စေ့စပ်ခြင်း

ပအိုဝ်း တိုင်းရင်းသား အမျိုးသား အမျိုးသမီးတို့သည် နှစ်ဦး ချစ်ကျွမ်းဝင် လာကြပြီးသောအခါ ခိုးရာလိုက်ပြေးခြင်း မရှိသလောက်ပင် ဖြစ်သည်။ သို့သော် အချို့ အရပ်ဒေသများတွင် အနည်းငယ် ကျင့်သုံးမှုရှိ၏။ နှစ်ဦးမေတ္တာ ဂဟေဆက်ကြပြီးသောအခါ လုလင်ပျိုသည် အမျိုးသမီးအား လည်းကောင်း၏ မိဘ သဘောတူ မတူကို အမေးခိုင်း၏။ ထိုအခါ အမျိုးသမီးသည် မိခင်အား ပထမဆုံး အသိပေးလေသည်။ မိခင်သည် လင်ယောက်ျားအား အသိပေးပြန်၏။ လုလင်ပျိုသည် အမျိုးသမီး၏ မိဘနှစ်ပါးစလုံး သဘောတူကြောင်း သိပြီးသောအခါ လုလင်ပျိုသည် အမျိုးသမီးရွာမှ လူကြီးတစ်ဦးဦးနှင့် စေ့စပ်ကြောင်းလမ်းနိုင်လေသည်။

ချစ်သူဘ၀သို့ ရောက်ရှိကြပြီး အိမ်ထောင်ပြုရန် အခြေအနေများလည်း ပြည့်စုံပါက စေ့စပ်ကြောင်းလမ်းခြင်း စတင်နိုင်လေသည်။ စေ့စပ်ကြောင်းလမ်းရာတွင် အရေးပါသူများမှာ သတို့သားနှင့် သတို့သမီးဘက်မှ လူကြီးမိဘ နှစ်ဦးမှ လေးဦး၊ သတို့သားနှင့် သတို့သမီး၏ မိဘနှစ်ပါး၊ “ ခိုဗန်တန် ” ခေါ် ကာလသား ခေါင်းဆောင်တို့ ဖြစ်ကြသည်။

ထိုပုဂ္ဂိုလ်များ၏ မျက်နှာစုံရာရှေ့တွင် လူငယ်နှစ်ဦးကို တောင်းရမ်းခြင်း၊ လက်ခံခြင်းဖြင့် စေ့စပ်ကြောင်းလမ်းမှုကို ပြုလေသည်။ ထိမ်းမြားမင်္ဂလာပြုရန် ရက်ကောင်းရက်မြတ်ကိုလည်း ဤသူများကပင် ရွေးချယ်ပေးကြရလေသည်။ “ ခိုဗန်တန် ” ခေါ် ကာလသား ခေါင်းဆောင်မှာ စေ့စပ်ကြောင်းလမ်းခြင်း၏ အသိသက်သေဖြစ်၏။

မိဘသဘောတူ၍ စေ့စပ်ကြောင်းလမ်း ကြသည်ထက် ကိုယ့်စိတ်ကြိုက်ရွေးပြီး လူကြီးမိဘများအား အသိပေးကာ စေ့စပ်ခြင်းသည် နှစ်သက်ဖွယ်ရာ တိုးတက်သော အတွေးအခေါ်ပင်ဖြစ်၏။

စေ့စပ်ကြောင်းလမ်းခြင်း သွားရာတွင် ည ၇ နာရီမှ ၈ နာရီ အချိန်အတွင်း သမီးရှင် မိဘများထံသို့ သွားကြ၏။ အိမ်အလည်လာသလိုလိုနှင့် စေ့စပ်ကြောင်းလမ်းမှုကို ပြုရလေသည်။ ညအချိန်ကို ရွေးချယ်ခြင်းမှာ စေ့စပ်ကြောင်းလမ်းမှု မအောင်မြင်လျှင် လူမသိစေရန်ပင် ဖြစ်၏။

ပင်လုံမြို့အနောက်ဘက် ကျန်းစန်းတောင်ဒေသရှိ ပအိုဝ်း တိုင်းရင်းသားတို့သည် စေ့စပ်ကြောင်းလမ်းပွဲ ပြုလုပ်လျှင် နှစ်ဘက်မိဘများက လက်ဖက်ထုပ် ကိုယ်စီကိုင်၍ ရွာလူကြီးအား ကျွေးမွေးရသည်။

စေ့စပ်ကြောင်းလမ်းခြင်း ပြီးလျှင် မင်္ဂလာရက်ကို ရွေးချယ်ကြ၏။ မင်္ဂလာရက်ကို ရွေးချယ်ရာတွင် လပြည့်နေ့၊ ပြဿဒါး၊ ၀ါတွင်းသုံးလနှင့် သင်္ကြကာလကို ရှောင်ကြဉ်ကြသည်။

စေ့စပ်ကြောင်းလမ်းခြင်း ပြီးသည့်နောက် မင်္ဂလာပွဲ ပြုတော့မည်ဟု ဆိုပါက ဈေးထဲတွင် ငါးချဉ်း၊ ငါးခြောက်၊ ဆေး၊ ကွမ်း၊ လက်ဖက်၊ ငှက်ပျော၊ ကြံသကာ စသည့် ပစ္စည်းများကို ၀ယ်ခြမ်းရလေသည်။ မင်္ဂလာပွဲတွင် ငါးချဉ်၊ ဆေး၊ ငှက်ပျောသည် အဓိကပစ္စည်းများ ဖြစ်၏။ ကျန်ပစ္စည်းများကို သဘောကျ ၀ယ်နိုင်သည်။

ဝယ်လာသော ငါးချဉ်ထုပ် အိမ်ရောက်လျှင် မိဘစုံလင်သော ကာလသားတစ်ဦးဦးက အထုပ်ဖြေပေးရ၏။ ထိုနောက်သတို့သားနှင့် သတို့သမီးတို့ ကန်တော့သွားကြမည့် အိမ်အလိုက် အခြားကာလသားများက ၀ိုင်းဝန်း၍ အထုပ်ငယ်များ ထုပ်ပေးကြသည်။ ထိုသို့ထုပ်ရာတွင် ဖက်နှစ်ရွက်ဖြင့် ထုပ်ရ၏။ နှီးကိုလည်း နှစ်ပင်ချည်နှောင်ရ၏။ အခြားရွာမှ လာရောက်ကူညီကြပါက ခဲဖိုးအဖြစ် ထိုရွာမှ ကာလသား ခေါင်းဆောင်အား ငွေတတ်နိုင်သမျှ ပေးတတ်ကြသည်။

0 comments:

Post a Comment