီး၏ မိဘများ မျက်နှာ ပျက်ကြရလေသည်။ ရှေးအခါက လူပျိုလှည့်ရာတွင် တစ်ရွာဝင်တစ်ရွာထွက် သွားကြ၏။ အချို့ကလည်း ညအိပ်နေကြသည်။

ပအိုဝ်း လုလင်ပျိုတို့သည် စိတ်တူကိုယ်တူ သူငယ်ချင်း ရောင်းရင်းများနှင့် ဆိုလျှင်မူ မိမိတို့ရွာနှင့် လေးငါးမိုင်ဝေးသော ရွာသို့ပင် သွားရောက် လူပျိုလှည့် ကြလေသည်။ လူပျိုလှည့်ချိန်ကို ကန့်သတ်ထားခြင်း မရှိဘဲ၊ လုပ်ငန်းခွင်မှ ပြန်လာသော ညအချိန်တွင် မီးတုတ်များ၊ လက်နှိပ်ဓာတ်မီး များဖြင့် လူပျိုလှည့် သွားကြလေသည်။  လူပျိုလှည့်ရာတွင် မိမိသွားရောက် လူပျိုလှည့်မည့် အမျိုးသမီးသည် တစ်ရွာသားခြင်း ဖြစ်ပါက၊ မိမိ တစ်ယောက်တည်း ဖြစ်စေ၊ အပေါင်းအသင်း သူငယ်ချင်းများနှင့် ဖြစ်စေ လူပျိုလှည့်နိုင်၏။ အကယ်၍ အခြားတစ်ရွာဖြစ်ပါက၊ မိမိဆန္ဒအရ သွားရောက် လူပျိုလှည့်ခွင့် မရပေ။ မိမိသွားရောက် လူပျိုလှည့်သည့် ရွာရှိ “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင်ကို ဖြစ်စေ၊ အခြားခင်မင်ရာ ကာလသား တစ်ယောက်ယောက်ကို ဖြစ်စေ ကြိုတင်အသိပေးရသည်။ ဤသို့ အသိပေးပြီးသောအခါ မိမိတစ်ယောက်တည်း ဖြစ်စေ၊ မိမိအပေါင်းအသင်း ရောင်းရင်း များနှင့် ဖြစ်စေ၊ သွားရောက် လူပျိုလှည့်နိုင်သည်။

ရွာခံကာလသား ခေါင်းဆောင် သို့မဟုတ် ရွာခံကာလသား တစ်ယောက်ယောက်ကို အသိမပေးဘဲ သွားရောက် လူပျိုလှည့်ပါက အိမ်ပေါ်သို့တက်ခွင့် မရတတ်ပေ။ အိမ်ပေါ်သို့ တက်လျှင်လည်း အမျိုးသမီးက လက်ခံစကားပြောလေ့ မရှိပေ။ ထိုလုလင်ပျိုအား ဓလေ့ထုံးစံကို မလိုက်နာသူအဖြစ် တစ်ရွာလုံး၏ ၀ိုင်းပယ်ခြင်းကို ခံရတတ်လေသည်။ အမျိုးသမီးကိုလည်း ရွာခံကာလသားများက အပြစ်ဆိုလေသည်။ ထိုသို့ အပြစ်ဆိုခြင်းကို ခံရပါက ထိုအမျိုးသမီးသည် အများအထင်သေးခြင်းကို ခံရလေသည်။ မိမိဆွေမျိုး ဖြစ်ပါမူ၊ ရွာခံကာလသားများကို အသိမပေးဘဲ သွားရောက်နိုင်လေသည်။

ရွာခံကာလသားကို အသိပေးပြီးသောအခါ ရွာခံကာလသားက မိမိတို့သွားရောက် လူပျိုလှည့်လိုသော အမျိုးသမီးအိမ်သို့ ပို့ဆောင်မိတ်ဆက် ပေးလေသည်။ ရွာခံကာလသားက ခဏမျှ စကားစမြည်ပြောပြီး၊ “ မင်းတို့ချည်း စကားပြောနေရစ်ကြ ” ဟုဆိုကာ ပြန်သွားလေသည်။ မိမိနှင့် သိကျွမ်း ခင်မင်ပြီးသောအခါ နောင်တွင် ရွာခံကာလသား မပါလျှင်လည်း သွားရောက် လူပျိုလှည့်နိုင်ပေသည်။ တစ်ရွာသူ အမျိုးသမီးကို သွားရောက် လူပျိုလှည့် ရာတွင် ရွာခံကာလသား ခေါင်းဆောင်ဖြစ်စေ၊ ရွာခံကာလသား တစ်ယောက်ယောက် ဖြစ်စေ၊ အမျိုးသမီးအိမ်သို့ ပို့ဆောင်မိတ်ဆက်ပေးရန် ငြင်းပယ်ပါက လူမှုရေးအရ ရှုတ်ချကြသည်။

