ပွဲတော်အပြင်အဆင်

ပအိုဝ်းရှင်ပြုပွဲ ကျင်းပရန် နေရာပြင်ဆင်ထားပုံကို လေ့လာပါက အံ့သြလောက်အောင် ကြီးကျယ်ခမ်းနားလှသည်ကို တွေ့နိုင်ပေသည်။ ဘုန်းတော်ကြီး ကျောင်းအနီးတွင် “ စုပေါင်းမဏ္ဍပ် ” ခေါ် ဧည့်ခံရန် ဗဟိုမဏ္ဍပ်ကြီးတစ်လုံး၊ ထမင်းကျွေးရန် မဏ္ဍပ်အနည်းဆုံး နှစ်လုံးနှင့် ရေနွေးကြမ်းသောက်ရန် မဏ္ဍပ်များကို၊ ရွာသားများက စုပေါင်း ဆောက်လုပ်ကြသည်။

ဗဟိုမဏ္ဍပ်ကြီးသည် ရှင်သာမဏေပြုခြင်း၊ ဧည့်ခံခြင်း၊ တရားဟောခြင်းတို့အတွက် သီးသန့်ဖြစ်၏။ ဖိတ်ကြားခြင်း ခံရသော ရှင်လောင်းထိန်း အမျိုးသားများနှင့် ဧည့်ခံလုံမပျိုများသည် ဤဗဟိုမဏ္ဍပ်ကြီးတွင် အသီးသီး လုပ်အားပေးကြရသည်။ ရွာအတွင်း နေရာအနှံ့အပြား၌ ဆောက်လုပ်ထားသော ရေနွေးကြမ်း ကျွေးမွေးသည့် မဏ္ဍပ်များတွင်လည်း လုပ်အားပေးကြရသည်။ ဤလုပ်အားပေး အဖွဲ့များတွင် ကာလသား ခေါင်းဆောင် (လူပျိုခေါင်း)၊ ကာလသမီး ခေါင်းဆောင် (အပျိုခေါင်း) ပါ၏။      ။ အိမ်ရှင်နှင့် မဏ္ဍပ်အကြီးအကဲတို့က မိမိတို့မဏ္ဍပ်တွင် လိုအပ်သလို စီမံ ပြုလုပ်ကြပါရန် ကာလသား၊ ကာလသမီး ခေါင်းဆောင်တို့အား ပွဲတော်ချိန် တစ်ခုလုံးအတွက် အပ်နှံကြလေသည်။

ဧည့်ခံအမျိုးသမီးများသည် ရေနွေးကြမ်းမဏ္ဍပ်သို့ လာရောက်ကြသည့် ဧည့်ပရိတ်သတ်များအပေါ် လစ်ဟင်းမှု မရှိအောင် ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံကြသည်။ မဏ္ဍပ်တစ်ခု နှင့် တစ်ခုလည်း အပြိုင်အဆိုင် ပြုစုကြလေသည်။ ဧည့်ပရိတ်သတ်များသည် အချိန်မရွေး လာရောက်ကြသဖြင့် အမျိုးသမီး များသည် အလှည့်ဖြင့်အိပ်၊ အလှည့်ဖြင့် စားလျက် ၂၄ နာရီပတ်လုံး ဧည့်ခံကြရသည်။ သက်ဆိုင်ရာအိမ်စုအလိုက် မဏ္ဍပ်တစ်ခုလျှင် ရှင်ဒါယကာ သုံးလေးဦး စုပေါင်းဧည့်ခံတတ်ကြ၏။ ရှင်လောင်းအပါး ၁၅၀ ရှင်ပြုလျက် ရေနွေးကြမ်း မဏ္ဍပ် ၂၅ ခုခန့် ထားရှိတတ်ကြသည်။ ဧည့်ခံအမျိုးသမီးများ ကိုလည်း၊ လေးရွာအထိ ဖိတ်ကြားကြ၏။ ရှင်လောင်းထိန်း အမျိုးသားများနှင့် ဧည့်ခံရန် ဖိတ်ကြားခြင်း မခံရသော အမျိုးသမီးတို့သည် ဗဟိုမဏ္ဍပ်ကြီးတွင် ဧည့်ခံကျွေးမွေးရန် တာဝန်ယူကြရလေသည်။

