မင်္ဂလာအခမ်းအနား

စေ့စပ်ကြောင်းလမ်းခြင်း ပြီးသောအခါ သတို့သားနှင့် လူကြီးတို့သည် “ ခိုဗန်တန် ” ကာလသား ခေါင်းဆောင်ထံသွား၍ မင်္ဂလာ အခမ်းအနား ပြုလုပ်ခွင့် တောင်းခံရသည်။ “ ခိုဗန်တန် ” ၏ ခွင့်ပြုချက်ရမှသာ ရွာအတွင်းရှိ ကာလသား လူငယ်များသည် မင်္ဂလာ အခမ်းအနားကို လာရောက်ကူညီမည် ဖြစ်၏။ “ ခိုဗန်တန် ” ၏ ခွင့်ပြုချက် ရရန်အတွက် သူတောင်းဆိုသမျှ လိုက်လျောရသည်။ အချို့က ရပ်ရွာအတွက် အများသုံး ပစ္စည်းဝယ်ရန် ရန်ပုံငွေ တောင်းကြ၏။ အချို့က အရက်၊ ၀က်သား စသည်တို့ကို တောင်းတတ်ကြသည်။

ကာလသားခေါင်းဆောင်၏ ခွင့်ပြုချက် ရပြီးသောအခါ သတို့သမီးအိမ်သို့ သွားရောက် အကြောင်းကြား ရပြန်၏။ သတို့သမီးဘက်က ရေနွေးကြမ်း၊ လက်ဖက်သုပ်၊ ကွမ်း၊ ဆေးလိပ် စသည်တို့ဖြင့် ဧည့်ခံလေသည်။ ဤသို့ပြုပြီးသောအခါ မင်္ဂလာရက်ကို ရွေးချယ်သတ်မှတ်ကြသည်။

သတ်မှတ်ထားသော ရက်သို့ရောက်လျှင် မင်္ဂလာအခမ်းအနားကို တိတ်ဆိတ်စွာ ပြုလုပ်ကြ၏။ ငွေကြေးမတတ်နိုင်သူတို့ကမူ လူကြီးမိဘအချို့ကို ထမင်း ကျွေးခြင်း၊ ကန်တော့ခြင်း ပြုကြသည်။ အချို့ဒေသများတွင် ခိုးပြေးသည့်အလေ့ကို ကျင့်သုံးသူ အနည်းငယ်ရှိ၏။ ထိုသို့ခိုးပြေးလျှင် အမျိုးသားသည် အမျိုးသားသည် ကာလသား ခေါင်းဆောင်ကိုလည်းကောင်း ကြိုတင်အကြောင်းကြားရသည်။ ဤသိုက ခိုးပြေးပြီးမှလည်း မင်္ဂလာပွဲ ပြုလုပ်ကြသည်။

မင်္ဂလာအခမ်းအနားကို သတို့သားအိမ်တွင် ဖြစ်စေ၊ သတို့သမီးအိမ်တွင် ဖြစ်စေ ပြုလုပ်နိုင်သည်။ အမျိုးသမီးသည် အမျိုးသားအိမ်သို့ လိုက်ပါသွားပါက မင်္ဂလာအခမ်းအနားကို အမျိုးသားအိမ်သို့ လိုက်သွားပါက မင်္ဂလာအခမ်းအနားကို အမျိုးသမီးအိမ်တွင် ကျင်းပကြ၏။ မင်္ဂလာအခမ်းအနားကို မနက်စောစော အချိန်၌သာ ပြုလုပ်တတ်ကြပေသည်။ မင်္ဂလာ အခမ်းအနားတွင် ၀တ်ဆင်ရန် သီးသန့်ဝတ်စုံမရှိပေ။ သစ်လွင်သော မိမိတို့ တိုင်းရင်းသား ၀တ်စုံကိုသာ ၀တ်ဆင်ကြသည်။

