ကထိန်ခင်းပွဲ

ကထိန်ခင်းပွဲကို ပအိုဝ်း တိုင်းရင်းသားတို့က “ ပွယ်ကထင် ” ဟုခေါ်၏။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် ပအိုဝ်း တိုင်းရင်းသားတို့သည် ကထိန်ခင်းပွဲ၊ တန်ဆောင်တိုင်ပွဲကို အထူးအထွေ မဆင်နွှဲကြသော်လည်း အောက်မြန်မာပြည် တောင်ငူခရိုင် ဇရပ်ကြီးကျေးရွာတွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့မူကား ပျော်ပျော်ပါးပါး၊ ခမ်းခမ်းနားနား ဆင်နွှဲကြသည်။ မြင့်မားပြီးလှပသော တန်ဆောင်းပြာသာဒ် သဏ္ဌာန် တည်ဆောက်ကာ၊ တန်ဆောင်တိုင် ပွဲတော်ကို ဆင်နွှဲကြသည်။ နတ်ရွာကျေးရွာသည် တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့တွင် ကျင်းပ၏။ ဇရပ်ကြီးကျေးရွာမူ၊ တန်ဆောင်မုန်း လပြည့်နေ့ရောက်မှသာ ကျင်းပလေသည်။

ဇရပ်ကြီး ကျေးရွာတွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိတို့သည် သထုံမှ ပြောင်းရွှေ့လာကြသူများဟု ယူဆထားသည်။ ထို့ကြောင့် မိမိတို့ရှိ အပိုင်းလေးပိုင်းကိုလည်း၊ သထုံတွင်ရှိသော ရွာအမည်များဖြင့် ကျုံပါပိုင်း၊ တံတားဦးပိုင်း၊ နောင်ကုလားပိုင်းနှင့် အောက်ကျင်းပိုင်း ဟူ၍ ခွဲခြား ထားသည်။ တန်ဆောင်တိုင်ပွဲ ကျင်းပရန် အချိန်နီးကပ်လာသည်နှင့် ကိုယ့်အပိုင်းနှင့်ကိုယ် ၀ါး၊ နှီးစသည့် တန်ဆောင်တိုင်လုပ်ရန် ပစ္စည်းကရိယာများကို စုဆောင်းထားရသည်။

အပိုင်းတစ်ပိုင်းတွင် “ ခိုဗန်တန် ” ခေါ် လူပျိုခေါင်းတစ်ဦးစီ ရှိ၏။ လူပျိုခေါင်းက ဦးစီး၍ သူ၏အိမ်တွင် တန်ဆောင်တိုက်ကို လုပ်ကိုင်ကြရသည်။ တန်ဆောင်တိုင်မှာ မီးပဒေသာပင် ဖြစ်၏။ ဇရပ်ကြီးကျေးရွာနေ ပအိုဝ်း တို့က “ တလှူမွူး ” ဟုခေါ်သည်။ တန်ဆောင်တိုင်ကို လုပ်ရန်အတွက် ၀ါးပိုးခပ်ကြီးကြီးကို ရှာရသည်။ သို့မှလည်း ဘုရားကို သယ်ဆောင်သွားကြရာ၌၊ တင်မရာ ကစားရာ၌ ကျိုးရန်မစိုးရိမ်ရတော့ပေ။

တန်ဆောင်တိုင်မလုပ်ခင် ပထမဦးစွာ မိမိတို့ လိုချင်သည့်ပုံကို အကြမ်းဖျင်း အရင်ရေးဆွဲရသည်။ ပုံကြမ်းရလျှင် လိုအပ်သော ၀ါးများကို ခွဲစိပ်ရ၏။ ဖြာရ၏၊ ပအိုဝ်းလူငယ် လူရွယ်များသည် အင်ဂျင်နီယာပညာ မတတ်မြောက်ကြသော်လည်း ဆန်းသစ်တီထွင်မှုကို ပြုကြသည်။

