ပအိုဝ်း တိုင်းရင်းသားတို့တွင် ဗေဒင်ယုံကြည်မှု ရှိကြသည်။ နာမကျန်းဖြစ်ခြင်း၊ စီးပွားအလုပ်အကိုင် ကျဆင်းခြင်း စသည့် အခါမျိုးတွင် မိမိတို့ရိုးရာ ဗေဒင် ဆရာများကိုခေါ်၍၊ “ ဘင် - မေ ” ခေါ် မီးထွန်းညှိ၍ ယတြာချေကြသည်။ “ ဗန် - ၃၃ ” ၊ “ ဗန်ကုလာ ” ၊ “ ဗန်လမိုင် ” စသည်ဖြင့် ရိုးရာဗေဒင်များ ရှိကြသည်။ ရိုးရာဗေဒင်များအနက် “ ဗန် - ၃၃ ” မှာ ထင်ရှားပြီး၊ လူသုံးများ၏။ ရွာတိုင်းလိုလို ကျင့်သုံးမှု ရှိကြသည်ကို တွေ့ရ၏။ ကျွဲ၊ နွား ပျောက်ဆုံးခြင်း၊ ရွှေ ငွေ ပစ္စည်းဥစ္စာ ပျောက်ဆုံးခြင်း၊ အရောင်းအ၀ယ်၊ ကျန်းမာရေး၊ အမဲလိုက်ခြင်း စသည်တို့ကို ဟောနိုင်လေသည်။ သူခိုး၊ ဓားပြ များလည်း ကြည့်သဖြင့် အချို့က “ သူခိုးဗန် ” ဟုခေါ်ကြ၏။ “ ဗန် ” ဟော၍ မှန်ဘူသည် စီးပွားမဖြစ်ဘဲ လာဘ်ပိတ်သည်ဟု အယူရှိကြလေသည်။ “ ဗန် ” ဟောသည်ကို ပအိုဝ်း တိုင်းရင်းသားတို့က “ ထွားဗန် ” ဟုခေါ်၏။

“ ဗန် - ၃၃ ” ခြင်္သေ့ ကြည့်သောနည်းဟု ဆို၏။ ခြင်္သေ့၊ ကျား ကြောင် သတ္တ၀ါတို့သည် မိမိတို့သွားမည့် အရပ်မျက်နှာသို့ ချက်ချင်း မသွားဘဲ သွားသင့် မသွားသင့်ကို “ ဗန် ” ကြည့်ကြသည်ဟုဆို၏။ “ ဗန် - ၃၃ ” ခေါ် ဗေဒင်နှင့် ပတ်သက်၍ ပုံပြင်ရှိလေသည်။

တစ်ခါတုန်းက မောင်နှမနှစ်ယောက်ရှိ၏။ တစ်ယောက်က အစ်ကို၊ တစ်ယောက်က နှမ ဖြစ်၏။ သူတို့မောင်နှမ လူမှန်းသိတတ်စ အချိန်တွင် မိဘနှစ်ပါး ကွယ်လွန်သွားကြသည်။ သူတို့နေသည့် လည့်ရွာသည် ရွာငယ်ဖြစ်သဖြင့် လူဦးရေနည်း၏။ သစ်တောထူထပ်သဖြင့် ရွာပတ်ဝန်းကျင်တွင် သစ်ပင်ဝါးပင် တို့ဖြင့် အုံ့ဆိုင်းနေ၏။ တောထဲတွင် သားရဲတိရိစ္ဆာန်များ ခိုအောင်းသဖြင့် ရွာပတ်ဝန်းကျင်တွင် သားရဲတိရိစ္ဆာန်များ သွားလာကျက်စားလျက် ရှိကြ၏။ သူတို့မောင်နှမ သားရဲတိရိစ္ဆာန်ကို မြင်နေကျဖြစ်၍ မကြောက်ပေ။ တိရိစ္ဆာန်ငယ်များသည် တိရိစ္ဆာန်ကြီးများကို ကြောက်သဖြင့် လူအနီး၊ ရွာအနီး ပြန်လာ နေကြ၏။ ရွာအနီးနားတွင် ပြန်နေသော်လည်း တစ်ခါတစ်ရံ ခြင်္သေ့၊ ကျားတို့ ကိုက်တတ်သေး၏။ ခြင်္သေ့၊ ကျားတို့ လိုက်ပါက လူတို့အနီးသို့ ပြေးလာလျှင် အန္တရာယ်မှ လွတ်လေသည်။

မောင်နှမ နှစ်ယောက်သည် ရွာ၏ မြောက်ဘက်တွင် နေ့တိုင်း တောင်ယာသွားလုပ်၏။ တောင်ယာသို့ သွားသည့်လမ်းဘေး ၀ဲယာတွင် ခြင်္သေ့၊ ကျား တို့ကို တွေ့၏။ ခြင်္သေ့၊ ကျား တို့သည် နံနက်တိုင်း တစ်စုံတစ်ခု ကြည့်နေသည်ကို တွေ့၏။ နံနက်တိုင်း တွေ့နေသဖြင့် “ ဘာလုပ်တာပါလိမ့် ” “ ချောင်းကြည့်ဦးမှပဲ ” ဟု အကြံဖြစ်ပြီး နောက်တစ်နေ့ နံနက်တွင် ချောင်းကြည့်လေသည်။

