ဖိတ်ကြားခြင်း

ပအိုဝ်း တိုင်းရင်းသားတို့သည် ရှင်ပြုပွဲကို မိမိတို့ရွာရှိ လူနည်းစုဖြင့် မကျင်းပပေ။ ပွဲတော်ဖြစ်မြောက်ရေးအတွက် တစ်ရွာနှင့်တစ်ရွာ ၀ိုင်းဝန်း ကူညီကြသည်။ ရှင်လောင်း ထိန်းမည့်သူများကို အခြားရွာများအား ရွာလုံးကျွတ် ဖိတ်ကြားကာ တာဝန်ပေးကြသည်။ ဖိတ်ကြားခြင်းခံရသော ရွာကလည်း သက်ကြီးရွယ်အိုများမှ အစ ကာလသား လူငယ် လူရွယ်များမကျန် မိမိတို့ တာဝန်ကျရာ၊ ရှင်လောင်း ဒါယကာအိမ်သို့ ပွဲမကျင်းပမီ တစ်ရက်၊ နှစ်ရက် အလိုတွင် ရှင်ဝတ်တန်ဆာပလာ တို့ကို ယူဆောင်၍ အိုးစည်ဗုံမောင်းတီးကာ သွားရောက်ကြ၏။

ရှင်ပြုသည့် အိမ်တစ်အိမ်တွင် ဧည့်ခံ ကျွေးမွေးကြသည့် အမျိုးသမီးများနှင့် ရှင်လောင်းထိန်း အမျိုးသားများသည် တစ်ရွာတည်းမဟုတ်ချေ။ ရှင်ဒကာသည် ရှင်လောင်းထိန်းရန် အမျိုးသားများနှင့် ဧည့်ခံကျွေးမွေးရန် အမျိုးသမီးများကို တစ်ရွာစီ ပင့်ဖိတ်ကြ၏။ ဤသို့ ပြုလုပ်ခြင်းဖြင့် တစ်ရွာခြားစီ ဖြစ်သော အမျိုးသားနှင့် အမျိုးသမီးတို့ ရင်းနှီးချစ်ခင်မှုကို ရစေသည်။

ရှင်လောင်းထိန်းကို တာဝန်ပိုင်းအနေနှင့် ရွာလုံးကျွတ် ဖိတ်ကြားသည့်ပြင်၊ မြန်မာ့ရိုးရာကဲ့သို့ပင် မိမိတို့နှင့် ရင်းနှီးသော မိတ်ဆွေများကိုလည်း တစ်ဦးချင်းအနေနှင့် ဖိတ်ကြားကြသေး၏။ ဤသို့ဖိတ်ကြားရာတွင် တစ်ဦးတစ်ယောက်တည်းကို မဖိတ်ဘဲ၊ “ တစ်ဆွေတစ်မျိုးလုံးအတွက် ” ဟူ၍ ဖိတ်စာတွင် ရေးကာဖိတ်ကြ၏။

ရှင်ပြုပွဲ ဖိတ်ကြားရာတွင် ဖိတ်ကြားပုံ အမျိုးမျိုးကို တွေ့ရသည်။ အချို့က ဖိတ်စာနှင့် ဖိတ်၍ အချို့က လက်ဖက်ထုပ်ဖြင့် ဖိတ်ကြ၏။ ဖိတ်စာကို ပအိုဝ်း ဘာသာဖြင့် ပုံနှိပ်ပြီး ဖိတ်ကြသည်။ ဖိတ်စာကို လေးလုံးစပ်လင်္ကာဖြင့် ရေးသားထား၏။ ဖိတ်စာကို သံနေသံထားဖြင့် ဖတ်ကြရသည်။

ရှေးအခါက လက်ဖက်အစိုကို ငှက်ပျောဖက်ဖြင့် ထုပ်ကာ ဖိတ်ကြသည်။ ဖိတ်စာကို ပုံနှိပ်ရန်ဝေးသော ကျေးရွာတွင် လက်ဖက်ခြောက်ကို စာအိတ်ထဲတွင် ထည့်၍ ဖိတ်ကြသည်။ စာအိတ်ပေါ်တွင် ဖိတ်ကြားခံရသူ၏ အမည်ကိုရေးပြီး၊ တဆွေတမျိုးလုံး အတွက်ဟု ရေးကာ ဖိတ်ကြား၏။ စာအိတ်ပေါ်တွင် ပွဲကျင်းပမည့် နေ့ရက်နှင့် အချိန်ကာလကိုလည်း ရေးသားထား၏။

ရွာလုံးကျွတ် ပွဲတော်ကြီးအတွက် မိုင် ၃၀ ပတ်ဝန်းကျင်ရှိ အနီးအနားရွာများကိုလည်း တစ်ရွာစီ ဖိတ်ကြားကြသည်။ ရှင်ပြုပွဲတော်သို့ လာရောက်ကြမည့် ထောင်ပေါင်းများစွာသော ရပ်ဝေးဧည့်ပရိတ်သတ်များကို ကျွေးမွေးရန်အတွက် ရိက္ခာပစ္စည်း အခြောက်အခြမ်းများကို ကြိုတင် စီမံဝယ်ယူ စုဆောင်း ထားကြရသည်။

0 comments:

Post a Comment