တန်ဆောင်တိုင်မှာ တစ်ပိုင်းနှင့်တစ်ပိုင်း ပုံသဏ္ဌာန်ချင်း မတူညီရပေ။ ဥပမာ - ကျုံပါပိုင်းက ခါးသေး၍ ရင်ချီသောပုံကို ပြုလုပ်လျှင် တံတားဦးပိုင်းက အထက်မှနေ၍ အောက်သို့အဆင့်ဆင့် ကြီးသွားသည့် ပုံမျိုးကို ပြုလုပ်ရသည်။ ပန်းချီမျက်စိဖြင့် ကြည့်လှစေရန်နှင့် သာမန်မျက်စေ့ဖြင့် ကြည့်လျှင်လည်း မရိုင်းစေရန်အတွက် စက္ကူကို ဆေးရောင်စုံခြယ်သကြ၏။

ထိုနောက် အတောင့်ဆုံး ၀ါးလုံးကိုစု၍ အလယ်အူတိုင်ကို ပြုလုပ်ရသည်။ အလယ်အူတိုင်ကို အပြင်မှနေ ကြည့်လျှင် မမြင်ရအောင် ရောင်စုံခြယ်ထားသော စက္ကူကတ်များကို လိုအပ်သည့်နေရာတွင် ချည်ရ၏။ ဆံဖွားများ၊ ကြာဖူးများ၊ ပန်းပွင့်များကို သူ့နေရာနှင့်သူ လိုအပ်သလို ထည့်ပေးရ၏။

တန်ဆောင်တိုင်ကို ဆင်သောအခါ ၀ါးလုံးရှည်အူတိုင်ကြီးကို လှဲ့ထားရသည်။ ဆင်ပြီးသောအခါ တန်ဆောင်တိုင်ကို ထူရန်အတွက် ကာလသား လူပျိုလူရွယ် ၂၀ မှ ၂၅ ယောက်အထိ အောက်ခြေတိုင်ပေါ်သို့ တက်ပေးရ၏။ ထိပ်ဖျားကိုလည်း ကြိုးနှင့်သိုင်းထားရသည်။ ထူရာတွင်လည်း လျင်မြန်စွာ ထူရသည်။ လျင်မြန်စွာ မထူနိုင်ပါက အောက်ခြေ ၀ါးစများသည် လူကိုပြန်ပိတတ်၏။ သို့သော်လည်း ဇရပ်ကြီးကျေးရွာတွင် တန်ဆောင်တိုင်ထူ၍ လူပိသည်ဟူ၍ မရှိသေးပေ။ တန်ဆောင်တိုင်ကို ထူပြီးသောအခါ မလဲအောင် အောက်ခြေကို ကြိုးများဖြင့် သိုင်းချီရ၏။ တန်ဆောင်တိုင်ကိုထူလျှင် ပအိုဝ်း အိုးစည်ဗုံမောင်းများဖြင့် တီး၍ ထူကြသည်။ အမျိုးသမီးများသည် အမျိုးသားများကို အားပေးသည့်အနေဖြင့် ကခုန်ကြသည်မှာ ပျော်စရာပင် ဖြစ်ပါသည်။

တန်ဆောင်တိုင်ကို ထူပြီးလျှင် ညသို့ရောက်သောအခါ တန်ဆောင်တိုင် ထိပ်ဖျားကို ကြိုးနှင့်ဆက်သွယ်ပြီး မီးပုံးများကို သွယ်တန်း ထွန်းညှိကြသည်။ အဝေးမှ လှမ်းမျှော်ကြည့်ပါက စေတီကို မီးပူဇော်ထားသည်ဟု ထင်မှတ်ရပါသည်။ တန်ဆောင်တိုင် မီးကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညတွင် ဘုရားကို ပူဇော်ကြသည်။

တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ (အဖိတ်နေ့) တွင်ပင် ကိုယ့်အပိုင်းနှင့်ကိုယ် သံဃာတော်များကို လှူဒါန်းရန်အတွက် ပဒေသာပင်ကို သီးကြသည်။ ပဒေသာပင်တွင် သီးကြသည့် လှူဖွယ်ဝတ္ထုများမှာ အများအားဖြင့် ထီး၊ ဖိနပ်၊ အိုး၊ ခွက် ရေပုံး စသည်တို့ဖြစ်ကြပါသည်။ ပဒေသာသီးများကို တန်ဆောင်တိုင်ပေါ်တွင် တက်ချိတ်ရ၏။ ချိတ်သည့်အခါတွင်လည်း လှုပ်သည့်အခါ မကျစေရန် မြဲမြဲချိတ်ထားရသည်။ တန်ဆောင်တိုင်သည် အမြင့်ပေ ၁၅၀ လောက်ရှိသဖြင့် မရန်လူ ၄၀ မှ ၅၀ ထိ လိုလေသည်။

ရွာနှင့်ဘုရားသည် သုံးဖာလုံ၊ လေးဖာလုံလောက်ဝေး၏။ တန်ဆောင်မုန်းလပြည့် ညနေပိုင်း ၂ နာရီ ထိုးသည်နှင့် ရွာမှဘုရားသို့သွား၇န် အဆင်သင့် ဖြစ်နေကြသည်။ အမျိုးသမီးများသည် ကိုယ့်အပိုင်းနှင့်ကိုယ် ဘုရားကိုပူဇော်ရန် ကြာသင်္ကန်း ပူဇော်ကြ၏။ အမျိုးသမီးများကလည်း ကိုယ့်အပိုင်းနှင့်ကိုယ် ဘုရားပူဇော်ရန်အတွက် ကြာသင်္ကန်းကို ရှေ့မှကိုင်ဆောင်သွားရ၏။ လူငယ်ပိုင်းတို့သည် တန်ဆောင်တိုင်ကို နောက်မှနေ၍ မချီကြရ၏။

လေးပိုင်းတွင်ရှိသော ကြာသင်္ကန်းအားလုံးကို ကန်တော့ပွဲနောက်မှ လိုက်သွားကြရ၏။ တန်ဆောင်တိုင်ကို လှည့်ရာတွင် ကြာသင်္ကန်းအားလုံးကို ကန်တော့ပွဲနောက်မှ လိုက်သွားကြရ၏။ တန်ဆောင်တိုင်ကို လှည့်ရာတွင် စည်ကားလှ၏။ အမြို့မြို့အနယ်နယ်မှ လာရောက်ကြည့်ရှု ကြသည်။ လူတွေများလွန်း၍ လမ်းပိတ်သွားတတ်၏။ လမ်းပိတ်သွားသောအခါ သွားလာရေးခက်ခဲသွား၏။ ထို့ကြောင့် လူအုပ်ကိုခွဲရန်အတွက် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ကျွဲရိုင်းဟု ဆိုကာ ကျွဲနှင့်တူအောင် နှစ်ကောင်သုံးကောင်ခန့် လုပ်ရ၏။ ကျွဲရိုင်းလူအုပ်ထဲ တိုးဝင်သောအခါမှသာ လူများလမ်းဖယ် ပေးကြ၏။ ထိုအခါမှ တန်ဆောင်တိုင်ကို သယ်ရန်လွယ်ကူလေသည်။ ကိုယ့်အပိုင်းနှင့်ကိုယ် အပြိုင်အဆိုင် ပြုလုပ်ကြ၏။

တန်ဆောင်တိုင်၏ နောက်တွင် အတီးအမှုတ်များပါသည်။ အများအားဖြင့် အိုးစည်ပင်ဖြစ်၏။ နောင်ကုလားပိုင်းမူကား ဗြောကိုတီးလေသည်။ တန်ဆောင်တိုင်ကို မ ရာတွင် လေးဘက်လေးတန် ညီညီ မ ရ၏။ ဤသို့မဟုတ်ပါက တန်ဆောင်တိုင်သည် တဖက်စောင်းနင်း ဖြစ်သွားတတ်၏။ ထို့ပြင် တန်ဆောင်တိုင်လုပ်စဉ်က အကယ်၍ အူတိုင်မခိုင်ပါက ကျိုးတတ်သည်။ ထို့ကြောင့် ညီညီညာညာ မ ကြစေရန် လူပျိုခေါင်းက ကြီးကြပ်ပေးရသည်။