လူရွယ်သည် ခြင်္သေ့တစ်စုံတစ်ခု ကြည့်နေသည့် နေရာနှင့်၊ မနီးမဝေး သစ်ပင်ပေါ်သို့ တက်လေ၏။ သူ့အထက် သစ်ကိုင်းတွင် ရေဗူးကိုချိတ်ပြီး၊ ခြင်္သေ့ အလာကို စောင့်နေလေ၏။ မကြာမီ ခြင်္သေ့ရောက်လာပြီး၊ ခါတိုင်းမနက်ကဲ့သို့ပင် တစ်စုံတစ်ခုကို ကြည့်ရာ “ ရေရဲ့အောက်၊ မြေကြီးရဲ့အပေါ်၊ သစ်ပင် အနီးအနားမှာ ရန်သူရှိတယ် ” ဟု သူကြည့်နေသည့် အရာက ဟောလေ၏။ မကျေနပ်သဖြင့် သုံးခါတိုင်ကြည့်ရာ၊ အတူတူပင် ဟောလေ၏။ ခြင်္သေ့မှာ မတွေးတတ်အောင်ဖြစ်နေပြီး၊ “ ဒီ - ဗန် - ဟာ သားကောင်တွေရှိတဲ့ နေရာကို မပြဘူး၊ ငါ့ကို ညာတာဘဲ ” ဟု ဆိုပြီး သူကြည့်နေသည့် “ ဗန် ” ကို ထားခဲ့ပြီး ပြန်သွားလေ၏။

ခြင်္သေ့ထွက်သွားသောအခါ လူရွယ်သည် ခြင်္သေ့ “ ဗန် ” ကြည့်သည့်နေရာကို ဆင်းကြည့်၏။ လူရွယ်သည် ခြင်္သေ့ “ ဗန် ” ကြည့်ပုံ၊ “ ဗန် ” ဟောပုံကို တွေ့သွား၏။ လူရွယ်သည် မြက်ပင် ၀ါးခြမ်းငယ်လေးများ ပြုလုပ်၍ ခြင်္သေ့ကြည့်သကဲ့သို့ ကြည့်ရာ၊ မှန်သည်ကို တွေ့ရ၏။ ထိုလူရွယ်မှတစ်ဆင့် “ ထွားဗန် ” ခေါ် ဗန်ကြည့်သည့် ဓလေ့ ပွားလာသည်ဟု ပအိုဝ်းတိုင်းရင်းသားတို့ ပြောစမှတ်ပြုကြသည်။

“ ဗန် ” ကြည့်လိုပါက၊ တုတ်ချောင်း ၃၃ ချောင်းကို စုဆောင်း၍ ကြည့်ရ၏။ ထို့ကြောင့် “ ဗန် - ၃၃ ” ဟုလည်းခေါ်ကြ၏။ တုတ်ချောင်းများမှာ ဘောပင်ခန့် ရှိပြီး၊ အရှည် (၆)လက်မခန့်ရှိ၏။ ဗန် ၃၃ ချောင်းကို ပြုလုပ်ကြည့်ရှုလိုပါက ဘောပင်အရွယ် ဖြူမွှေးတစ်ချောင်း၊ သက်ကယ်တစ်ချောင်း၊ ဘုန်းကြီးပျံသင်္ဂြိုဟ်ရာတွင် ဘုန်းကြီးပျံ ရုပ်ကလာပ်ကို ထိုးခံသော “ ၀ါးတံစို့ ” ခေါ် ၀ါးတစ်ချောင်း၊ ခိုးယူရသော မုဆိုးမ ယောက်မတစ်ချောင်း၊ အချည်လွတ်နေသော ကျားကန်ဝါးတစ်ချောင်၊ လမ်းဘေးတွင် လမ်းကို ကျော်လျှင် မြေထိအောင် ညွှတ်ကျနေသော ၀ါးတစ်ချောင်း စသည်တို့ကို ဘောပင်အရွယ်ပြု၍ တစ်ချောင်းစီ ထည့်ရ၏။

“ ထွားဗန် ” ခေါ် ဗန်ကြည့်လိုပါက၊ အထက်ဖော်ပြပါ အတိုင်း ပြည့်စုံအောင် စီရင်ထားသော တုတ်ချောင်း ၃၃ ချောင်းကို မိမိကြည့်လိုရာကို ဓိဋ္ဌာန်၍ ကြည့်ရ၏။ “ ဗန် - ၃၃ ” ချောင်းကို လက်ဖ၀ါးတွင် အသာထောက်၍ သုံးကြိမ်သုံးခါ မွှေရ၏။ ထိုနောက် “ ဗန် - ၃၃ ချောင်း ” ကို သုံးပုံပုံကာ၊ အချောင်းကို ရေတွက်ပြီး ဟောရသည်။ “ ထွားဗန် ” ခေါ် ဗန်ကြည့်သည့် ဓလေ့ကို ပအိုဝ်းကျေးရွာတိုင်းလိုလို၌ ယနေ့တိုင် ကြည့်၍ လိုက်နာကြသည်ကို တွေ့ရပေသည်။

0 comments:

Post a Comment