ဒုံးလုပ်ပုံအဆင့်ဆင့်

ဒုံးပြုလုပ်မည့် သံပြောင်းငယ်၏ ထိပ်ကို ပိတ်ထားရ၏။ ထိုထိပ်ပိတ်ကို ပအိုဝ်း တိုင်းရင်းသားတို့က “ ကတူ ” ဟုခေါ်၏။ ထိပ်တွင် ရွှံ့ကောင်းကောင်းကို နယ်၍ ထည့်လေ့ရှိ၏။ ဤသို့ပြုပြီးပါက မီးသွေးမှုန့် ရောစပ်ထားသောယမ်းကို ဒုံးပြုလုပ်မည့် သံပြောင်းထဲသို့ ရိုက်သွင်းနိုင်ပြီဖြစ်၏။ ယမ်းကို ရိုက်သွင်းရာတွင် ယမ်းကို ရေအနည်းနယ်ရော၍ ရိုက်သွင်းရ၏။ ရေမထည့်ပါက မီးလောင်တတ်လေသည်။ ယခုအခါ မော်တော်ကားဂျိတ်ဖြင့် ညှပ်၍ ရိုက်သွင်းကြ၏။ သံပြောင်းထဲသို့ ယမ်းရိုက်သွင်းရာတွင် ဒုံးပြုလုပ်သည့်ဆရာက ယမ်းကို အချိုးအစား အလိုက်ထည့်လေ၏။ ယမ်းထောင်းရာ ရိုက်သွင်းရာတွင် အချို့က လက်တွင် ပုတီးကို ကိုင်၍ ယမ်းတစ်ဇွန်းလျှင် ပုတီးစေ့ မည်မျှကျလျှင် ရပြီဟု သတ်မှတ်ထားတတ်ကြ၏ အချို့က ယမ်းစေးစေရန် ယမ်းကို ငှက်ပျောရည်၊ ထမင်းရည် တို့ဖြင့် ထည့်လေ့ရှိ၏။ ယမ်းရိုက်သွင်းသည့် အလုပ်ပြီးပါက နောက်ပိတ်ကို “ ဟမ်းဗော့ ” ခေါ် မြေစေးဖြင့် ပိတ်ရ၏။ ထိုမြေစေးပေါ်တွင် သံပြားပါးပါးကို ကပ်၍ ပိတ်ရ၏။ ဒုံးအငယ်များမှာ သံပြားပိတ်ရန် မလိုချေ။ ဒုံးရိုက်သွင်းသည့် သံပြောင်းသည် (၃) ပေမှ (၇) ပေ၊ (၈) ပေအထိ အရွယ်အစား အမျိုးမျိုး ရိုက်သွင်းပြုလုပ်ကြသည်။

ယမ်းများကို ရိုက်သွင်းပြီးသောအခါ မြေစေးဖြင့် ပိတ်ထားသည့် နောက်ပိတ်မှနေ၍ “ အူကြောင်း ” ဟုခေါ်သည့် လမ်းကြောင်းကို သံချောင်းဖြင့် လိုအပ်သလို ထိပ်အထိ ခြစ်ဖောက်ပေးရသည်။ ၄င်းကို ပအိုဝ်း တို့က “ ခရဲမေ ” (မီးချဲ့သည်) ဟုခေါ်၏။ အူကြောင်းကို ဖောက်ရာတွင် အ၀တွင် ကျယ်ပြီး ထိပ်သို့ တစ်ဖြည်းဖြည်းနှင့် ကျဉ်းသွား၏။ ဤသို့ အူကြောင်းကို ဖောက်ပေးရခြင်းမှာ မီးအလွယ်တကူ လောင်ကျွမ်းနိုင်ရေးအတွက် “ မေဆာ ” (မီးစာ) ခေါ် “ စနက်တံ ” ကိုထည့်ရန်ဖြစ်သည်။ အူကြောင်းကို ခြစ်ရာတွင် ထိပ်ကျဉ်းလေ ဒုံးပိုပြေးလေ ဖြစ်၏။ သို့သော်လည်း အူကြောင်းထိပ် ကျဉ်းလွန်းပါက မီးထွက်လမ်းကြောင်းကျဉ်း၍ ဒုံးကွဲတတ်လေသည်။ “ စနက်တံ ” ကို ရှမ်းစက္ကူတွင် ယမ်းမှုံထည့်၍ လိပ်ပြီး အဆစ်ဖောက်ထားသော ကျူရိုး သို့မဟုတ် အဆစ်ဖောက်ထားသော ၀ါးအတွင်းသို့ ထိုးထည့်ရသည်။ “ မေဆာ ” (မီးစာ) စနက်တံကို ဒုံးလွှတ်သည့်အခါမှ တပ်ဆင်ကြ၏။