မင်္ဂလာပွဲတွင် ကန်တော့ပွဲ သုံးပွဲကို ပြင်ထားရ၏။ ၄င်းတို့မှာ ---
(၁) သက်ဆိုင်ရာ နှစ်ဘက်မိဘများကို ကန်တော့ရန်တစ်ပွဲ၊
(၂) “ ခိုဗန်တန် ” ခေါ် ကာလသား ခေါင်းဆောင်ကို ကန်တော့ရန် တစ်ပွဲ၊
(၃) မင်္ဂလာပွဲသို့ ကြွရောက်လာကြသည့် ဧည့်ပရိသတ်များကို ကန်တော့ရန်တစ်ပွဲ စသည်တို့ ဖြစ်ကြသည်။ အမျိုးသားအတွက် ကန်တော့ပွဲကို အမျိုးသမီး အိမ်တွင်ထား၏။

ကန်တော့ပွဲများကို ရွာအတွင်းရှိ အသက်အကြီးဆုံး ငယ်လင် ငယ်မယားတို့က ပြင်ပေးရသည်။ မင်္ဂလာအိပ်ခန်း ပြင်ဆင်ခြင်း၊ ငွေဖလားအတွင်း ရွှေရည် ငွေရည် စိမ်ခြင်း စသည်တို့ကိုလည်း ပြုလုပ်ပေးရ၏။ ရွာခံရွာသူ ရွာသားများ၊ အနီးအနား ပတ်ဝန်းကျင်ရှိ ရွာသူရွာသားများသည် ထမင်းဟင်း ချက်ပြုတ်ရာတွင် ပါဝင်ကူညီကြသည်။

မင်္ဂလာပွဲတွင် ပါဝင်သော ပစ္စည်းတစ်မျိုးစီကို “ စုံ ” အရေအတွက်ဖြင့်သာ ထည့်သွင်းရသည်။ မင်္ဂလာပွဲ တစ်ခုလုံးအတွက် “ စုံ ” အဖြစ် သတ်မှတ်ကြခြင်းသည် သတို့သား သတို့သမီး နှစ်ဦးအတွက် ရာသက်ပန် အိမ်ထောင်တည်မြဲ တည်တံ့စေခြင်းငှာ ရည်ရွယ်၍ မင်္ဂလာယူခြင်းပင် ဖြစ်လေသည်။ အများအားဖြင့် မင်္ဂလာ ကန်တော့ပွဲ တစ်ပွဲတွင် ---
(၁) ငါးချဉ်ထုပ် နှစ် ထုပ်
(၂) လုံးရေစုံလင်သော ငှက်ပျော နှစ် ဖီး
(၃) လက်ဖက်အစို (၀ါ) အခြောက် နှစ် ထုပ်
(၄) ဆေး (ကွမ်းစားဆေး) နှစ်ထုပ် ပါဝင်ကြသည်။

ဤလေးမျိုးအပြင် ကွမ်းသီး၊ ကွမ်းရွက် တို့ကိုလည်း ထည့်နိုင်သေးသည်။ ပရိသတ်ကို ရည်စူး၍ ပြင်ထားသည့် ကန်တော့ပွဲတွင် ဆေးလိပ်၊ မီးခြစ်၊ သကြား၊ ကြံသကာ၊ နို့ဆီ၊ မုန့် စသည်တို့ကိုလည်း ထည့်သွင်းနိုင်သည်။ ဆေးလိပ်ထည့်ရာတွင် ဇနီးမောင်နှံ ရာသက်ပန် အေးချမ်းသာယာစေရန် ရည်စူး၍ ဆေးလိပ်ထိပ်ကို ဖွင့်ကာ လေသလပ် ထားတတ်ကြသည်။

အပျိုလူပျိုတို့ လက်ထပ်ပွဲမျိုး မဟုတ်သော မုဆိုးဖို၊ အိမ်ထောင်ပျက် စသည်တို့၏ လက်ထပ်ပွဲတွင် ငါးချဉ်ထုပ် မထည့်ဘဲ ဖြစ်စေ၊ အထက်ပါ ပစ္စည်း လေးမျိုးအနက်မှ တစ်မျိုးမျိုးကို နုတ်လျက်ဖြစ်စေ ပြင်ဆင်ရလေသည်။ မင်္ဂလာစရိတ်ကို သတို့သားဘက်မှ အများဆုံး အကုန်အကျခံလေ့ ရှိသည်။ အများအားဖြင့် သတို့သားကချည်း တာဝန်ယူလေသည်။

