ဒုံးကို လူနေအိမ်ခြေ မရှိသည့် ကွင်းပြင်သို့သာ ပစ်လွှတ်ကြ၏။ ဒုံးလွှတ်ပွဲ ကျင်းပရန် တာဝန်ယူထားသည့် ရွာသည် တစ်ရွာလျှင် တစ်လုံးကျ မိမိကြိုက်နှစ်သက်သည့် ဒုံးဆရာကို ခိုင်းနိုင်၏။ ဒုံးကြီးတစ်လုံးကို ကျပ် ၆၀၀၀ မှ ၁၀၀၀၀ ထိ ပေးရ၏။ နာမည်ကြီး လွိုင်ကော်/ရွိုင်/ဘုရားဗွာ (ဘုရားဖြူ) တောင်ကြီး၊ ကော်သာရွေးဒုံးများမှာ ၈၀၀၀ ကျော်ပေးရ၏။ ဒုံးလွှတ်ပွဲ ကျင်းပသည့် နေ့ ၁၂ နာရီလောက်တွင် မိမိတို့ဒုံးများကို ထမ်းကာစေတီကို သုံးပတ် ပတ်ကြ၏။ အားအင်ပြည့်ဖြိုး၍ သန်မာထွားကြိုင်းသူသည် ဒုံးကိုထမ်းရ၏။ အချို့ရွာမှ မထမ်းနိုင်သူများသည် ဗလကောင်းသူကို ၅၀ ကျပ်လောက်ပေး၍ ငှားထမ်းကြ၏။ သို့သော်နည်း၏။ မိမိတို့ဘာသာ ထမ်းကြသည်က များလေသည်။

နေ့ဆွမ်းကပ်ပြီးသည်နှင့် ဒုံးကို စေတီရှိရာသို့ ယူဆောင်၍ အိုးစည်တီးကာ ညာသံပေး၍ ကကြ၏။ အချို့က သိုင်းကွက်များဖြင့် ကကြ၏။ ထိုးကွင်းထိုးထားသူ လူကြီးများက မိမိတို့ ထိုးကွင်းပေါ်အောင် ဘောင်းဘီကိုပင့်၍ ယဉ်ယဉ်ကျေးကျေး ကကြ၏။ အချို့ အမျိုးသမီးများမှာ အမျိုးသားများ ပျော်၍ကသည်ကို ကြည့်ရှုအားပေးကြ၏။ ပအိုဝ်း တိုင်းရင်းသားတို့ ကျင်းပသော ပွဲတော်များအနက် ဒုံးလွှတ်ပွဲသည် ပအိုဝ်းတို့ အပျော်ဆုံး ပွဲတော်ဖြစ်၏။ စေတီတော်ကို သုံးကြိမ်လှည့်ပတ် ပူဇော်ပြီးသောအခါ ရှို့လွှတ်ရန်အတွက် ဖြောင့်အောင်လုပ်ထားသည့် ၀ါးဖြင့် ဒုံးကို အမြီးတပ်ရ၏။ အမြီးတပ်ရာတွင် သွပ်ကြိုးဖြင့် တင်းအောင် ရစ်ပတ်ချည်နှောင်ရ၏။ တင်းအောင်မချည်နှောင်ပါက ဒုံးသည် သွားချင်ရာသို့ သွားတတ်၏။ ထို့ကြောင့် တင်းအောင် မြဲအောင် ချည်နှောင်ရလေသည်။

ဒုံးကို အမြီးတပ် ချည်နှောင်ပြီးသောအခါ စေတီတစ်ပတ် ပြန်ပတ်ရသေး၏။ ထိုနောက် ဒုံးပစ်လွှတ်စင်သို့ မိမိတို့အဖွဲ့အလိုက် အိုးစည်ဗုံမောင်းတီးကာ ကခုန်၍ ဒုံးကိုထမ်းသွားကြလေသည်။ ဒုံးပစ်လွှတ်စင်ကို ပအိုဝ်းတို့က “ လုဖိုင်ကဲန်း ” (မီးစင်) ဟုခေါ်၏။ ဒုံးပစ်လွှတ်သူသည် ချိန်ရွယ်ထားသော အရပ်မျက်နှာဘက်သို့ စနက်တံကို တပ်ပြီး မီးရှို့ရသည်။ စနက်တံကို မီးရှို့စဉ် အချို့ဒုံးဆရာသည် လေယာဉ်ပျံ ကိုယ်ထည် သတ္တုစကို သေးသေးလေး ညှပ်၍ ထည့်ထားသဖြင့် အဝေးမှကြည့်လျှင် ဖွေးကနဲ မြင်နေရသည်။ မီးရှို့စဉ် ရှို့သူက မည်သည့်ရွာမှ ဒုံးဖြစ်ကြောင်း ခေါင်းပေါင်းကို ဝှေ့ယမ်းကာ ကြေညာပေးသည်။ စနက်တံမှ စလောင်ပြီး ယမ်းကို မီးကူးသည်နှင့် ယမ်း၏ တွန်းကန်မှုကြောင့် ဒုံးသည် ရုန်းကန်ထွက်ပြေး လေတော့၏။ အချို့မှာ ပြုလုပ်စဉ်က အချိုးအစား မမှန်သဖြင့် ပေါက်ကွဲတတ်လေသည်။ ဒုံးတွင်းမှ ယမ်းကို မီးလောင်ရာတွင် ဒုံး၏ ထိပ်ပိုင်းမှ စလောင်၏။ ဒုံးသေးကလေးများမှာ အလယ်တွင် စလောင်ပြီး အောက်သို့ဆက်လောင်၏။ ထိုနောက် တစ်ဆင့်ပြီးတစ်ဆင့် အထက်သို့လောင်၏။ ဒုံးစလွှတ်သည့်အချိန်နှင့် ဒုံးတက်သွားသည့် အချိန်တွင် ခေါင်းပေါင်း ဝှေ့ယမ်း၍ က ကြသည်မှာ ပျော်စရာကောင်းလှ၏။

ဒုံး၏စနက်တံကို ရှို့သူသည် တစ်ခါတစ်ရံ ပေါက်ကွဲတတ်သဖြင့် အန္တရာယ် မဖြစ်စေရန်အတွက် ဒုံးလွှတ်စ်ပေါ်မှ အချိန်မီပြန်ဆင်းနိုင်ရန် စီစဉ်ထားရ၏။ အချို့မှာ တစ်ကြိမ် ရှို့၍ မလောင်ပါက သုံးကြိမ်ထိ ရှို့ရသည်လည်းရှိ၏။ ရှေးကဒုံးတို့သည် နေ့ဝက်ခရီးမျှအထိ သွားသည်ဟု ကြားဖူးသည်။ ခုခေတ်ကာလ ဒုံးများမှာ သုံးမိုင်မှ ခြောက်မိုင်အထိ သွားလေသည်။

0 comments:

Post a Comment