တန်ဆောင်တိုင်ကို မ ကြရာတွင် တစ်ခါတည်း ဘုရားအရောက် မသယ်ကြပေ။ တန်ဆောင်တိုင်မှာ ကြီးလည်းကြီး လေးလည်းလေးသဖြင့် တစ်ရှိန်တည်း ဘုရားအရောက် မသယ်နိုင်ကြပေ။ တန်ဆောင်တိုင်ကို မ ရာတွင်လည်း ရိုးရိုး မ ကြသည်ထက် ပျော်ရွှင်စေရန်အတွက် လှည့်ပတ်ပြီး ဆောင့်၍ မ ကြသည်။ ဤသို့လှည့်ပတ်၍ ဆောင့်၍ မ ကြခြင်းမှာ မည်သည့် တန်ဆောင်တိုင်သည် ကစားခံသည်။ မည်သို့လှည့်လှည့် မည်သို့ ဆောင့်ဆောင့်၊ မကျိုးကြောင်း ပြလိုသည့်သဘောပင် ဖြစ်၏။ တန်ဆောင်တိုင်သည် အကယ်၍ အလယ်အူတိုင်က ၀ါးပျော့ဖြစ်ပါက ထိုတန်ဆောင်သည် ကျိုးကျတတ်၏။ ကိုင်းညွတ်သွားတတ်၏။ တစ်ပိုင်းနှင့်တစ်ပိုင်း သူသာသည့် အကြောင်း၊ ငါသာသည့်အကြောင်းကို ပအိုဝ်း ဘာသာဖြင့် စာချိုးကြ၏ မခံချင်အောင် စကြ၏။ ဤသို့ မခံချင်အောင် စကြသော်လည်း တစ်ဦးနှင့်တစ်ဦး ဟော့ဟော့ရမ်းရမ်း၊ ရန်ဖြစ်သည်ဟူ၍ မရှိကြပေ။ ကစားရာတွင်လည်း အလွန်အကျွံ မဖြစ်အောင် ရပ်ကွက်လူကြီးများက ကြပ်မတ်ပေးရသည်။ ထိန်းပေးရသည်။

တန်ဆောင်တိုင်ကို ဆောင့်၍ မကြသဖြင့် မတော်၍ ကျိုးသွားလျှင်သော် လည်းကောင်း၊ လူနည်း၍ မ မ နိုင်လျှင်သော် လည်းကောင်း တစ်ပိုင်းကို တစ်ပိုင်းက ကူညီ၍ မပေးကြသည်။ ကိုယ့်အပိုင်းနှင့်ကိုယ် လုပ်ကြသည်ဟု ဆိုသော်လည်း၊ ဒုက္ခရောက်သောအခါ စည်းစည်းလုံးလုံးဖြင့် ကူညီကြသည်မှာ၊ ပအိုဝ်း တိုင်းရင်းသားတို့၏ ချစ်စရာ ဓလေ့တစ်ခုပင် ဖြစ်ပါသည်။

တန်ဆောင်တိုင်ကို ညနေ ၂ နာရီမှစ၍ ဘုရားသို့ မ ၍ သယ်ကြသည်မှာ ညနေ ၃ နာရီခွဲမှ ဘုရားသို့ ရောက်လေသည်။ အမြန်သွားပါက ၁၀ မိနစ်ပင် မကြာချေ။ တန်ဆောင်တိုင်ကို မ ၍ သွားရင်း၊ တန်ဆောင်တိုင်ကို ချ၍ က ကြရင်းဖြင့်၊ တဖြည်းဖြည်းနှင့် သွားကြသည်။ တန်ဆောင်တိုင်ရှေ့တွင် သွားသော အမျိုးသမီး ကြာသင်္ကန်းအဖွဲ့သည် ဘုရားသို့သွားစဉ်က အတူတူပင် ဖြစ်သော်လည်း၊ အမျိုးသမီး ကြာသင်္ကန်း အဖွဲ့သည် စေတီတော်နှစ်ဆူကို လက်ယာရစ်၍၊ ဘုရားကို ကြာသင်္ကန်း ကပ်လှူကြ၏။ ထိုနောက် ထိုအမျိုးသမီး အဖွဲ့သည် ကြာသင်္ကန်း ကပ်ပြီး၍ ကိုးခန်းဇရပ်တွင် ထိုင်နေကြပြီ ဖြစ်သော်လည်း တန်ဆောင်တိုင်ကို သယ်လာကြသည့် အမျိုးသားအဖွဲ့သည် ရွာထိပ်မှာပင် ရှိနေသေးသည်။