မင်္ဂလာပွဲ စသည့်နေ့တွင် သတို့သားနှင့် သတို့သမီး အရံ ရွာလူကြီး နှစ်ယောက်တို့သည် အရုဏ်တက်သည်နှင့် “ ခိုဗန်တန် ” ခေါ် ကာလသား ခေါင်းဆောင်ထံသို့ သွားကြ၏။ ခိုဗန်တန်သည် ကာလသားအရံ သယ်ဆောင်လာသော ကန်တော့ပွဲမှ လက်ဖက်ထုပ်၊ ငါးချဉ်ထုပ် တို့ကို ဖြေပေးလိုက်လျှင် အခမ်းအနား ကျင်းပခွင့်ပြုသည် မည်၏။ ရွာရှိကာလသား လူငယ်များကိုပါ ဖိတ်ပေးမည့်သဘောလည်း ပါဝင်ပေသည်။

မင်္ဂလာပွဲကို “ ခိုဗန်တန် ” ခေါ် ကာလသားခေါင်းဆောင် ရောက်လာမှစရ၏။ ကာလသားခေါင်းဆောင် မရောက်မချင်း မစရပေ။ မင်္ဂလာစလျှင် ကန်တော့ပွဲထဲမှ ငှက်ပျောသီးကို အခွံနွှာရ၏။ ဆေး၊ ငါးချဉ်ထုပ်၊ လက်ဖက်ထုပ်များကိုလည်း ဖြေရ၏။ ဆေး၊ လက်ဖက်ထုပ်များကို ဖြေရာတွင် မင်္ဂလာပွဲသို့ လာရောက်သော မိဘစုံလင်သည့် သားသမီးအားလည်း ငွေတစ်ကျပ်၊ ငါးမတ် စသည်ဖြင့် ပေးလေ့ရှိ၏။ ရွာစောင့်နတ်ကိုလည်း ပသရ၏။ ရွာစောင့်နတ် ပသသူအားလည်း ငွေတစ်ကျပ်၊ ငါးမတ် စသည်ဖြင့် ပေးကမ်းလေ့ရှိ၏။

မင်္ဂလာပွဲမှ ငါးချဉ်ထုပ်၊ လက်ဖက်ထုပ် တို့ကို ဖြေပြီးသောအခါတွင် အခွံနွှာပြီးသား ငှက်ပျောသီး တစ်လုံး၊ ငါးချဉ်၊ လက်ဖက်အချိုတို့ဖြင့် တစ်ဦး တစ်ယောက်အား အိမ်စောင့်နတ်ကို ပသစေ၏။ အိမ်စောင့်နတ်ကို ပသသူသည် သတို့သား သတို့သမီး နှစ်ဦးသည် အကြင်လင်မယား အဖြစ်သို့ ရောက်ကြောင်း သိစေအပ်ပါသည်ဟု ပသတိုင်တန်းလေသည်။

သတို့သားနှင့် သတို့သမီးကို မိဘစုံလင်သူများက လက်ထပ်ပေးရ၏။ အချို့ အရပ်ဒေသတို့တွင် စကားအရာ၌ လိမ္မာကျွမ်းကျင်သော စာဟောဆရာ “ မော် ” (၀ါ) ရပ်ရွာက လေးစားခြင်းခံရသော လူကြီးလူကောင်း တစ်ဦးဦးက မင်္ဂလာသြဘာစာ ရွတ်ဖတ်ပြီး အကြင်ဇနီးမောင်နှံ အဖြစ်သို့ရောက်ကြောင်း ဘိသိက်သွန်းခြင်း ပြုပေးလေသည်။ သတို့သားနှင့် သတို့သမီးတို့သည်လည်း တစ်ဦးနှင့်တစ်ဦး ခိုင်ခိုင်မြဲမြဲ သစ္စာရှိရှိ ပေါင်းသင်းပါမည်ဟု မင်္ဂလာ မဏ္ဌပ်အတွင်း ပရိသတ်စုံရာရှေ့တွင် အပြန်အလှန် ထမင်းခွံ့ကြရသည်။