ဒုံးကိစ္စပြီးလျှင် ဒုံးတက်သည့်အခါ ပဲ့သဘောအဖြစ် ဒုံးကိုထိန်းရန် အမြီးလို၏။ အမြီးကို ၀ါးဖြင့်ပြုလုပ်ရသည်။ ထိုအမြီးကို ပအိုဝ်းတို့က “ အတာ ” ဟုခေါ်၏။ ဒုံးအမြီးကို ဒုံးအလေးချိန်နှင့် ချိန်ဆရသည်။ ရှေးက ယမ်းပိဿာချိန် ၃၀၊ ၆၀ ခန့်လေးသော ဒုံးကြီးများကို ပြုလုပ်ရာတွင် ဒုံး၏အလေးချိန် ညီမျှစေရန်အတွက် ဒုံး၏အမြီး ပြုလုပ်မည့်ဝါးကို အဆစ်များဖောက်၍ သဲများလောင်းထည့်ရသည်ဟု မှတ်သားရသည်။

လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်က ပအိုဝ်း တိုင်းရင်းသားတို့သည် ယမ်းပိဿာချိန် ၂၀ မှ ၃၀ ခန့်ရှိသည့် ဒုံးများကို ပြုလုပ်ခဲ့ကြသည်။ ထိုဒုံးကြီးများသည် အရှည်သုံးလံခန့်ရှိ၏။ ယခုအခါ ပင်လောင်းဒေသတွင် ယမ်းပိဿာချိန် ၁၅ မှ ၃၀ ပိဿာအထိသာ ပြုလုပ်ကြတော့၏။ ထိုဒုံးတို့မှာ ခုနှစ်ပေ၊ ရှစ်ပေ အထိ ရှည်လေသည်။ ဒုံးတွင်းသို့ ယမ်းရိုက်သွင်းခြင်း စနက်တံခေါ် မီးစာပြုလုပ်ခြင်း ပြီးသောအခါ ဒုံးကို နှီးဖြင့်ရစ်ပတ်ပြီး ဆေးသုတ်လိမ်း အလှခြယ် ကြသည်။ ပြိုင်ပွဲဝင်ဒုံး ပြုလုပ်ရာတွင် အချို့က ယမ်းပိဿာချိန် ကန့်သတ်ထားပြီး၊ အချို့က ကန့်သတ်မှု မထားပေ။

ယမ်းတစ်ဆင့်ပြီးတစ်ဆင့် လောင်သည့် “ ပစ်ဖရောင် ” ခေါ် ဒုံးတစ်မျိုး ရှိသေး၏။ တစ်ဆင့်ပြီးတစ်ဆင့် လောင်သဖြင့် “ ပစ်ဖရောင် ” ဟုခေါ်သည်။ မြန်မာလို တစ်ဆင့်ပြီး တစ်ဆင့်လောင်သော ဒုံးဟု ခေါ်ရမည်ဖြစ်၏။ ဤဒုံးမျိုးမှာ တစ်ဆင့်ပြီးတစ်ဆင့် လောင်ပြီး ပိုသွားသဖြင့် ယမ်းပိဿာချိန်များသည့် ဒုံးကြီးများထက်ပင် ပို၍ ဝေးဝေးသွားလေသည်။

“ မေဆဲ ” (မီးငယ်) ခေါ် ဒုံးအငယ်စားများလည်း ရှိသေး၏။ ထိုဒုံးကလေးများမှာ လေးလက်မ ငါးလက်မ အရွယ်လောက်ရှိ၏။ ထိုဒုံးသေးလေးများကို ပင်လောင်းမြို့နယ် “ လုံးရဲဉ် ” (ကျောက်တန်း) ဒေသတွင် ပြုလုပ်ကြ၏။ တစ်နှစ်လျှင် ဒုံးကလေး ထောင်ချီ၍ ကုန်လေသည်။ ဒုံးကလေးများကို ဒုံးကြီးများ လွှတ်သည့်အခါတွင် ရောင်းလေ့ရှိကြ၏။ တစ်လုံးလျှင် တစ်ကျပ်မှ သုံးကျပ်အထိ အရွယ်အစားကို လိုက်၍ ပေးရသည်။ ဒုံး အသေးကလေးများကို ဒုံးလွှတ် ၀ါသနာပါသူ ကလေးရော လူကြီးပါ ၀ယ်ယူ၍ ရှို့လွှတ်ကြသည်မှာ ပျော်စရာတစ်မျိုးပင် ဖြစ်တော့၏။

0 comments:

Post a Comment