တန်ဆောင်တိုင်ကို သယ်ရာတွင် ကြည့်ရှုကြသည့် ပရိတ်သတ် များလွန်းသဖြင့် ကျွဲရုပ်ထဲတွင် လူဝင်၍ကပြီး၊ လမ်းရှင်းပေးရသည်။ ကျွဲနှစ်ကောင်ကို အောင်ဘာလေကျွဲနှင့် ၀ိုက်ကြီးကျွဲဟု နာမည်ပေးထား၏။ ကျွဲနှစ်ကောင် ဝှေ့ကြသည့်အခါ အိုးစည်ကို အမြန်ဆုံး တီးပေးကြသည်။ ကြည့်ရှုကြသည့် ပရိတ်သတ်များမှာ အပြုံးကိုယ်စီဖြင့် ပီတိဖြစ်ကြရသည်။ လူငယ်ကာလသားများကလည်း အောင်မြင်မှု အထိမ်းအမှတ် အဖြစ် ကကြ ခုန်ကြ သူများမှာလည်း ရေလောင်းထားသည့်အလား တစ်ကိုယ်လုံး ချွေးစို့နေတော့၏။ ရပ်ကွက်လူကြီးများသည် တန်ဆောင်တိုင် လေးပင်စလုံး ဘုရားသို့ ရောက်မှသာ စိတ်ချမ်းသာကြရသည်။ ၀မ်းသာကြရသည်။ မိမိတို့တွင် တာဝန်ရှိသူများပီပီ၊ တန်ဆောင်တိုင်ဘုရားသို့ မရောက်ခင် တာဝန်ရှိသူများ ပီပီ၊ တန်ဆောင်တိုင်ဘုရားသို့ မရောက်ခင် ဘာများဖြစ်လေမည်နည်းဟူ၍၊ စိုးရိမ်စိတ်များ အောင်မြင်ပါမလား ဟူသော သံသယစိတ်များဖြင့် စိုးရိမ်ခဲ့ကြရသည်။ ဘုရားသို့ ရောက်သောအခါ ကိုးခန်းဇရပ်တွင် တန်ဆောင်တိုင်လေးပင်ကို စီတန်း၍ ထားရ၏။

နောက်တစ်နေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ညနေတွင် ပဒေသာ အသီးများ ဖြစ်သည့် လှူဖွယ်ဝတ္ထုများကို သံဃာတော်များအား မဲစနစ်ဖြင့် ကပ်လှူပူဇော်ကြပြီး တရားနာကြ၏။ ဤသို့ တန်ဆောင်တိုင်ပွဲတော်ကြီး ကျင်းပပြီးစီး ပွဲပြီးသောအခါ လူငယ်ကာလသားများက လူကြီးများအား ပအိုဝ်း ဘာသာဖြင့် ---

“ နိန်လေမှ၊ ထွားစိုင်းစိုင်း၊ မိုးဖြားသီးဖာဖြားသီး၊ ဖာနာင်သီး မိုးနာင်သီးနော၊ ဖေးနေးက ဟောင်တိုင်းဟန်နိန်ယို၊ နိသွန်းသီးအီကျိ စာလွေ၊ ဖေထိုင်းယန်းနော ”
(နောင်နှစ်မှ နောက်ထပ် သေသေချာချာ ထပ်ကြည့်ကြအုံးပေါ့ အဘိုး၊ အဘွား၊ ဦးလေး၊ ဒေါ်လေးတို့ ဒီနှစ်ထက် ပိုကောင်းအောင် ကျွန်တော်တို့ လူငယ်တွေ ဆက်ပြီးကြိုးစားပါ့မယ် ထပ်ပြီးအားပေးပါဦး)