ထို့နောက်ကြွရောက်လာကြသော ဧည့်ပရိသတ်များက လက်ဖွဲ့ချည်မျှင်စွပ်ကြသည်။ ပရိသတ်များ လက်ဖွဲ့ချည်မျှင် စွပ်ခြင်းမပြုမီ သတို့သားနှင့် သတို့သမီးတို့အား လက်ဖွဲ့ချည်မျှင်ကို စွပ်ပေးပြီး ဆုတောင်းကြသည်။ လက်ဖွဲ့ချည်မျှင် စွပ်ရာတွင် သတို့သား၏ ဘယ်ဘက်လက်ကို အရင်စွပ်ပေးပြီးမှသာ သတို့သမီး၏ လက်နှစ်ဘက်လုံးကို စွပ်ပေးရသည်။ ယင်းကို ပအိုဝ်း ဘာသာအရ “ လခွင် ” ဟုခေါ်၏။

မင်္ဂလာပွဲတွင် ငွေဖလားနှစ်လုံးထားရှိရာ ထိုငွေဖလားနှစ်လုံးထဲမှ တစ်လုံးတွင် ရေထည့်ထား၏။ ရေထည့်ထားသော ငွေဖလားထဲတွင် သတို့သား၊ သတို့သမီး၏ မိဘတစ်ဦးဦးက ရွှေငွေကိုထည့်၏။ ထိုနောက် ရေကို သတို့သား၊ သတို့သမီး တို့အား သောက်စေသည်။ ဤသို့ ပြုခြင်းကို ရွှေရည် ငွေရည် သောက်သည်ဟု ခေါ်၏။

ထိုနောက် သိက္ခာသမာဓိ ရှိသော လူကြီးတစ်ဦးဦးက အကြင်လင်မယားအဖြစ် အထမြောက်ကြောင်း ကြေညာသည်နှင့် မင်္ဂလာပွဲသို့ လာရောက်ကြသော  ဧည့်ပရိသတ်များက လက်ဖွဲ့ချည်မျှင်များ စွပ်ပေးကြ၏။ ရာသက်ပန် ရိုးမြေကျ ပေါင်းကြရပါစေဟုလည်း ဆုတောင်းကြလေသည်။

လက်ဖွဲ့ချည်မျှင်စွပ်ပြီးလျှင် သတို့သား သတို့သမီး ရှေ့ရှိ ငွေဖလားထဲတွင် ငွေထည့်ကြသည်။ ငွေထည့်ထားသော ငွေဖလားထဲတွင် အကြွေကိုထည့်ပြီး၊ အခြားဖလား တစ်လုံးထဲ ငွေစက္ကူကို ထည့်သည်။ ငွေလက်ဖွဲ့ရာတွင် အချို့က တစ်ကျပ်မှ နှစ်ဆယ်၊ သုံးဆယ်၊ တစ်ရာအထိ ထည့်တတ်ကြသည်။ လက်ဖွဲ့၍ ရသမျှငွေများကို သတို့သမီးက ရလေသည်။

ဤအမှုများ ပြုပြီးသောအခါ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား ငါးချဉ်၊ လက်ဖက် တို့ဖြင့် ဧည့်ခံကျွေးမွေးလေသည်။ ထို့ကြောင့် ပအိုဝ်း တိုင်းရင်းသားတို့၏ လက်ထပ်ပွဲကို “ ငါးချဉ်စားပွဲ ” ဟု လည်းကောင်း၊ “ လက်ဖက်စားပွဲ ” ဟု လည်းကောင်း ခေါ်ကြသည်။ ပအိုဝ်းတို့၏ ဓလေ့ထုံးစံအရ ငါးချဉ်သည် ပအိုဝ်းတို့၏ မင်္ဂလာပွဲတွင် မပါလျှင် မပြီးသော ဧည့်ခံပစ္စည်း ဖြစ်၏။ အချို့က ထမင်းကျွေးကြ၏။ ထမင်း မကျွေးပါက မုန့်၊ ငှက်ပျောသီး၊ ငါးချဉ်ထုပ်များကို ပေးကမ်းကြသည်။

