ပအိုဝ်း တိုင်းရင်းသားတို့တွင် အမျိုးသမီးများ သားဖွားလျှင် မီးဖိုကို သတ်သတ် ပြုလုပ်လေ့ရှိ၏။ အနှီးကိုလည်း စုံလင်စွာ စုဆောင်ထားလေ့ရှိသည်။ အမျိုးသားသည် မိမိအမျိုးသမီး ၀မ်းနာနေစဉ် ကလေး၏ ချက်ကြိုးကိုလည်း ကျစ်ထားတတ်သည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် နံနက်စောစော ဈေးမသွားရပေ။ အခြားလူများက နှုတ်ဆက်မှ မိမိက ပြန်လှန်နှုတ်ဆက်ရသည်။ မိမိကစ၍ နှုတ်မဆက်ရပေ။ စပြီးနှုတ်ဆက်မိပါက နှုတ်ဆက်ခံရသူအတွက် လာဘ်ပိတ်တတ်သည်ဟု ယူဆကြသည်။ အသုဘလိုက်ပို့ခြင်းလည်း မရှိပေ။ ကိုယ်ဝန်ရှိနေစဉ် ခေါင်းလျှော်ခြင်းကိုလည်း ရှောင်ကြဉ်ကြသည်။ ကိုယ်ဝန်ရှိစဉ် ခေါင်းလျှော်ပါက ကလေးပျက်တတ်သည်ဟု အယူရှိသည်။ သားဖွားခန်းကို အိမ်၏အနီးတွင်ပင် ပြုလုပ်တတ်ကြသည်။ သားဖွားခန်းအတွင်းသို့ အမျိုးသားများ မ၀င်ရပေ။ မီးနေစဉ် မီးဖိုတွင် ယောက်ျားများ ၀င်ရောက်ပြီး ဆေးလိပ်မီးပင် မညှိကြချေ။

သားဖွားရာတွင် “ မော်မူ” ခေါ် လက်သည်တောသားဖွား ဆရာမကို ခေါ်ကြ၏။ ကလေးကို ထို “ မောမူ ” ခေါ် လက်သည်သားဖွား ဆရာမကပင် ဖွားပေးသည်။ ကလေး၏ ချက်ကြိုးကိုလည်း ဖြတ်ပေးသည်။ ထိုလက်သည်သားဖွား ဆရာမကိုခေါ်လျှင် ရှစ်ကျပ်မှ ဆယ့်ငါးကျပ်အထိ ပေးကြသည်။ သားဖွားပြီးလျှင်လည်း ဆားတစ်ထုပ်၊ ငရုတ်သီးတစ်ထုပ်၊ ဂျင်းတစ်ထုပ်ကို လက်သည်သားဖွား ဆရာမအား ပေးကြသည်။ သားဖွားဆရာမ မရှိသဖြင့် ရှေးအစဉ်အလာများကိုသာ ကျင့်သုံးနေကြရသည်။

သားဖွားလျှင် မီးဖိုဘေးတွင် ၁၅ ရက်မှ တစ်လထိနေတတ်ကြသည်။ သားဖွားလျှင် အမျိုးသမီးသည် ၀ါးဖြင့်ပြုလုပ်ထားသည့် အမြင့်တစ်ထွာခန့်ရှိ အိပ်စင်တွင် အိပ်ကြရ၏။ သားဖွားပြီး လေးငါးရက်အကြာတွင် အငွေ့ခံလေ့ရှိသည်။

အငွေ့ခံပုံမှာ နံ့သာဖြူ၊ နံ့သာနီ၊ ကရဝေးရွက်၊ ဇာတိပ္ဖိုလ်သီး စသည့် အမွှေးနံ့သာများကို မြေအိုးထဲတွင် ထည့်၍ကျို၏။ ထွက်လာသော အငွေ့ကို ပြောင်းဖြင့်သွယ်တန်း၍ ခုံလေးပေါ်တွင်ထိုင်ကာ ပြောင်းမှလာသော အငွေ့ကို ရှူကြ၏။ သုံးလေးရက်ကြာအောင် ထိုအငွေ့ကို ရှူကြသည်။ အချို့ကလည်း ထင်းရှူးငွေ့ကို ရှူကြသည်။ ခေါင်းကိုက် မူးဝေတတ်သူများသည် ထိုအငွေ့ကို ရှူပါက မူးဝေခြင်း ပျောက်ကင်းသည်ဟု ယူဆကြသည်။ သားဖွားစဉ်အတွင်း ဂျင်းကို အရည်ကျို သောက်ကြ၏။