ဤကား အောက်မြန်မာနိုင်ငံ တောင်ငူခရိုင်၊ ဇရပ်ကြီး ကျေးရွာရှိ ပအိုဝ်း တိုင်းရင်းသားတို့၏ တန်ဆောင်တိုင်ပွဲ ကျင်းပပုံပင်ဖြစ်၏။ အလှူဒါနပြုပွဲ သာမက ပျော်ပွဲရွှင်ပွဲဟုလည်း ခေါ်နိုင်ပါသည်။ နှစ်စဉ်ပင် တန်ဆောင်မုန်းလ ရောက်တိုင်း တန်ဆောင်တိုင်ပွဲကို ဆင်နွှဲကြသည်။

နတ်တော်လတွင်း “ ခေါပုတ် ” ခေါ် ကောက်ညှင်းထောင်းပွဲကို ကျင်းပကြသည်။ ဤကောက်ညှင်းထောင်းပွဲကို ည ၇ နာရီ၊ ၈ နာရီခန့်တွင် ပြုလုပ်လေ့ ရှိသည်။ ဤတွင် ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိတို့ လယ်မှထွက်သော ကောက်ညှင်းဆန်သစ်များကို ချက်ပြီး၊ ထောင်းကြ၏။ ထိုနောက် အပြင်အလိုက် အပြားဝိုင်းများကို ပြုလုပ်၏။ စားစရာတွင် လက်နှင့် မကပ်စေ၇န် နှမ်းမှုန့်ကို ဖြူးပေးရသည်။ ကောက်ညှင်းထမင်းဖြင့် ထောင်းထားသည့် “ ခေါပုတ် ” ကို ကြံသကာရည်ဖြင့် တို့၍ စားရ၏။ ငါးခြောက်ကလေးများကိုလည်း ကြော်၍ ငါးခြောက်ကြော်ဖြင့် စားလေ့ရှိသည်။ နံနက်တွင် ညက ပြုလုပ်ထားသော “ ခေါပုတ် ” ကို ဘုန်းကြီးကျောင်းသို့ အရင်ပို့ပြီး သက်ကြီးရွယ်ကြီးနှင့် အိမ်နီးနားချင်း အိမ်များသို့ လိုက်လံပို့၍ ကုသိုလ် ပြုကြသည်။

ပြာသိုလတွင် “ စော်ယာကု ” ခေါ် ယာဂုပွဲတော်ကို နွှဲပျော်ကြ၏။ အိမ်တိုင်းလိုလို ကောက်ညှင်းဆန်ကို ချက်ပြီး ကြံသကာရည်နှင့် ရောရ၏။ ထိုနောက် ဗန်းများဖြင့် အပြင် ပြုလုပ်ကြသည်။ ပြုလုပ်ထားသည့် အပြင်များ ပေါ်တွင် လှော်ပြီးသော မြေပဲကို အခြမ်းလိုက် နှစ်ထား၏။ အချို့လည်း လှော်ပြီးသား မြေပဲကို ထောင်း၍ အပြင်ပေါ်တွင်ဖြူးကြ၏။ ထိုနောက် ကောက်ညှင်းပြင် ကိုလှီးဖြတ်၍ ဘုရားကို ဆွမ်းတော်တင်ခြင်း၊ ဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း၊ ရွာတွင်းရှိ အိမ်နီးနားခြင်းများ၊ သက်ကြီးရွယ်အိုများသို့ လှူဒါန်းခြင်းများ ပြုလုပ်ကြလေသည်။

တပို့တွဲလတွင် ပအိုဝ်း တိုင်းရင်းသားတို့သည် တောတွင်းသို့ လှည့်လည်ကာ စုပေါင်းပြီး ထင်းရှာပွဲ ပြုလုပ်ကြ၏။ တောတွင်းသို့ သွား၍ ထင်းများ၊ သစ်ခေါက်များ ရှာဖွေစုဆောင်း၍ ဘုန်းတော်ကြီးကျောင်းသို့ လှူဒါန်းကြ၏။ ဤလသည် အလွန် အေးသဖြင့်၊ သံဃာတော်များ အအေးဒဏ်မှ ကာကွယ်နိုင်စေရန်၊ မီးလှုံနိုင်ရန် အတွက် ထင်းများကို လှူလေ့ရှိ၏။ တပို့တွဲလတွင် “ ခရဲ ” ခေါ် မီးပူဇော်ပွဲကို ကျင်းပကြ၏။