အမျိုးသမီး၏ အိမ်ပေါ်သို့ တက်သွားချိန်တွင် အိမ်ပေါ်၌ ဧည့်သည်များ ရှိနေပါက လူပျိုစကား ပြောခွင့်မရတတ်ချေ။ ထိုအခါမျိုးတွင် စကားခဏပြောပြီး ပြန်သွားရ၏။ ပြန်သွားပြီးနောက် တစ်ခေါက်ပြန်လာပါက အမျိုးသမီးသည် ထိုလုလင်ပျိုကို စကားများများမပြောဘဲ ရှိတတ်လေသည်။ အိမ်ပေါ်တွင် စကားပြောနေပြီးနောက် ကိစ္စတစ်ခုနှင့် အိမ်အောက်သို့ ဆင်းသွားပါက အိမ်ပေါ်ပြန်တက်လေ့ မရှိပေ။ အမျိုးသမီးသည် လူပျိုလှည့်လာသော လုလင်ပျိုမှာ မိမိမုန်းတီးသူ ဖြစ်နေပါကလည်း လက်ခံစကားပြောရ၏။ လူပျိုလှည့်လာသူသည် တစ်ယောက်တည်းမဟုတ်ဘဲ သုံးလေးယောက် ဖြစ်နေပါက အမျိုးသမီးသည် မိမိရည်ညွှန်းလိုသူ တစ်ယောက်တည်းနှင့်သာ စကားမပြောဘဲ အညီအမျှ ပြောရသည်။ လူပျိုလှည့်လာသူ လုလင်ပျို တို့သည် အမျိုးသမီး စိတ်ဝင်စားသည့် လူကို အကဲခတ်ရ၏။ အမျိုးသမီး ပြောစကားများသည် မည်သူ့ကို ရည်ညွှန်းကြောင်း၊ မည်သူ့ကိုသာ စိတ်ဝင်စားကြောင်း သတိပြုမိသောအခါတွင် အလိုက်သိစွာ လဲလျောင်း၍ ဂရုမထားဟန် ပြကြရသည်။

ရပ်ဝေးမှ လူပျိုလှည့်လာသူခြင်း ကြုံကြိုက်နေပါက အလှည့်ကျ စကားပြောခွင့် ရှိပေသည်။ သို့သော် အမျိုးသမီးသည် မိမိသဘောကျ နှစ်ခြိုက်သော လုလင်ပျိုကို ဦးစားပေး၍ ပြောတတ်၏။ အမျိုးသမီးသည် သူသဘောကျသော လုလင်ပျိုနှင့် အဆက်မပြတ် စကားပြော နေသောအခါမျိုးတွင် ၀င်ရောက် နှောင့်ယှက်၍ မကောင်းလေရကား မြန်မြန်ပြန်လျှင် အကောင်းဆုံးပင် ဖြစ်လေသည်။ မိမိသွားရောက် လူပျိုလှည့်သော အမျိုးသမီးအိမ်တွင် ရွာခံ ကာလသားများ လူပျိုလှည့်နေသည်နှင့် ကြုံကြိုက်လျှင် ရွာခံလုလင်ပျို ကာလသားများသည် ရပ်ဝေးမှ လူပျိုလှည့်လာသူများကို ဦးစားပေးရလေသည်။ အကယ်၍ ရွာခံလုလင်ပျိုများ ရှောင်မပေးလျှင် မိမိတို့ ထိုလုလင်ပျိုတို့ရွာသို့ လူပျိုလှည့်သွားပါက ထိုလုလင်ပျိုများ ရှိခိုက်နှင့် ကြုံကြိုက်လျင် ထိုလုလင်ပျို တို့ကလည်း ရှောင်မပေးတတ်ချေ။ လူပျိုလှည့်ချင်း မကြုံလျှင်လည်း မိမိတို့ရောက်ကြောင်း သိသည်နှင့် လိုက်လာပြီး အနှောင့်အယှက် ပေးတတ်၏။

လူပျိုလှည့်ဖန်များ၍ အမျိုးသမီးသည် မိမိ၏ အချစ်ကို လက်ခံလျှင် လုလင်ပျိုသည် အမျိုးသမီးကို မင်္ဂလာကြေးအဖြစ် လက်ဆောင်ပစ္စည်း ပေးရလေသည်။ အမျိုးသမီးသည် လုလင်ပျို၏ ပစ္စည်းကို လက်ခံလျှင် မိမိအချစ်ကို လက်ခံကြောင်း နားလည်ရ၏။ လက်ဆောင်ပစ္စည်းပေးခြင်း၊ လက်ဆောင်ပစ္စည်း လက်ခံခြင်းသည် လုလင်ပျိုရော အမျိုးသမီးပါ တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိစွာ ချစ်ကြမည်ဟူသည့် ကတိထားခြင်း တစ်မျိုးဖြစ်ပေသည်။

0 comments:

Post a Comment