ရှေးက သမီးမိန်းကလေးဖွားလျှင် ငယ်ရွယ်စဉ် ရက်လအချိန်မှစ၍ နားဖောက်ပေးလေ့ရှိသည်။ နားဖောက်ပြီးလျှင်လည်း ရွှေ၊ ငွေ၊ ကျောက် စသည်တို့ဖြင့် ပြုလုပ်ထားသော နားကပ်များကို၊ တတ်နိုင်သလောက် ၀တ်ဆင်ပေးကြသည်။ ပအိုဝ်း တိုင်းရင်းသား တို့သည် သမီးမွေးသည်ထက် သားမွေးသည်ကို ပို၍လိုလား တောင့်တကြလေသည်။ သားယောက်ျားကို လိုလားကြခြင်းမှာ သားမွေးခြင်းဖြင့် သားကိုရှင်ပြု ရဟန်းခံနိုင်ခြင်း၊ သားသည် သမီးလောက် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်မကြီးခြင်း စသည်တို့ကြောင့် ဖြစ်သည်။ အထူးသဖြင့် ဖခင်က သားယောက်ျား ပို၍လိုချင်ကြသည်။ ဖခင်က သားယောက်ျားကို လိုချင်ခြင်းမှာ သားကြီးလာလျှင် ဖခင်လုပ်ငန်းကို ကူညီနိုင်သည့်ပြင် အခြားလုပ်ငန်းများတွင်လည်း သားသည် သမီးထက် အစစအရာရာ စိတ်ချရသောကြောင့် ဖြစ်သည်။

ရှေးက သားဦးယောက်ျားမွေးလျှင် ဘယ်ဘက်နားကို အမြဲဖောက်ပေးလေ့ ရှိပေသည်။ ကျန်သားများကိုလည်း ဖောက်လိုလျှင် ဖောက်လေ့ရှိကြ၏။ သားကို နားဖောက်ပေးခြင်းဖြင့် လိမ္မာသည်ဟု လည်းကောင်း၊ ပြောဆိုဆုံးမရ လွယ်သည်ဟု လည်းကောင်း၊ မိဘများ လာဘ်ရွှင်သည် စီးပွားတိုးတက်သည်ဟု လည်းကောင်း ယူဆယုံကြည်ကြသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် သားသမီးများကို နားဖောက်ရာတွင် မွေးဖွားပြီး လပိုင်းအတွင်းနှင့် အများဆုံး လေးလအတွင်းတွင် ဖောက်လေ့ရှိကြသည်။ အထူးသဖြင့် ဆောင်းရာသီနှင့် ရာသီဥတု အေးသည့်အချိန်တွင် နေ့ကောင်း ရက်သာရွေး၍ ဖောက်လေ့ရှိသည်။ အေးသည့်အချိန်တွင် ဖောက်ခြင်းဖြင့် သွေးအထွက်နည်းစေပြီး နားလည်း အနာမဖြစ်ပေ။ နားဖောက်ပုံမှာ အမျိုးသမီး တစ်ဦးဦးက နားဖောက်မည့်ကလေး၏ နားကို နနွင်းမှုန့်နှင့် အုန်းဆီရော၍ နွေးပူသည်အထိ ပွတ်လိမ်းရ၏။ ထိုနောက် အပ်ချည်နက် ထိုးထားသည့် ချုပ်အပ်ဖြင့် ထိုးဖောက်ပြီး နားပေါက်အတွင် ချည်စကို ချန်ထားရ၏။ နားဖောက်ပြီးသည့်အပ်ကို ငှက်ပျောပင်တွင် ထိုးစိုက်ထားရသည်။ ဤသို့ ပြုခြင်းဖြင့် ကလေးနားအေးပြီး အနာဖြစ်ခြင်း ကင်းစေသည်ဟု ယူဆယုံကြည်ကြသည်။ နားဖောက်ပြီးလျှင် ရွှေနားကွင်းကို ၀တ်ဆင်ပေးကြသည်။

ကလေးမွေးပြီး ခုနစ်ရက်မြောက်နေ့တွင် ကလေးအတွက် ဧည့်ခံပွဲပြုလုပ်လေ့ရှိသည်။ ထိုနေ့တွင် ရွာရှိအမျိုးသမီးအချို့ကို ဖိတ်ခေါ်ပြီး “ ခေါက်တက် ”  ခေါ် ဒေသထွက်ပေါက်ချိုးမုန့်နှင့် ရေနွေးကြမ်းတို့ဖြင့် ဧည့်ခံကျွေးလေသည်။ ထိုဧည်ခံပွဲသို့ အမျိုးသားများ လာလေ့မရှိပေ။ ဤပွဲကို “ မျက်နှာသစ်ပွဲ ” သို့မဟုတ် “ ကလေးလက်ဖွဲ့ပွဲ ” ဟု ခေါ်သည်။

