နာမည်မှည့်ခြင်း

ပအိုဝ်း တိုင်းရင်းသားတို့တွင်လည်း စိတ်ဝင်စားဖွယ်ကောင်းသည် နာမည် မှည့်ခေါ် ဓလေ့ ရှိ၏။ ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိတို့ မွေးဖွားလာသော ကလေးကို နာမည်မှည့်ခေါ်ရာတွင် အဘိုး အဘွား၊ မိဘက ဖြစ်စေ၊ ကျေးရွာတွင်းရှိ သက်ကြီးရွယ်အိုမှ ဖြစ်စေ၊ ဆွေမျိုးသားချင်းက ဖြစ်စေ၊ ဘုန်းတော်ကြီးက ဖြစ်စေ၊ မွေးဖွားသည့် နေ့နံကိုလိုက်၍ မှည့်ခေါ်ပေးကြသည်။ ကလေးများ ကင်ပွန်းတပ်ပွဲ ရှိသော်လည်း နာမည်ပေးခြင်း၊ နတ်တင်ခြင်း မရှိပေ။ ကင်ပွန်းတပ်ပွဲတွင် ဧည့်သည်များကို ကျွေးမွေးသည်။ ကင်ပွန်းတပ်သည့် အိမ်တွင် ငွေဖလား၌ ထည့်ထားသော ကင်ပွန်းသီးရည်ကို ဧည့်သည်များက ဆီးဖြူခက်၊ သစ်သျှားခက်၊ သပြေခက် စသည်တို့ဖြင့်တို့ပြီး၊ မင်္ဂလာယူသည့် အနေဖြင့် မိမိတို့မျက်နှာကို သစ်ကြသည်။ ရွာတွင်းရှိ သက်ကြီးရွယ်အို တစ်ဦးဦးသည် ကလေး၏ လက်ကို ချည်ခင်ဖြင့် ပတ်၍ ဆုတောင်းပေးလေသည်။ ဧည့်သည်များက ကလေးအတွက် ငါးမူးတစ်ကျပ် စသည်ဖြင့် လက်ဖွဲ့ကြ၏။ ခြောက်နှစ်၊ ခုနှစ်နှစ် အရွယ်သို့ ရောက်သောအခါ၊ နေ့သင့်နံသင့် နာမည်မှည့်ခေါ် ကြပြန်သည်။

ဓနုလူမျိုးတွင် ယောက်ျားလေး၏ နာမည်ကို မသိပါက “ အောင်နီ ” ဟူ၍လည်းကောင်း၊ မိန်းကလေး၏ နာမည်ကို မသိပါက “ မိနီ ” ဟုလည်းကောင်း ခေါ်ကြသကဲ့သို့ပင်၊ ပအိုဝ်း တိုင်းရင်းသားတို့တွင်လည်း အသက်အရွယ် ငယ်သူ ယောက်ျားလေးကိုဖြစ်စေ၊ လူလတ်ကို ဖြစ်စေ၊ လူကြီးများက နာမည် မသိလျှင် “ မောင် ” ဟုလည်းကောင်း၊ “ မောင်ပေ ” ဟုလည်းကောင်း ခေါ်ကြ၏။ လူလတ်ကို “ မောင် ” ဟုခေါ်သည်က များလေသည်။ “ မောင် ” မှာ မြန်မာလို “ မောင်ရင် ” ဟုလည်းကောင်း၊ “ မောင်ပေ ” မှာ မြန်မာလို “ လူလေး ” ဟုလည်းကောင်း အဓိပ္ပါယ်ရသည်။ မိန်းကလေးကို “ မူ ” ဖြစ်စေ၊ “ မူပေ ” ဖြစ်စေ ခေါ်ကြ၏။ “ မူ ” မှာ မြန်မာလို “ မိန်းကလေး ” ဟုလည်းကောင်း၊ “ မူပေ ” မှာ မြန်မာလို “ ကလေးမ ” ဟုလည်းကောင်း အဓိပ္ပါယ် ရသည်။

တောရွာတွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားတို့သည် ရိုးရာဓလေ့ကို ပို၍ခုံမင်၏။ နာမည်မှည့်ခေါ်ရာတွင်လည်း ကျေးတောရွာဆန်ဆန် မှည့်ခေါ် ကြသည်။ ကျေးလက်တောရွာတွင် ယောက်ျားလေး၏ နာမည်ရှေ့၌ “ တ ” ကိုထည့်၍ ခေါ်ကြ၏။ ဥပမာအားဖြင့် တလို၊ တကိုး၊ တဗုတ်၊ တဗဲ စသည်တို့ ဖြစ်၏။ မိန်းကလေး နာမည်ရှေ့တွင် “ မိ ” ကို ထည့်၍ခေါ်ကြ၏။ ဥပမာအားဖြင့် မီဘောင်၊ မီဟွံ၊ မီဗို၊ မီမြ စသည်ဖြင့် ခေါ်ကြ၏။ ကျေးလက်တောရွာတွင် နေထိုင်ကြသည့် ပအိုဝ်း တိုင်းရင်းသား လူငယ်လူရွယ်တို့၏ ရိုးရာနာမည်များသည် တစ်လုံးတည်းသာ မှည့်ခေါ်ကြသည်ကို ထူးခြားစွာ တွေ့ရပေသည်။

ကျေးလက်တောရွာတွင် ရှိစဉ်က မိမိတို့ တိုင်းရင်းသားအချင်းချင်း နာမည်မှည့်ခေါ်ရန် လွယ်ကူသော်လည်း မြို့ပေါ်သို့ ရောက်သောအခါတွင် မိမိတို့၏ ရိုးရာနာမည်မှာ အခြားတိုင်းရင်းသားများ အခေါ်ရခက်သည့်ပြင် ပအိုဝ်း ဘာသာအသံထွက်အတိုင်း မှတ်သားရန် ရေးသားရန်လည်း ခက်သဖြင့် မြန်မာ အမည်သို့ ပြောင်းလဲ မှည့်ခေါ်ကြသည်လည်း ရှိသည်။ အချို့က မိမိတို့ ရိုးရာအမည်ကိုပင် ခုံခုံမင်မင် ခေါ်ဝေါ်သုံးနှုန်း ကြသည်လည်းရှိ၏။ မြန်မာ အမည်သို့ ပြောင်းလဲမှည့်ခေါ်ရာတွင် နေ့သင့်နံသင့်ဖြင့် မှည့်ခေါ်ကြသည်က များလေသည်။

မြန်မာအမည်သို့ ပြောင်းလဲမှည့်ခေါ်ရာတွင် ယောက်ျားလေး၏ နာမည်ရှေ့၌ “ ခွန် ” ထည့်၍ ခေါ်ကြ၏။ ဥပမာအားဖြင့် ခွန်ဝေးခို၊ ခွန်စိန်ဝင်း၊ ခွန်ခန်ထို စသည်တို့ဖြစ်၏။ “ ခွန် ” ထည့်၍ခေါ်ခြင်းမှာ မိမိတို့သည် မြင့်မြတ်သော အမျိုးအနွယ်မှ ပေါက်ဖွားဆင်းသက်လာသူ၊ ဇွဲသတ္တိရှိသူ၊ ယောက်ျားပီသသူဟု ဂုဏ်ယူသည့်သဘောနှင့် ပအိုဝ်းလူမျိုးဖြစ်ကြောင်း သိစေလိုသည့် သဘောဖြစ်ပါသည်။ ပဒေသရာဇ်ခေတ်တွင် “ ခွန် ” ဝေါဟာရမှာ မှူး၊ မတ်၊ အရာရှိ၊ နယ်ပိုင် ရာထူးရာခံ ရှိသူတို့နှင့် ၄င်းတို့သားများ၏ အမည်ရှေ့တွင် ထား၍ခေါ်ကြသည်။ ထို့ကြောင့် နာမည်ရှေ့တွင် “ ခွန် ” ပါတိုင်း ပအိုဝ်းတိုင်းရင်းသားဟု ယူဆ၍မရပေ။ မိန်းကလေး၏ နာမည်ရှေ့တွင် “ နန်း ”  (နောင်) ကိုထည့်၍ ခေါ်ကြ၏။ “ နန်း ” (နောင်)မှာ မြင့်မြတ်သူ၊ နူးညံ့ သိမ်မွေ့သူ၊ ဣနြေ္ဒရှိသူ၊ တည်ငြိမ်သူဟု အဓိပ္ပါယ် ဆောင်လေသည်။ ဥပမာအားဖြင့် နန်းခင်သန်းတင့်၊ နန်းခင်သန်းထွေး၊ နန်းခမ်းလော၊ နန်းသန်းနု စသည်တို့ဖြစ်၏။

ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို လွန်မင်းစွာ သက်ဝင်ယုံကြည်ကြသများပီပီ သားယောက်ျားလေးများ အရွယ်ရောက်လာသောအခါ စုပေါင်း ရှင်ပြုကြ၏။ ရဟန်းခံကြ၏။ ထို့ကြောင့် ရှမ်းပြည်နယ်ရှိ စာသင်တိုက်နှင့် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများရှိ ပရိယတ္တိ စာသင်တိုက်များတွင် ပအိုဝ်း သာမဏေနှင့် ရဟန်းများ ပရိယတ္တိစာပေ ကြိုးစားလေ့လာ ဆည်းပူးကြသည်ကို တွေ့နိုင်ပေသည်။ ထိုသာမဏေနှင့် ရဟန်းများသည် သာသနာဘောင်၌ မမွေ့လျော်တော့၍ ရှင်လိင်ပြန် လူဝတ်လဲလိုက်ပါက သူတို့နာမည်များကို သာမဏေဘ၀၊ ရဟန်းဘ၀မှ နာမည်များဖြင့် ခေါ်ကြသည်လည်းရှိ၏။ ဥပမာ အားဖြင့် သောနဥာဏ၊ နေမိန္ဒ စသည်တို့ဖြစ်၏။ ရဟန်းဘ၀မှ ထွက်လာသူတို့ နာမည်ရှေ့တွင် “ ထွက် ” ကိုထည့်ခေါ်လေ့ရှိ၏။ “ ထွက် ” ကို ငယ်နာမည်ရှေ့တွင် ထား၍ ခေါ်လေ့ရှိကြသည်။ ဥပမာအားဖြင့် ထွက်ယော်၊ ထွက်ခစ်၊ ထွက်မောင် စသည်တို့ဖြစ်၏။ ထို့ကြောင့် နာမည်ရှေ့တွင် “ ထွက် ” ပါလျှင်၊ “ ထွက် ” ကိုထည့်၍ ခေါ်ကြလျှင် ထိုသူသည် ရဟန်းဘ၀မှ ထွက်လာသည်ဟု ခွဲခြားသိနိုင်သည်။ လူပျိုကာလသားများကိုလည်း တစ်ခါတစ်ရံ “ ထွက် ” ဟု ခေါ်လေ့ရှိကြသည်။ ဤနေရာတွင် “ ထွက် ” မှာ “ မောင်ရင် ” ဟု အဓိပ္ပါယ်ရသည်။

အလှူဒါနကိုလိုက်၍ နာမည်မှည့်ခေါ်ကြသေး၏။ ဥပမာအားဖြင့် ကျောင်းလှူဖူးသူကို “ ကျောင်ကာ ” ၊ ရဟန်းဒကာ ခံစားဖူးသူကို “ စာင်ဖာ ” ဟု ခေါ်ကြ၏။ “ ကျောင်ကာ ” နှင့် “ စာင်ဖာ ” မှာ မြန်မာလို ကျောင်းဒကာ၊ ရဟန်းဒကာဟု အဓိပ္ပါယ်ရပြီး၊ “ မဲကျောင် ” နှင့် “ စာင်မိုး ” မှာ ကျောင်းဒကာ ရဟန်းဒကာမ ဟု အဓိပ္ပါယ်ရသည်။ မိမိ၏ ဒါနအမည်ကို အမည်ရင်းရှေ့တွင် ထည့်၍ခေါ်ကြသည်။

