အမွေဆက်ခံခြင်း

ပအိုဝ်းတိုင်းရင်းသားတို့၏ မိသားစုတွင် အမွေပစ္စည်းခွဲဝေခြင်း၊ ဆက်ခံခြင်း ဓလေ့လည်း ရှိပေသည်။ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားသည် ဖြစ်စေ၊ ရှိသည်ဖြစ်စေ သားသမီးများ အမွေခံစားခွင့် ရှိလေသည်။ သားသမီးများ အိမ်ထောင်ပြု၍ အိမ်ထောင်ခွဲသွားပါက မိဘသည် ထိုသားသမီးကို ယာ ဖြစ်စေ၊ လယ်ဖြစ်စေ၊ ရွှေ၊ ငွေ ဖြစ်စေ ခွဲဝေပေးလေသည်။ မိဘတစ်ဦးဦး ကွယ်လွန်၍ နောက်အိမ်ထောင်ပြုပါက မိခင် သို့မဟုတ် ဖခင်သည် အိမ်ထောင်ဦးစီး အဖြစ် အိမ်ထောင်တာဝန်ကို ဆက်လက်ယူရသည်။ မိဘနှစ်ပါးစလုံး ကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူ အစ်ကို သို့မဟုတ် အစ်မဖြစ်သူက ဦးဆောင် ကြည့်ရှု ထိန်းသိမ်းခြင်း၊ ကျန်ရစ်သော မိဘပစ္စည်းများကို ညီအစ်ကို မောင်နှစ်မတို့အား ခွဲဝေပေးခြင်းတာဝန်ယူရသည်။ အိမ်နှင့်နီးသော ခြံ လယ်ယာကို အထွေးဆုံးဖြစ်သူကို ပေးလေ့ရှိသည်။ အထွေးဆုံးသည် ကျန်အစ်ကို အစ်မများထက် အမွေပိုရ၏။ အထွေးဆုံးကို ညှာတာထောက်ထားသည့် သဘောပင် ဖြစ်သည်။ အကယ်၍ မိဘနှစ်ပါး အသက်ထင်ရှားရှိနေပါက အိမ်တွင်ကျန်ရစ်သူ အထွေးဆုံး သားသမီးသည် မိဘကို တာဝန်ယူ စောင့်ရှောက်ရသည်။ အိမ်ကို အထွေးဆုံး သားသမီးကပင် ရ၏။ အမွေခွဲရာတွင် မကျေနပ်မှု ဖြစ်လေ့ဖြစ်ထမရှိပေ။ အကယ်၍ မကျေနပ်မှု ဖြစ်လာပါက “ ဖြားဒုံ ” ခေါ် ရွာသူကြီးနှင့် ရပ်မိရပ်ဖတို့က အညီအမျှ ခွဲဝေ ဆုံးဖြတ်ပေးကြလေသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ အမွေဆက်ခံခြင်းနှင့် ပတ်သက်၍ မည်သည့်သားသမီးမဆို မိဘအမွေခံစားခွင့် ရှိသည်။ သို့ရာတွင် တစ်အိမ်တည်း အတူနေသူနှင့် အိမ်ခွဲနေသူတို့ ခံစားခွင့်ခြင်း မတူပေ။ အတူနေသူများကို ပြုစုသူအဖြစ် ပိုမိုခံစားခွင့်ရှိသည်ဟု ယူဆကြသည်။

ဥစ္စာပစ္စည်းကို အမည်တပ်၍ ပေးခဲ့လျှင် နာမည်ရှင်ကရ၏။ အမည်မတပ်ခဲ့လျှင် ယင်းပစ္စည်းကို မသေဆုံးခင် ပြုစုစောင့်ရှောက်သည့် အသက်ကုန်ဆုံးသည့် အချိန်တွင်လည်း အနီးအပါးတွင် ရှိနေသူ အမွေဆက်ခံ ပုဂ္ဂိုလ်တစ်ဦးဦးက ပို၍ရရှိသည်။ သားသမီးရင်းချာ မရှိသော်လည်း မွေးစားသားသမီးရှိပါက မွေးစားသားသမီးက ရရှိလေသည်။ သားသမီးများ အိမ်ထောင်ကျသောအခါ မိဘတို့သည် ခြံကိုလည်းကောင်း၊ ရွှေ ငွေ ဥစ္စာ ပစ္စည်းကိုလည်းကောင်း ခွဲဝေပေးတတ်ကြသည်။ ညီအစ်ကိုမောင်နှမ သုံးလေးယောက်အိမ်တွင် အတူနေထိုင်ပြီး မိဘနှစ်ပါး ရုတ်တရက် ကွယ်လွန် သွားသောအခါမျိုးတွင် အမွေပစ္စည်းကို ညီတူညီမျှ ခွဲဝေပေးကြသည်။ အများအားဖြင့် ညီအစ်ကိုမောင်နှမထဲတွင် အငယ်ဆုံး အထွေးဆုံး သားသမီးသည် အခွင့်အရေးပို၍ ရတတ်လေသည်။ ပစ္စည်းအမွေ ခွဲဝေရာတွင် အချင်းချင်းနားလည်မှုဖြင့် ခွဲဝေကြသည်။ အမှုဖြစ်ပါက သူကြီးနှင့် ဖြေရှင်းကြသည်။ ခြံမြေကို အမွေခွဲရာတွင် ကိုယ်ပိုင်ယာမြေ မရှိသူ၊ နည်းပါးသူများကို ဦးစားပေးကြသည်။ ဤသို့မှ ပြဿနာဖြစ်ပေါ်လာလျှင် ရွာသူကြီးများ၏ ၀ိုင်းဝန်း ဖြေရှင်းချက်ကို နာယူကြသည်။

အမွေခွဲရာတွင် သုံးဖြုန်းဆိုးပေသည့် သားသမီးများကို အမွေပေးလေ့မရှိပေ။ သားသမီးများ မရှိတော့လျှင်လည်း မြေးများကို အမွေပေးလေ့ ရှိသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် အမွေခွဲဝေရာတွင် အထက်ပါအတိုင်း ယနေ့တိုင် လိုက်နာကျင့်သုံးလျက် ရှိသည်ကို တွေ့ရသည်။

0 comments:

Post a Comment