တစီးထီ

“ တစီးထီ ” မှာ ပအိုဝ်း စကားဖြစ်၏။ ဆေးရည်ဟု အဓိပ္ပါယ်ရသည်။ အခြား တိုင်းရင်းသားများက “ ဆေးတော်ဝါး ” ဟု တင်စားခေါ်ဝေါ်ကြသည်။ တစီးထီသည် ဆေးရည်ဟု အဓိပ္ပါယ်ရသည်ကို ထောက်ခြင်းအားဖြင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ဆေးအဖြစ် မှီဝဲ၍ သောက်ကြကြောင်း ထင်ရှားသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ဤဆေးစိမ်ရည်ကို မှီဝဲခြင်းအားဖြင့် ဆီးနှင့်ဝမ်း မှန်စေသည်။ အကြောအခြင် ကောင်းစေသည်ဟု ယူဆကြသည်။ အသက်ရှည်စေသည့် အာယုဝဍ္ဎန ဆေးတစ်ပါး ဖြစ်သည်ဟု ယူဆကြ၏။

“ တစီးထီ ” ခေါ် ဆေးရည်စိမ်နည်းမှာ လက်ပံပင်အမြစ်၊ ညောင်မြစ်၊ ကြံမဲပင်အမြစ် (၀ါ) အရိုး၊ ထင်းရှူးနှစ် (၀ါ) အမြစ်၊ ဇာတိပ္ဖိုလ်သီး ဇာတိပ္ဖိုလ်ပွင့်၊ လေးညှင်း၊ ကုက္ကရာ၊ လိပ်ကျောက်ဆူး၊ ကြွေ၊ ပန္နု၊ ပမ္မ၊ သမန်းမြက်ပင်အမြစ်၊ ဂမုန်း၊ ဥပါသကာ ခပ်များများတို့ကို တစ်ကျပ်စီစုရသည်။ ဥပါသကာကို နှစ်ကျပ်သားခန့် ထည့်ရသည်။

ဤပစ္စည်းများကို စုဆောင်းရရှိပြီးသောအခါ မကြမ်းမနု လှီးဖြတ်ရသည်။ ထိုနောက် ဖျင်ကြမ်းဖြင့်ထုပ်၍ စဥ့်အိုးထဲတွင် ထန်းလျက် ခပ်များများကို ထည့်ကာ စိမ်ရ၏။ ရက်ကြာကြာ စိမ်လေလေ၊ ပို၍ ကောင်းလေလေ ဖြစ်သည်။ ဤဆေးရည်စိမ်နည်းကို ကျန်စစ်သား ဆေးရည်စိမ်နည်းဟု ခေါ်သည်။

“ တစီးထီ ” ခေါ် ဆေးတော်ဝါး၏ အာနိသင်မှာ ဆီးရွှင်စေ၏။ ထို့ကြောင့် တချို့က “ ပအိုဝ်းဘီယာ ” ဟု ကင်ပွန်းတပ်ကြသည်။ ဆားနှင့်ရော သောက်ပါက ၀မ်းသက်စေသည်။ များများသောက်ပါက ယစ်လာ၏။ တောင်ကြီးမြို့၊ အရှေ့ဘက်ရှိ ထီသိမ်ရွေးရွာတွင် “ တစီးထီ ” ခေါ် ပအိုဝ်းဘီယာ များကို တောင်ကြီးမြို့ပေါ်မှ လူများ၊ အတော်များများ လာသောက်ကြသည်။ အချို့ကပို၍ မူးစေအောင် အရက်များများနှင့် ရောစပ်၍ သောက်ကြ၏။

“ တစီးထီ ” ခေါ် ဆေးတော်ဝါး၏ အရသာမှာ ရက်ကြာကြာ မစိမ်ပါက ချိုသောအရသာရှိ၏။ ရက်ကြာကြာ စိမ်ထားပါက ချဉ်စုတ်စုတ်အရသာ ရှိ၏။ ပအိုဝ်း တိုင်းရင်းသားတို့သည် ဤဆေးရည်ကို အလုပ်ခွင်မှ ပင်ပင်ပန်းပန်း ပြန်လာချိန်တွင် လည်းကောင်း၊ ထမင်းမစားမီတွင် လည်းကောင်း အမျိုးသားရော အမျိုးသမီးပါ မှီဝဲလေ့ရှိကြသည်

0 comments:

Post a Comment