ပျော်စရာပွဲ

ရှင်ပြုပွဲစကတည်းက အိုးစည် ဗုံမောင်းသံများသည် ဘ၀ဂ်သို့ ညံနေ၏။ တရားမနာမီ နှစ်ရက်အလိုတွင် ရှင်လောင်းထိန်းများသည် ညနေခင်း ဆည်းဆာ အချိန်ဤ မိမိတို့ ရှင်လောင်းများကို အလှပြိုင်ရင်း၊ ရှင်ပြုသည့် အိမ်များသို့ တစ်အိမ်ပြီးတစ်အိမ် လှည့်လည်သွားရောက်ကာ၊ ငွေကြေးလှူဒါန်းကြသည်။ ထိုသို့ ငွေကြေး ပါဝင်လှူဒါန်းသောအခါ ထိုအိမ်ရှင်မှ ရှင်ပြု ဒကာကဆုပေး၏။ ထိုဆုကို ကုသိုလ် ပါဝင်လှူဒါန်းကြသူ ရှင်လောင်းထိန်းများကသာ သာဓု ခေါ်ကြသည်။

ည ၈ နာရီ၊ ၉ နာရီခန့်သို့ ရောက်သောအခါ ည၏ သဘာဝ အလှနှင့်အတူ ရှင်လောင်းထိန်း အမျိုးသားများနှင့် မဏ္ဍပ်တွင် ဧည့်ခံသည့် တာဝန်ကျသည့် အမျိုးသမီးတို့သည် ပွဲဒကာ၏ အိမ်ရှေ့တွင် ပျော်ပါးစွာ တီးမှုတ်ကခုန်ကြသည်။ ဤသို့ က ရာတွင် ရှင်လောင်းသည် ရှင်လောင်းထိန်းတို့ ပတ်လည် ၀န်းရံထားသော စက်ဝိုင်းအတွင်းတွင် က ရ၏။ ထိုသို့ က နေစဉ် ရှင်လောင်းထိန်း တစ်ယောက်က အမျိုးသမီးများအား ရည်စူးပြောဆိုသည့် လင်္ကာကို ကျန်ရှင်လောင်းထိန်း အမျိုးသားများက “ ဟွေး ဟွေး ” ဟုလိုက်၍ ဆိုကြသည်။

ဧည့်ခံညဖြစ်သည့် ရှင်မပြုမီ ရှေ့တစ်ညတွင် ရှင်ပြုသည့်အိမ်တိုင်းမှ ရှင်လောင်းများ၊ ရှင်လောင်းထိန်း အမျိုးသားများ ရှင်လောင်း၏ အိမ်တွင် ဧည့်ခံ ကျွေးမွေးသည့် တာဝန်ကိုယူရသည့် အမျိုးသမီးများပါ မဏ္ဍပ်ကြီးရှေ့တွင် စုပေါင်းလာရောက်ကြသည်။ ထိုနောက် ရှင်ပြုပွဲကော်မတီက သတ်မှတ်ထားသည့် နံပါတ်စဉ်အလိုက် တန်းစီကြပြီး၊ ရှင်လောင်းထိန်း အမျိုးသားများသည် ရှင်လောင်းများကို ရံ၍ က ကြသည်။ အမျိုးသမီးများက အပြုံးလေး ၀င့်ကာဝင့်ကာဖြင့် ထိုဝိုင်း၏ အလယ်တွင် ထိုင်ကြရ၏။ ရှင်လောင်းများကလည်း ရှင်လောင်းထိန်း အမျိုးသားများနည်းတူ လက်ကလေး မြှောက်ကာ ပျော်ပါးစွာ က ကြလေသည်။ အတော်ကြ က ကြပြီးသောအခါ သက်ဆိုင်ရာ မိမိတို့မဏ္ဍပ်သို့ ပြန်ကြလေ၏။

ရှင်ပြုပွဲတွင် လူပျိုလှည့်သည့် ဓလေ့ထုံးစံလည်း ပါဝင်၏။ ပွဲတော်ကျင်းပစဉ် ရက်များအတွင်း အစရက်များတွင် အမျိုးသားများသည် လက်ဆွဲ ဓာတ်မီး များကို ကိုင်ဆောင်လျက် မဏ္ဍပ် တစ်ခုပြီး တစ်ခုသို့ သွားရောက်ကာ ဧည့်ခံ အမျိုးသမီးများကို အကဲခတ်ကြသည်။ မိမိနှစ်သက် သဘောကျသည့် အမျိုးသမီးကို တွေ့ပါက ထိုမဏ္ဍပ်သို့ နေ့စဉ်ရက်ဆက် သွားရောက် လူပျိုလှည့်နိုင်သည်။ ဧည့်ခံသည့် တာဝန်ကျသည့် အမျိုးသမီးကလည်း ဧည့်ဝတ် ကျေပွန်စွာ လက်ခံစကားပြောလေသည်။

ရှင်လောင်းများ လှည့်အပြီးတွင်လည်း ကွမ်းတောင်ကိုင်၊ သင်္ကန်းကိုင် အမျိုးသမီးများနှင့် ရှင်လောင်းထိန်း အမျိုးသားတို့သည် အချင်းချင်း ၀ိုင်းဖွဲ့ လူပျို လှည့်နေကြတာကို တစ်စုချင်း တွေ့နိုင်ပေသည်။ ထို့ကြောင့် “ ပွယ်ပန် ” ခေါ် ရှင်ပြုပွဲသည် ပအိုဝ်း လူငယ်များအဖို့ အနေဝေးသူချင်း တစ်ရွာတွင် လာတွေ့သည့် ဖူးစာပွဲ တစ်မျိုးလည်း ဖြစ်၏။

ပအိုဝ်း တိုင်းရင်းသားတို့သည် သစ္စာရှိသောသူများလည်း ဖြစ်ကြ၏။ မိမိအုပ်ထိန်းသူ မိဘ အစ်ကို ညီမများ မပါသော်လည်း တစ်ရပ်တစ်ကျေးသို့ သွားရောက် အကူအညီ ပေးရာတွင် မည်သည့် ပြဿနာမှ ဖြစ်ပေါ်မှုမရှိချေ။ အရွယ်ရောက်သူတို့၏ ထုံးစံအတိုင်း လူပျိုလှည့်ကာ ချစ်စကား၊ ကြိုက်စကား ပြောနိုင်၏။ အချို့မှာ ထိုသို့ပြောရင်း ချစ်ကြိုးသွယ်မိပါက ပွဲပြီးသောအခါ အမျိုးသမီး နေထိုင်သည့်ရွာသို့ လိုက်သွား၏။ လမ်းခရီတွင်လည်း စကားပြောနိုင်၏။ စကားပြောရာတွင်လည်း လင်္ကာသွားဖြင့် အချေအတင် ပြောဆိုကြလေသည်။ အမျိုးသမီးအိမ်သို့ ရောက်သောအခါ အမျိုးသမီးနှင့်အတူ ထမင်းလက်ဆုံစားကာ မိုးမဆုံး မြေမဆုံး စကားပြောနိုင်သေး၏။ အမျိုးသမီးအိမ်တွင် တစ်ည နှစ်ည တည်းခိုပြီးလျှင် ပြန်နိုင်၏။

0 comments:

Post a Comment