လက်ဆောင်ပစ္စည်းပေးခြင်း

အမျိုးသမီးသည် မိမိအချစ်ကို လက်ခံလျှင် အမျိုးသားသည် မင်္ဂလာကြေးအဖြစ် လက်ဆောင်ပစ္စည်း ပေးရလေသည်။ အမျိုးသမီးသည် အမျိုးသား၏ လက်ဆောင်ပစ္စည်းကို လက်ခံလျှင် အမျိုးသားက အမျိုးသမီးသည် မိမိ၏အချစ်ကို လက်ခံကြောင်းနားလည်ရ၏။ လက်ဆောင်ပစ္စည်းပေးခြင်း လက်ဆောင်ပစ္စည်း လက်ခံခြင်းသည် အမျိုးသားရော အမျိုးသမီးပါ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိစွာ ချစ်ကြမည် ဟူသည့် ကတိထားခြင်းတစ်မျိုးပင် ဖြစ်ပေသည်။

ရှေးအခါက မည်သည့်ဒေသမှ ပအိုဝ်း တိုင်းရင်းသားများမဆို လခြမ်းပုံသဏ္ဌာန် ရှိသည့်ထုံးဘူးကို ပေးလေ့ရှိကြ၏။ ယခုအခါ ထုံးဘူးဖြင့် လက်ဆောင် ပစ္စည်းပေးခြင်းကို မဲနယ်တောင် (ဟိုပုံမြို့နယ်) ဒေသလောက်တွင်သာ တွေ့ရတော့သည်။ ထုံးဘူး ပေးသောဓလေ့မှာ ပအိုဝ်း တိုင်းရင်းသားတို့သည် ကွမ်းကို အမြတ်တနိုး စားကြသဖြင့် ကွမ်းစားသည့်အခါတိုင်း သတိရစေလိုသည့် ရည်ညွှန်းချက်ပင် ဖြစ်ပေသည်။ ထို့ကြောင့် ရှေးအခါက ထုံးဘူးကို ရွှေ၊ ငွေ၊ ကြေး၊ ဘော် တို့ဖြင့် ပြုလုပ်၍ အမြတ်တနိုး ပေးကြသည်။

အမျိုးသားတို့သည် မိမိတို့ထုံးဘူးထဲတွင် ကွမ်း၊ ကွမ်းသီး၊ ရှားစေ တို့ကို ထည့်ထားတတ်ကြသည်။ ထုံးကိုမူ အခြားတစ်ဘူးထဲတွင် သပ်သပ်ထည့်ထား တတ်ကြသည်။ ထို့ကြောင့် အချို့လူပျိုလှည့်ရာတွင် ထုံးဘူးနှစ်ဘူး (တစ်စုံ) ပါလေသည်။ ထိုထုံးဘူး နှစ်ဘူးအနက် နှစ်ဘူးစလုံးဖြစ်စေ၊ ကြိုက်ရာဘူးကို ဖြစ်စေ ပေးနိုင်၏။ ထိုခေတ် ထုံးဘူးများသည် ပန်းကွက် ပန်းပြောက်များဖြင့် စီခြယ်ထားကြသည်။

ပင်လောင်းမြို့နယ်တွင် ရွှေဆံထိုး၊ ရွှေဖက်လိပ်နားတောင်း၊ နားသန်သီး၊ ဆွဲကြိုး စသည်တို့ကို ပေးကြလေသည်။ ဟိုပုံးမြို့နယ်ရှိ ကျောက်တန်း ဒေသတွင်မူ၊ ရွှေကိုအဓိကထား၍ ပေးတတ်ကြသည်။ ရွှေချိန်တစ်ဆယ်သားအထိ ငွေကြေးချမ်းသာသည့်အလျောက် ပေးတတ်ကြသည်။

ရွှေကိုပေးရာတွင် ပတ္တမြား၊ နီလာ စသည့် ကျောက်မျက်ရတနာများ မပါသော လက်ဝတ်တန်ဆာများကိုသာ ပေးကြသည်။ အချို့က ကျောက်မျက် ရတနာများသည် အမျိုးသမီးများထက် မြင့်မြတ်၍ ပေးရန်မသင့်လျော်ဟု ယူဆကြသည်။ တောင်ကြီးမြို့ တောင်ဘက်ရှိ နောင်ကားတိုက်နယ် ဒေသတွင်မူ လက်ဆောင်ပစ္စည်းအဖြစ် ငွေဒင်္ဂါး ဘော်ထည်၊ ရွှေဆံထိုး၊ ငွေဆံထိုးများကို ပေးကြသည်။