“ ခရဲ ” ဆိုသည်မှာ မီးပူဇော်သည့် မီးတိုင်ကြီးတစ်မျိုး ဖြစ်၏။ “ ခရဲ ” ခေါ် မီးပူဇော်ပွဲကို တပို့တွဲလပြည့်ညတွင် ပြုလုပ်ကြသည်။ ခရဲမီး ပြုလုပ်ပုံမှာ “ ကလော ” ခေါ် ကျူပင်ငယ် တစ်မျိုး၏ ရိုးတံများကို ၀ါးနက်ဝါး အူတိုင်တွင်၊ ကန်တော့ ထုချွန်သဖွယ် အထပ်ထပ် စည်းကြပ်ချည်နှောင်ထား၏။ ဤထုချွန်ကြီးပေါ်တွင် ၀ါးစိမ်းလေးလုံးဖြင့် ထပ်မံ၍ လေးဘက်လေးတန် ထိန်းချုပ်တွယ် နှောင်ထား၏။ ကန်တော့အခြေမျက်နှပြင်တွင်လည်း တစ်တောင်ခန့်အရှည်ကို ထုတ်ထား၏။

ဤခရဲခေါ် မီးတိုင်ကြီး တစ်ခုလုံးသည် အရှည် ၁၀ တောင်မှ ၁၅ တောင်အထိ ရှိတတ်ပြီး၊ အခြေဖက် မျက်နှာပြင်အ၀ိုင်းသည် အချင်းတစ်ပေမှ တစ်ပေခွဲ အထိ ရှည်လေသည်။ ကန်တော့ချွန်ရိုး တံစည်းကြိုးတွင် ကြိုးကွင်းများကို သီးသန့် ချည်နှောင်ထား၏။ ကြိုးကွင်းများတွင် ထမ်းပိုးများလျှိုကာ တစ်ဖက် တစ်ချက်စီ ထမ်းပိုးသယ်ဆောင်ကြလေသည်။

အမျိုးသားများသည် “ ခရဲ ” များကို မိမိတို့ အဖွဲ့အလိုက် သယ်ဆောင်ကြ၏။ စေတီရင်ပြင်တော်ပေါ်သို့ ရောက်သောအခါ၊ တစ်ဖက်နှင့်တစ်ဖက် မခံချင်အောင် ပြောင်လှောင်ကြ၏။ တစ်ဖွဲ့နှင့်တစ်ဖွဲ့လည်း မီးတိုင်းချင်င်းကို အပြန်အလှန်ပြေး၍ ထိပ်ချင်းတိုက်ကြသည်။ ပရိတ်သတ်များသည် မီးတိုင်ရော လူများပါလဲအောင် တိုက်နိုင်သည့်အဖွဲ့ကို သြဘာပေးကြသည်။

ဤသို့ မီးတိုင်ချင်း တိုက်ကြသော်လည်း အခိုင်အခံ့ ပြုလုပ်ထားသဖြင့် ပျက်စီးခြင်း မရှိနိုင်ပေ။ သို့သော် အချို့ကမူ မိမိတို့၏ မီးတိုင်အစွန်းရှိ ၀ါးစိမ်းလေးချောင်းကို အတွင်းသို့ ကုပ်ထားသဖြင့် တစ်ဖက်မီးတိုင်၏ အခြေကို ထိခိုက်ပျက်စီးစေနိုင်ပေသည်။

မီးတိုင်ချင်း ထိပ်တိုက်ရာတွင် လူကိုထိခိုက်မှု မရှိနိုင်စေရန်၊ ထမ်းပိုးဝါးလုံးများ ရှည်မှသာ၊ လူကြီးများက ခွင့်ပြုလေသည်။ ဤသို့ မီးတိုင်ချင်း ထိပ်တိုက်ခြင်းသည် အပျော်အပါးနှင့် စွမ်းအင်ပြိုင်မှု သက်သက်သာ ဖြစ်၏။ မီးတိုင်ချင်း ထိပ်တိုက်ပွဲများကို ည ၉ နာရီလောက်တွင် ရပ်စဲကြ၏။