ပွဲနေ့တွင် ဧည့်ခန်း၌ ရေအပြည့်ထည့်ထားသော အိုးတစ်လုံးကိုထားပြီး ထိုရေအိုးထဲတွင် ဆီးဖြူကိုင်းအချို့ကို ထိုးထည့်ထားသည်။ ကလေးဖွားသည့် လက်သည်၏လက်ကို ကင်ပွန်းသီးရည်ဖြင့် ဆေးကြောပေးပြီး၊ ဆီးဖြူကိုင်းထည့်ထားသော ရေအိုးမှရေဖြင့် မျက်နှာသစ်ရ၏။ အိမ်ပေါ်ရှိ အိမ်သူအိမ်သား များနှင့် ဧည့်သည်များပါ ဤအတိုင်းပြုလုပ်လေ့ရှိသည်။ ရေးအိုးဘေး၌ချထားသည့် ခွက်တွင် လက်ဖွဲ့သည့်အနေဖြင့် ငွေအကြွေများကို ထည့်ကြသည်။ ကလေးအတွက်လည်း ဆုမွန်ကောင်း တောင်းပေးကြပြီး၊ ကလေးအတွက် သင့်တော်မည့် အမည်ကိုလည်း ရွေးပေးလေ့ ရှိကြသည်။ ဧည့်သည်များ ကလည်း ကလေး၏လက်တွင် “ ခင်းစူ ” ခေါ် ချည်ခင်ဖြင့် လက်ကို ရစ်ပတ်ပေးကြသည်။ ကျန်းမာချမ်းသာစေရန်လည်း ဆုတောင်းပေးကြသည်။ ကလေးကို နာမည်မှည့်ပေးရာတွင် မိဘဘိုးဘွားက လည်းကောင်း၊ ဗေဒင်နားလည်သူက လည်းကောင်း၊ ရံဖန်ရံခါ ဘုန်းတော်ကြီးက လည်းကောင်း ရွေးပေးလေ့ ရှိသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် သားအပေါ်တွင်ရော၊ သမီးအပေါ်တွင်ပါ တူညီသော မေတ္တာ စေတနာ ထားကြသည်။ သားသမီး များကို အမွေစားအမွေခံ အဖြစ်မှ စွန့်လွှတ်ခြင်း မရှိပေ။

ကလေးချက်ကြိုးကို ၀ါးဖြင့်သာလှီးဖြတ်ကြ၏။ ဓား၊ ကတ်ကြေးတို့ကို မသုံးကြခြင်းမှာ သံဆိပ်တက်သည်ဟု အယူရှိခြင်းကြောင့်ပင် ဖြစ်သည်။ ထို့ပြင် ကလေးချက်ကြိုး ဖြတ်ပြီးပါက ၀ါးကို အလွယ်တကူ လွှင့်ပစ်နိုင်ခြင်းတို့ကြောင့် ၀ါးခြမ်းကိုသာ သုံးကြလေသည်။ သားဖွားရာတွင်လည်း သားဖွား ဆရာမများ မရှိသဖြင့် “ မော်မူ ” ခေါ် အရပ်လက်သည်ဖြင့်သာ သားဖွားကြရ၏။

သားဖွားပြီးလျှင် တစ်ကိုယ်လုံးကို နနွင်းလူးကာ မီးလှုံလေ့ရှိ၏။ နနွင်းလူးခြင်းအားဖြင့် အသားအရေ ပိုမိုကောင်းမွန်စေသည်ဟု အယူရှိကြသည်။ အမျိုးသမီးသည် သားဖွားပြီး ခုနစ်ရက်အတွင်းတွင် အခန်းပြင်သို့ ထွက်လေ့မရှိပေ။ ထိတ်လန့်ဖွယ်ရာကို တွေ့မည်စိုးသဖြင့် သွေးနုချိန်တွင် အခန်းပြင်သို့ ထွက်ခွင့်မပေးခြင်းပင် ဖြစ်သည်။ သားဖွားပြီးပါက မီးဖိုခန်းကို ပြာမှအစ ပြောင်အောင် ရေနှင့် ဆေးကြောကြသည်။

0 comments:

Post a Comment