အမျိုးသားသည် အမျိုးသမီးကို လက်ဆောင်ပစ္စည်း ပေးရာတွင် တိုက်ရိုက်ပေးလေ့ မရှိပေ။ အများအားဖြင့် အမျိုးသားသည် လူပျိုလှည့်ရင်း မီးဖိုနံဘေးတွင် ချထား၏။ အမျိုးသမီးသည် နှစ်သက်သဘောကျပါက ယူရသည်။ ယာတောအလုပ်ခွင်တွင်မူ အမျိုးသမီး မြင်လောက်သည့်၊ သနပ်ဖက်ပင်အကိုင်း လက်ဖက်ပင် အကိုင်းတွင် ထားပေးရသည်။ အမျိုးသားက လက်ဆောင်ပစ္စည်းကို တင်နေစဉ် အမျိုးသမီးက မသိမမြင်ဟန်ပြုကာ အိနြေ္ဒဆောင်နေတတ်ကြသည်။ အမျိုးသား မလှမ်းမကမ်းသို့ ရောက်သွားသောအခါ နှစ်သက်ချစ်ခင်ပါက ယူရ၏။ မနှစ်သက်ပါက၊ ပြန်ယူသွားရန် ပြောလေသည်။ အမျိုးသမီးသည် အမျိုးသား၏ လက်ဆောင်ပစ္စည်းကို လက်ခံထားပြီဆိုလျှင် အမျိုးသားသည် ညတိုင်းလာရောက်၍ ချစ်စကား ကြိုက်စကားများ ရေပက်မ၀င်အောင် ပြောနိုင်လေသည်။

အကယ်၍ နောင်တွင် မေတ္တာပြယ်လာပါက အမျိုးသားသည် မိမိပေးထားသော လက်ဆောင်ပစ္စည်းကို ပြန်၍တောင်းနိုင်၏။ သို့သော် အမျိုးသားက မေတ္တာပြယ်၍ ပြန်တောင်းခြင်းမျိုးကို အမျိုးသမီးများက ပြန်၍ မပေးချင် တတ်ကြပေ။ အမျိုးသမီးကစ၍ မေတ္တာပြယ်လျှင်မူ “ တို့အိမ်ထောင်ပြုချိန် မရောက်သေးဘူးဟု ” ဆိုကာ မူယာမာယာသုံး၍ ပြန်ပေးတတ်ကြ၏။

အမျိုးသမီးသည် မိမိတွင် လက်ဆောင်ပစ္စည်း လက်ခံထားသည့် မေတ္တာမျှပြီးသူ ရှိပြီးဖြစ်သော်လည်း၊ မိမိကြိုက်နှစ်သက်သော အမျိုးသား၏ လက်ဆောင်ပစ္စည်းကို လက်ခံနိုင်သေးသည်။ သို့သော် နည်း၏။ မိမိတွင် ချစ်သူရှိပြီးဖြစ်၍သော် လည်းကောင်း၊ လက်ထပ်တော့မည့် အချိန်မျိုးတွင်သော် လည်းကောင်း အမျိုးသား၏ပစ္စည်းကို လက်ခံလေ့ မရှိတော့ပေ၊ “ တစ်ယောက်နှင့်တစ်ယောက် မေတ္တာရှိနေကြတာပဲ လက်ဆောင်ပေးစရာ မလိုပါဘူး ” ဟူ၍ လေချိုသွေးတတ်လေသည်။ အမျိုးသမီးက စတင်စိတ်ဝင်စားလျှင် အမျိုးသမီးကပင်စ၍ လက်ဆောင်ပစ္စည်း တောင်းလေသည်။

အမျိုးသားပစ္စည်းကို လက်ခံထားသော အမျိုးသမီးသည် အိမ်ထောင်ပြုသွားပါက အမျိုးသားက တရားစွဲလျှင် အမျိုးသမီးသည် အမျိုးသားပစ္စည်းတန်ဖိုး သုံးဆကို ပေးလျော်ရလေသည်။ အမျိုးသားကလည်း မိမိချစ်သူ အခြားအမျိုးသား တစ်ယောက်နှင့် လက်ထပ်တော့မည်ဟူသော သတင်းကြားလျှင် မိမိပေးထားသော လက်ဆောင်ပစ္စည်းကို ပြန်၍တောင်းလေသည်။ အမျိုးသမီးသည် လက်ဆောင်ပစ္စည်းကို ပြန်မပေးမခြင်း လက်ထပ်ခွင့် မရှိပေ။

0 comments:

Post a Comment