ထိုနောက် မီးတိုင်များကို စေတီတော် ပတ်လည်တွင် အသင့်တူးထားသော တွင်းများတွင်၊ အခြေ၀ါးများအတိုင်း စိုက်ပြီး မီးရှို့ ပူဇော်ကြသည်။ “ ကလော ” ခေါ် ကျူပင်တစ်မျိုး၏ ရိုးတံသည် ကောက်ရိုး၏ သဘောအတိုင်းပင် ဖြစ်၏။ မီးရှို့စတင်သည်မှာ ၂၄ နာရီမျှ ကြာမြင့်စွာ မီးတငွေ့ငွေ့ လောင်ကျွမ်းလေသည်။ မီးလောင်ကျွမ်းနေစဉ် ပေါက်ကွဲသံများ ထွက်ပေါ်စေရန်လည်း၊ ၀ါးလုံးစိန်းများကို ထည့်သွင်းထားတတ်ကြသည်။

ပအိုဝ်း တိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများပီပီ၊ တပေါင်းလတွင် သဲပုံစေတီပွဲနှင့် စေတီပုထိုးများတွင် တပေါင်း ဘုရား ပွဲတော်ကို ကျင်းပကြသည်။ တပေါင်းဘုရားပွဲတော်ကို ကုသိုလ်ပြုရင်း၊ ဖူးမြော်ကန်တော့ရင်း ပျော်ရွှင်စွာ ဆင်နွှဲကြသည်။ ထို့ပြင် တပေါင်းလတွင် ပဉ္ဇင်းတက်ပွဲ၊ ရဟန်းခံပွဲ တို့ကိုလည်း ကျင်းပလေ့ရှိ၏။ ကျင်းပပုံမှာလည်း မြန်မာများ ကျင်းပပုံနှင့် ဆင်လေသည်။ ရှင်ပြုပွဲ၊ ပဉ္ဇင်းတက်ပွဲများကို ကျင်းပခြင်းဖြင့် မိဘတို့ဝတ္တရား ကျေပွန်သည်။ ပဉ္ဇင်းတက် - ရဟန်းခံသူ ယောက်ျားလေး များကလည်း ဘုန်းကံရှင်များ ဖြစ်လာသည်ဟု ယုံကြည်ကြလေသည်။

အချုပ်အားဖြင့်ဆိုလျှင် ပအိုဝ်း တိုင်းရင်းသားတို့ ကျင်းပသော ရာသီပွဲတော်များသည် ဗုဒ္ဓဘာသာဝင်တို့၏ အယူအဆအရ ကုသိုလ်ဒါန ပြုခြင်းဖြင့် နိဗ္ဗာန်ရောက်နိုင်သည်ဟူသော ယူဆချက်များကို လိုက်နာပြီး ဆောင်ရွက်ကြသည့် ဘာသာရေး ပွဲတော်များပင် ဖြစ်ပေသည်။ ထို့ကြောင့် ပအိုဝ်း တိုင်းရင်းသားတို့၏ ရာသီပွဲတော်များသည် ပျော်ရွှင်မှုကိုသာ ဦးမတည်ဘဲ ကုသိုလ်ဒါန ပြုရေးကိုသာ ဦးတည်ကြောင်း တွေ့ရပေသည်။ ကုသိုလ်ဒါန ပြုရေးကိုသာ ဦးတည်ကြောင်း တွေ့ရပေသည်။ ကုသိုလ်ဒါန ပြုရာတွင် လူငယ်ပိုင်းက ၀ိုင်းဝန်းကူညီ လုပ်ဆောင်ကြရာ၌၊ မငြီးငွေစေရန် ပျော်ပွဲရွှင်ပွဲ များကို ထည့်သွင်းတတ်ကြလေသည်။

1 comments:

Post a Comment