နတ်မြင်း

ရှင်လောင်း လှည့်သည့်အခါ ရှင်လောင်းစီးသည့် မြင်းများ၏ ရှေ့ဆုံးနေရာ၌ ကကြိုးတန်ဆာ ပလာများဖြင့် လှပတင့်တယ်စွာ ဆင်ယင်ထားသော နတ်မြင်းခေါ် မြင်းတစ်ကောင်ကို ထားလေ့ရှိသည်။ ထိုမြင်း၏ နဖူးပေါ်တွင် မှန်ငယ်တစ်ချပ်တို့ ဆင်ယင်ထား၏။ ထို့ပြင် ပေါက်ပေါက်ဆုပ်ကို ပုဝါဖြူနှင့် ထုပ်ပြီး တုတ်ချောင်းငယ် တစ်ချောင်းနှင့် ပူးချည်ထား၏။ ထိုမြင်းကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် မြင်းဇက်ကြိုးကိုင်ရန် ကာလသား နှစ်ယောက်၊ မြင်းကို ရွှေထီးဆောင်းပေးရန် ကာလသားနှစ်ယောက်နှင့် ပေါက်ပေါက်ဆုပ် ကြဲဖြန့်ရန် အမျိုးသမီးနှစ်ယောက် စုစုပေါင်း ခြောက်ယောက် လိုအပ်ပေသည်။

ဤမြင်းသည် နတ်စီးရန်ထားသည့် မြင်းဟု အယူအဆ ရှိပြီး၊ အထွတ်မြတ်ဆုံး တန်ခိုးအရှိဆုံးဟု ယုံကြည်ကြသည်။ နတ်မြင်းကို ထားရှိခြင်းအားဖြင့် ရှင်လောင်းစီးသော အခြား သာမန်မြင်းများသည် ပွဲရက်အတွင်း လူသံ၊ ဗုံမောင်းသံ၊ အိုးစည်သံများကို ကြားလျှင်လန့်ဖျပ်၍ ရုတ်တရက် ထွက်ပြေးခြင်း၊ လူကြားတွင် ခုန်ပေါက်ခြင်းမရှိအောင် ထိုနယ်မြေက တန်ခိုးဖြင့် ထိမ်းချုပ်ထားသည်ဟု ယုံကြည်ကြသည်။ ရှင်လောင်းများ မြင်းပေါ်မှ မကျစေရန် နတ်မြင်းက စောင့်ရှောက်ထားသည်ဟုလည်း ယုံကြည်ကြသည်။

0 comments:

Post a Comment