ဒုံးအစ

တောင်ဘက် တရုတ်နယ်ခြားအလွန် လင်းဇင်းမြစ်ဝှမ်းတစ်လျှောက် ဒေသသည် လူး လူမျိုးတို့အရပ် တစ်ဆယ့်ပနား ပင်ဖြစ်၏။ လူးတစ်ဆယ့်ပနား ဆိုသည်မှာ လူးတို့ဒေသခရိုင် တစ်ဆယ့်နှစ်ခရိုင်ကို ဆိုလိုပါသည်။ လူးတစ်ဆယ့်ပနားသည် စတုရန်းကီလိုမီတာ ၂၅၀၀၀ ကျယ်ပြီး လူဦးရေ ၆၂၀၀၀၀ ရှိသည့်အနက် ၃၀ ရာခိုင်နှုန်းမှာ “ တိုင် ” လူမျိုးများ ဖြစ်ကြသည်။ ထိုဒေသတွင် နေထိုင်ကြသော တိုင်လူမျိုးတို့သည် မိစ္ဆာကောင်ကို အောင်ပွဲခံသည့် အနေဖြင့် နှစ်စဉ်ရေပက် ကစားကြသည်။ ပထမနေ့တွင် လှေပြိုင်ပွဲ၊ ဒုံးလွှတ်ပွဲကို ကျင်းပကြ၏။ တိုင်တို့ ဒုံးလွှတ်ပွဲကို နံနက်အချိန်တွင် ကျင်းပကြ၏။ တိုင်တို့ ဒုံးလွှတ်ပွဲ ကျင်းပရာတွင် အမြင့်ဆုံးနှင့် အဝေးဆုံး ပစ်လွှတ်သည့်ဒုံးကို အဓိကထားလေသည်။ ယခုအချိန်ထိ ဒုံးကို အမြင့်ဆုံးပစ်လွှတ်နိုင်သူ အနည်းငယ်သာ ရှိသေးသည်ဟု မှတ်သားရပေသည်။ ထို့ကြောင့် တရုတ်နယ်ခြားအလွန် လင်းဇင်းမြစ်ဝှမ်း တစ်လျှောက်တွင် နေထိုင်ကြသည့် တိုင်လူမျိုးတို့သည် ဒုံးလွှတ်ပွဲကို နှစ်စဉ် ကျင်းပကြကြောင်း သိရလေသည်။

ရှမ်းပြည်နယ်တွင် ဒုံးလွှတ်သည့်ဓလေ့ကို မည်သည့်ခုနှစ် သက္ကရာဇ်က စတင်ခဲ့သည်ဟု မှတ်တမ်းများ မတွေ့ရှိရပေ။ ယမ်းစိမ်းကို အသုံးပြုတတ်လာသည့် အချိန်လောက်က စတင်ခဲ့သည်ဟု ခန့်မှန်းရပေသည်။ သက်ကြီးရွယ်အိုများမှ တစ်ဆင့် မှတ်သားရသည်မှာ ဒုံးလွှတ်သည့် ဓလေ့ စတင်ခဲ့သော အချိန်သည် နှစ်ပေါင်း ၃၀၀ ခန့် ကြာခဲ့ပြီဟုဆို၏။ ဒုံးလွှတ်သည့်ဓလေ့ စတင်ခဲ့စဉ်က အဝေးသွားအောင် မပြုလုပ်နိုင်ကြချေ။ ပအိုဝ်း တိုင်းရင်းသားတို့က အဝေးသွားအောင် ပြုလုပ်နိုင်ခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်၏။

ပဒေသရာဇ် အုပ်စိုးစဉ်က မိုင်းကိုင်စော်ဘွားသည် ယမ်းပိဿာချိန် ၆၀ ရှိသည့် ဒုံးကို ပြုလုပ်ပြီး တောင်ကြီးမြို့တွင် လာလွှတ်ရန် ပြင်ဆင်သည်ဟု ဆို၏။ တောင်ကြီးမြို့သို့ ရောက်သောအခါ တောင်ကြီးမြို့တွင် အုပ်ချုပ်နေသည့် အင်္ဂလိပ်မင်းကြီးက “ လွှတ်တာတော့ ဟုတ်ပြီ၊ ဘယ်မှာ လွှတ်မှာလဲ၊ လွှတ်ဖို့ နေရာရှိသလား ” ဟု မေးရာ မိုင်းကိုင်စော်ဘွားက မည်သည့်ဘက်ကို ဦးတည်လွှတ်ရမှန်းမသိ ဖြစ်နေ၏။ အရမ်းလွှတ်လျှင် ရွာရှိသည့်နေရာကို ကျပါက မီးဘေးကို စိုးရိမ်ရ၍ ယမ်းပိဿာချိန် (၆၀)ရှိသည့် ဒုံးကို မိုင်းကိုင်သို့ ပြန်ယူကာ ပြန်လွှတ်ရသည် ဟူ၏။

0 comments:

Post a Comment