စိတ်နေသဘောထား

ပအိုဝ်းတိုင်းရင်းသားတို့သည် တောင်တန်းကို ဖက်၍ အသက်မွေးကြသူများ ဖြစ်ကြသည်။ တောင်ကုန်း မြေမြင့်ကို ခင်တွယ်သည့် တောင်တန်းပျော်များ ပီပီ၊ ၄င်းတို့၏ စိတ်နေသဘောထားမှာ ရိုးသားမှုကို အရင်းခံပေသည်။ ပအိုဝ်းစကားပုံ တစ်ခုတွင် “ ကုန်းမြေမြင့် - ရေမတင်၊ ဂုဏ်မြင့်လျှင် လူမခင် ” ဟု ဆိုထားသကဲ့သို့ပင် ပအိုဝ်းတိုင်းရင်းသားတို့သည် ဥစ္စာပစ္စည်းကြောင့် ဂုဏ်မောက်ခြင်း ပညာမာနကြီးခြင်းတို့ မရှိကြပေ။ စိတ်နေရိုးသားပြီး အလုပ်ကြိုးစားကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ ပင်ကိုဗီဇမှာလည်း ရိုးသားကြသည်။ ပွင့်လင်းသည်။ ခင်မင်တတ်ကြသည်။ မိမိတို့ အချင်းချင်းဖြစ်စေ၊ အခြားတိုင်းရင်းသား များနှင့် ဖြစ်စေ၊ ရင်းရင်းနှီးနှီး ဆက်ဆံကြလေသည်။ အချင်းချင်း တစ်ဦးနှင့်တစ်ဦး မသိကြသော်လည်း ခရီးလမ်းတွင် တွေ့ပါက နှုတ်ဆက်ကြသည်။ အခက်အခဲတွေ့လျှင်လည်း ကူညီကြ၏။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၁)၊ စာမျက်နှာ (၉၄-၉၅)တွင် ပအိုဝ်းတိုင်းရင်းသားများသည် ကိုယ်လက် ကြံ့ခိုင်သည်။ သတ္တိရှိသည်။ ဘာသိဘာသာ နေတတ်သည်။ ရှက်ကြောက်ခြင်း၊ တည်လွန်းခြင်း မရှိပေ။ ဇေဖ်ာရွှေ၍ လွယ်ကူစွာ ပေါင်းသင်းဆက်ဆံနိုင်သော တိုင်းရင်းသားများ ဖြစ်ကြသည်။ ဟု ရေးသားထားလေသည်။

ဦးမင်းနိုင် ပြုစုသော “ တိုင်းရင်းသား စကားပုံများ ” စာအုပ်တွင်လည်း ပအိုဝ်းတိုင်းရင်းသားများသည် ရိုးသား၍ လုံ့လ၀ီရိယ ရှိကြသည်။ ယောက်ျား မိန်းမပါ အားစိုက်ခွန်စိုက် အလုပ်လုပ်ကြသည်။ စီးပွားရေးမျက်စိ ရှိကြသဖြင့် ရှမ်းပြည်နယ်တွင် အင်းလေးဒေသရှိ အင်းသားမှလွဲ၍ နိုင်ငံရေး အခြေအနေဖြင့် လည်းကောင်း၊ စီးပွားရေး အနေဖြင့်လည်းကောင်း နောက်မကျသော တိုင်းရင်းသားများ ဖြစ်ပေသည် ဟု ဖော်ပြရေးသားထားသည်။

ဧည့်သည်လာရောက်လျှင်လည်း နေရဲထိုင်ရဲအောင် ပွင့်ပွင့်လင်းလင်း ပြောဆိုကြ၏။ ခရီးဦးကြိုပြုသည်မှအစ ဧည့်ဝတ်ကျေပွန်ကြသည်။ ဧည့်သည် ရှေ့တွင် ရိုသေစွာထိုင်ကာ ရေနွေးကြမ်း၊ အမြီး စားဖွယ်များဖြင့် ဧည့်ခံပြုစုကြသည်။ ဤသို့သော စိတ်ထားများကြောင့် ပအိုဝ်း တိုင်းရင်းသားတို့ကို အ၀တ်နက်ဝတ်ထားသော်လည်း ရဟန်းစိတ် ရှိကြသည်ဟု ဆိုကြ၏။

အလုပ်ကိုလည်း အထူးတန်ဖိုးထားကြ၏။ အမျိုးသမီးများမှာ အလုပ်ကိုပို၍ ခင်တွယ်ကြပြီး အလုပ်လုပ်ခြင်းဖြင့် ဂုဏ်ယူကြလေသည်။ မီးဖွားပြီးစ အမျိုးသမီးများပင်လျှင် ရက်သားအရွယ် ရင်သွေးကို ယာခင်းထဲသို့ ခေါ်ဆောင်ကာ သိပ်ထားပြီး အလုပ်လုပ်ကြသည်။ အလုပ်ကို ခင်တွယ်စိတ် ရှိသူများ ဖြစ်ကြ၏။ ဗုဒ္ဓဘာသာကို အထူးသက်ဝင် ယုံကြည်သူများပီပီ ၄င်းတို့၏ စိတ်နေသဘောထားမှာလည်း ဘာသာတရားနှင့်နွယ်သော အကြင်နာတရား၊ မေတ္တာတရားများဖြင့် ပြည့်ဝကြသည်။

0 comments:

Post a Comment