အကြီးဆုံးသားသမီးသည် ယောက်ျားဖြစ်ပါက သားယောက်ျား၏ အမည်ကိုလည်းကောင်း၊ သမီးဖြစ်ပါက သမီး၏အမည်ကို လည်းကောင်း မိဘ၏ အမည်ရှေ့တွင် “ ပျိုဖာ ” ကိုထည့်၍ “ ပျိုဖာ ” ဟုလည်းကောင်း၊ “ ပျိုဖာထွန်း ” ဟုလည်းကောင်း ခေါ်ကြသည်။ တပျို ၊ သို့မဟုတ် နန်း၏ ပျိုဖခင် ဟု အဓိပ္ပါယ်ရသည်။ မိခင်ကိုမူ “ ပျိုမိုး ” ဟု ခေါ်သည်။ တပျို ၊ သို့မဟုတ် နန်းပျို၏ မိခင်ဟု အဓိပ္ပါယ်ရသည်။ မိခင်၏ အမည်ရင်းကိုမူ ထည့်၍ခေါ်လေ့ မရှိပေ။

ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူများပီပီ မိမိတို့ထက်ကြီးသူကို ရိုသေလေးစားကြသည်။ ထို့ပြင် ကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ၊ ရပ်ရွာက လေးစားယုံကြည် အားကိုးရသူ၊ သိက္ခာသမာဓိရှိသူကိုလည်း ထိုသူ၏ဂုဏ်နှင့်လိုက်၍ လေးလေးစားစား ခေါ်ကြသည်။ ဥပမာ အားဖြင့် ရပ်ရွာက ရိုသေလေးစားရသော ရွာသူကြီးကို ခေါ်ရာတွင် ရွာသူကြီးဟု လည်းကောင်း၊ ရွာသူကြီး၏ အမည်ရင်းကိုလည်းကောင်း ခေါ်လေ့ မရှိပေ။ ရွာသူကြီးကို “ ဖြားဒုံ ” ဟု မြတ်မြတ်နိုးနိုး တင်စားခေါ်ဝေါ်၏။ “ ဖြားဒုံ ” မှာ ရွာ့သခင် ၊ ရပ်ရွာက လေးစားအားကိုး ယုံကြည်ရသူ၊ ရွာကို စောင့်ရှောက်သူဟု အဓိပ္ပါယ်ရသည်။ ရွာသူကြီးထက် ပို၍ သြဇာရှိသူ၊ လူအများက ယုံကြည်လေးစား အားကိုးရသူကိုမူ “ ဖြားတန် ” ဟု ခေါ်၏။  “ ဖြားတန် ” မှာ ဂုဏ်သရေရှိ လူကြီးမင်း လူအများက လေးစားယုံကြည်သူဟု အဓိပ္ပါယ်ရသည်။

သွေးချင်း ပအိုဝ်းတိုင်းရင်းသားတို့၏ နာမည်မှည့်သည့်ဓလေ့သည် ငယ်ရာမှ ကြီးသည်အထိ အရွယ်ကိုလိုက်၍ လည်းကောင်း၊ သာမဏေဘ၀ ရဟန်းဘ၀မှ လူဝတ်လဲလာသည်ကို အစွဲပြု၍လည်းကောင်း၊ အလှူဒါနကိုလိုက်၍ လည်းကောင်း၊ သိက္ခာသမာဓိကိုလိုက်၍ လည်းကောင်း၊ အကြီးဆုံး သားသမီး၏ အဟုန်ကိုလိုက်၍ လည်းကောင်း အဆင့်အမျိုးမျိုးဖြင့် နာမည်မှည့်ခေါ်ကြသည်ကို စိတ်ဝင်စားဖွယ် လေ့လာတွေ့ရှိရပေသည်။

0 comments:

Post a Comment