ပအိုဝ်း တိုင်းရင်းသားတို့၏ လက်ထပ်ခြင်းဆိုင်ရာ လူမှုရေးတွင် ခဲဖိုးတောင်းသည့် ဓလေ့ရှိ၏။ သတို့သား၊ သတို့သမီး သွားမည့် လမ်းတစ်လျှောက်တွင် ကလေးမှအစ အဖိုးအကြီးဆုံး ရွှေကြိုးဖြင့် တားကြသည်။ ထို့နောက် တစ်စုံတစ်ခုသော ပစ္စည်းကို တောင်းကြသည်။ ခဲဖိုးရမှ လမ်းဖယ်ပေးပြီး ဖြတ်သန်းခွင့် ပြုလေသည်။

သတို့သား၊ သတို့သမီး ပြန်ရာ လမ်းတစ်လျှောက်တွင် လူသာမက တုတ်ဖြစ်စေ၊ ကြိုးဖြစ်စေ အတားအဆီးသဖွယ် ရှိနေပါက ယင်းတားဆီးမှုကို တွေ့ရာနေရာတွင် ပစ္စည်းတစ်ခုခု ထားရစ်ပြီးမှသာ ကျော်၍သွားကြလေသည်။ ထို့ကြောင့်လည်း တောင်းသည့် ခဲဖိုးကို ပေးကြရ၏။ ခဲဖိုးမပေးဘဲ အတားအဆီး တွေ့လျှင် ပစ္စည်းတစ်ခုခု မထားရစ်ဘဲ ကျော်သွားပါက သားသမီး မွေးဖွားရာတွင် အခက်အခဲ တွေ့တတ်သည်ဟု ယူဆကြလေသည်။

အိမ်ထောင်သစ် ဖြစ်သော နှစ်ရက်သုံးရက် အတွင်းတွင် သတို့သား၊ သတို့သမီး တို့သည် သက်ဆိုင်ရာ ဆွေမျိုးမိဘများကို ကန်တော့ကြရ၏။ သူတို့နှစ်ဦး တိုင်ပင်ညှိနှိုင်း၍ တတ်နိုင်သမျှ ကန်တော့ကြလေသည်။ ကန်တော့ပြီးသောအခါတွင် ကန်တော့ခံရသူက လက်ဖွဲ့ပြန်၏။ ဤအကြိမ် လက်ဖွဲ့ရာတွင် မင်္ဂလာဆောင်စဉ်က လက်ဖွဲ့သည်ထက် ပို၍ လက်ဖွဲ့ကြလေသည်။

ပအိုဝ်း တိုင်းရင်းသား တို့သည် လက်ထပ်ပြီးသည်နှင့် အိမ်ခွဲနေလေ့ ရှိကြသည်။ လက်ထပ်ပြီးစတွင်မူ တစ်ဘက်ဘက်သော မိဘအိမ်တွင် နေ၏။ အိမ်ထောင် တစ်ခုအတွက် အရေးကြီးသော ပစ္စည်းများဖြစ်သည့် ခြံ၊ ယာ၊ နွား၊ မျိုးစပါး စသည်တို့ကို စုမိသော အခါမှသာ အိုးသစ် အိမ်သစ် တည်ထောင်ကြလေသည်။

ဤကား ပအိုဝ်း တိုင်းရင်းသားတို့၏ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာနိဂုံးဖြစ်၏။ သို့သော် ဘ၀နိဒါန်းမျှသာ ဖြစ်သည်။

0 comments:

Post a Comment