ဗဟိုမဏ္ဍပ်အတွင်းရှိ “ မော် ” ခေါ် ပအိုဝ်း စာဟောဆရာကို ပင့်ဖိတ်ပြီး၊ ပွဲလာဧည့်ပရိတ်သတ်တို့အား ပအိုဝ်း သမိုင်းပုံပြင်၊ ဘာသာရေးဆိုင်ရာ ရာဇ၀င် ကျမ်းစာ၊ လူမှုရေးဆိုင်ရာများကို ဟောပြောကာ၊ တရားရေအေး တိုက်ကျွေးလေသည်။ ဗဟိုမဏ္ဍပ်ကြီးအပြင် ထမင်းဧည့်ခံကျွေးမွေးရန် မဏ္ဍပ်နှင့် ရှင်လောင်ထိန်းများ ပျော်ပါးအနားယူရန် မဏ္ဍပ်ကိုလည်း ဆောက်ထားကြသည်ကို တွေ့ရသည်။

ရှင်ပြုပွဲစသည်နှင့် ထမင်းကို နေ့ညမရွေး ဧည့်ခံကျွေးမွေးလေသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် ဖော်ရွေ၏။ ခင်မင်၏။ မည်သည့်ဒေသမှ လာရောက်သည့် ရွှေပွဲလာဧည့်သည်များကိုမဆို နေ့ရောညပါ ဧည့်ခံကျွေးမွေးလေသည်။ ဗိုက်ပြည့်၍ ထမင်းမစားချင်လျှင် သူတို့လေးတွေ၏ ဧည့်ခံ မဏ္ဍပ်သို့ မသွားလေနှင့်၊ သွားခဲ့လျှင်မူ အတင်းဖိတ်ခေါ် ကျွေးမွေးသည်ကို ကြုံရပေမည်။ ထမင်းကျွေးမဏ္ဍပ်သို့ ၀င်မိသည်နှင့် ထမင်းမစားချင်သော်လည်း သူတို့လေးတွေ စိတ်ကျေနပ်မှုရအောင် ၀င်သမျှ စားကြရသည်။ ထမင်းစားပြီးသောအခါ ဧည့်ခံကျွေးမွေးသူ အမျိုးသမီး များအား ဘယ်မှာနေကြပါသလဲ ဟု စကားပြောနိုင်ပါသေးသည်။

အချို့မှာ ရပ်ဝေးဧည့်သည်များကို မဏ္ဍပ်၌ ထမင်းဧည့်ခံ ကျွေးမွေးခြင်း မပြုဘဲ၊ ပွဲတော်ရက်အတွင်း ထမင်းထုပ်ကမ်းခြင်း ဓလေ့ကို ပြုလုပ်ကြ၏။ သို့သော် ဤဓလေ့ကို ကျင့်သုံးမှုနည်း၏။ ထမင်းထုပ်ကမ်းသည့် ဓလေ့မှာ ထမင်းထုပ်များကို တစ်ဦးတည်းဒိုင်ခံပြီး လုပ်ခြင်းမဟုတ်ပေ။ ရှင်လောင်း ဒါယကာများအပြင် အလှူဒါနဘက်၌ ၀ါသနာပါသူတိုင်း စုပေါင်းရှင်ပြုပွဲကြီး အောင်မြင်ရေးကို ရည်စူးလျက်၊ ထိုဒေသရှိ ရွာတိုင်း၊ အိမ်တိုင်းက ထမင်းထုပ် များကို တာဝန်ယူကြသည်။ ကြွရောက်လာကြသော ဧည့်ပရိသတ်တို့၏ အင်အားကို ခန့်မှန်း၍ ထမင်းထုပ်ကို ထုပ်ကြသည်။ လောက်သည်လည်း ရှိ၏။ မလောက်သည်လည်း ရှိ၏။ မလောက်ပါက ပူပင်စရာ မရှိပေ။ အိမ်တိုင်းလိုလို ဧည့်ခံကျွေးမွေးကြသည်။

0 comments:

Post a Comment